Thursday, September 25, 2025

"မေတ္တာ"

 

အလိုလိုကြွေကျလာဖို့
တံချူဘေးထားပြီး
မျှော်လင့်နေတတ်သူဟာ
ပန်းကလေးအကျနာသွားမလား
ပူပန်မှုများစွာ...။
  
စကားဝှက်လဲသိတယ်
မြေပုံလဲရှိတယ်
သူ့အလိုလို
တံခါးတွေပွင့်ဖို့
ရပ်စောင့်နေမိသူပါ....။
 
တံခါးလေးပွင့်ဟလာသလို
ပန်းကလေးလှုပ်ခတ်သွားသလို
ထင်ယောင်မြင်ယောင်ရင်း
ယုံကြည်ချက်
လေပေါင်ဖြည့်ရ....။
 
ပန်းကလေးရေ
တံခါးလေးရေ
လမ်းကလေးရေ....။
 
အလိုမတူပဲ
ဆံချည်တမျှင်တောင်
မပိုင်လိုခဲ့ပါဘူး.....။
 
မနက်ခင်းတိုင်းကို
ပန်းကလေးခုန်ဆင်းလာမလား
Jazz တေးသွားနဲ့နိုးထ....။
 
ပြီးတော့
ပန်းအိုးလှလှလေးတခုမရှိကြောင်း
ငိုချင်းနဲ့ အိပ်ယာဝင်တယ်....။
 
မျှော်လင့်ချက်အကူနဲ့
အသက်လုနေရ
မနက်ဖြန်များပါပဲ...။
 



Tuesday, September 2, 2025

"စီးချင်း"

ကံကြမ္မာကတော့ 

နှစ်ယောက်လုံးကို အလဲထိုးတာပါပဲ
ချစ်ခြင်းမေတ္တာကို ရှုသွင်းပြီး

ရှင်သန်ခြင်းကို ပြန်ထုတ်နေရတယ်

မခွဲနိုင်မခွာရက် လက်ကျန်ကာလများ...


နှစ်ယောက်လုံး ချိန်းဆိုထားပြီးမှ

အဆက်အစပ်မရှိတဲ့ ဇာတ်ညွှန်းများ

ခင်ဗျားသဘောကျတတ်တဲ့ 

ပေါ့ပေါ့ပါးပါးဟာသ ဆိုပါတော့

နည်းနည်းတော့များတယ် ကိုယ့်ဆရာ

ပျော်ရဲ့မဟုတ်လား.....


လက်ဖဝါးနှစ်ဖက်ဖျတ်ကနဲ ရိုက်လိုက်တုန်းက 

အဆိပ်ကသပ်သပ် ပန်းကသပ်သပ် 

ဖြစ်ခဲ့ကြပြီးမဟုတ်လား အချစ်ရဲ့


စိတ်ကူးနဲ့လှမ်းမျှော်ကြည့်တိုင်း 

မင်းခေါင်းပေါ်က ပန်းလေးက လှတယ်


ဇာတ်လမ်းက ကြေကွဲစရာဆိုပေမဲ့ 

အရာတိုင်းက ခမ်းနားခဲ့ပါတယ်

တယောက်က ပျော်ရွှင်ဖွယ်ဇာတ်ဝင်တေးတွေဆိုမယ်

တယောက်က ခပ်ဝေးဝေးက လက်ခုပ်တီးမယ်


တစ်ကိုယ်စာလမ်းကလေး..

ငါ့အနမ်းနဲ့ မှော်သွင်းထားတဲ့ 

မင်းခြေဖဝါးတွေနဲ့

နှစ်ယောက်အတွက်စီးဆင်းခဲ့တယ်


စစ်ပွဲဆိုတာ တယောက်ထဲ ကျန်ခဲ့ရင်လည်း

အနိုင်ရတာပဲမဟုတ်လား ... အချစ်ရယ်...


'GMR'

Thursday, August 28, 2025

ပထမဆုံးအနမ်း

နမ်း လို့ ရ မ လား....

ညင်ညင်သာသာမေးလာတဲ့ မောင့်ကို

 နမ်းခွင့်ပေးလိုက်ရမှာလား

ငြင်းဆန်လိုက်ရမှာလား

ဒါမှမဟုတ်... 

ကျမက ပြန်နမ်းလိုက်ရမှာလား 

မောင့်ကို ကျမ လုံး၀ မနမ်းသင့်ဘူးလား

တစ်သက်စာ တောင့်တခဲ့တဲ့ ဒီနှုတ်ခမ်းတွေကိုလည်း 

ဘယ်တော့မှ နမ်းဖြစ်တော့မှာ မဟုတ်ဘူးလား... 

အနှစ် ၂၀ ရဲ့ ပထမဆုံးအနမ်းဖြစ်လေမလား

ဒါမှ မဟုတ်.... 

တစ်ဘ၀စာအတွက် နောက်ဆုံးအနမ်းဖြစ်လေမလား 

နှုတ်ခမ်းတွေကို သို၀ှက်သိမ်းဆည်းထားရင်း
 
ခံစားချက်တွေကို  ကျစ်ကျစ်ပါအောင် သိမ်းထုတ်ပိုးထားလို့

တုန်ယင်ရင်မောစွာ 

ခေါင်းငုံ့  ဝေခွဲ မရ ဖြစ်နေမိခိုက်...

......

....... 

မောင်ဟာ  ကျမအတွက်

တစ်သက်စာ မမေ့နိုင်တော့မယ့်

ပထမဆုံး အနမ်းတစ်ခုကို  

ပေးဆပ်လက်အပ်ခဲ့ပါတော့တယ်.....

Tuesday, August 26, 2025

ကျနော် နဲ့ အပြာရောင်ပိုးခြေအိတ်ကလေး အကြောင်း (၂)

 (၄)

ကျနော် ဘားဆိုင်ထဲကို ရောက်သွားတော့ လုပ်ဖော်ကိုင်ဖက်တွေက အံ့သြတဲ့ မျက်နှာနဲ့

ကြည့်နေတယ်။ ကျနော် အရက်သောက်ရင် ယားယံတတ်တဲ့ အကျင့်ရှိမှန်း သိထားတဲ့

သူငယ်ချင်းကတော့ ကျနော့ကို နားမလည်နိုင်စွာ ကြည့်လို့ ။

 
အရက်သောက်ဖို့သက်သက်တော့ မဟုတ်ဘူးထင်တယ်”

အေးကျနော်လည်း ခပ်ပေါ့ပေါ့ပဲ ဖြေလိုက်တယ်။

ရုံးကိစ္စ ပြောစရာ ရှိလို့လား

ဟ မင်းတို့ရော ဘာလို့လာတာလဲ”
ကျနော့ အဖြေနောက်မှာ အားလုံးဘယ်လိုသဘောပေါက် သွားတယ် မသိဘူး။

မင်း အဖြူလား အညိုလား အဝါလား

ဘာဖြစ်ဖြစ်ကွာ..

အိုကေ”


ခဏနေတော့ အဲဒီသူငယ်ချင်းရဲ့ အားထုတ်မှုနဲ့ ကျနော်တို့ဝိုင်းကို ကျနော်တို့နဲ့

ဘယ်တုန်းကမှ မသိခဲ့တဲ့ ‘လူမ’ တွေ ရောက်လာတယ်။ ဘားဆိုင်ထဲက ညနေခင်းမှာတော့ ကျနော့

က မင်းသားဖြစ်နေမယ် ထင်ပါတယ်။ အရင်က သူတို့နဲ့ ကော်ဖီဆိုင်လောက်သာ

အဖော်ခေါ်လို့ ရတဲ့ကောင်တစ်ကောင် နဲ့ အရက်ထိုင်သောက်ရတယ်။ ကံကောင်းရင်

ကျနော်နေတဲ့ တိုက်ခန်းဟာ သူတို့အတွက် အိပ်ယာဖိုး မကုန်တော့တဲ့ အဖြစ်မျိုးထိလဲ

မျှော်လင့်လို ရနေလို့ ထင်ပါတယ်။ အားလုံး ကျနော့ကို ဂရုစိုက်နေကြတယ်။

နောက်ဆုံးတော့ ကျနော်လည်း ‘လူမလေး’ တစ်ယောက်နဲ့ စကားလက်ဆုံ ကျသွားတယ်။ ကျနော်

ဘယ်ကလာလဲ ဘာလုပ်လဲ ဆိုတဲ့ မေးခွန်းတွေ နောက်မှာ ကျနော်ကလည်း သူ့တိုင်းငံသား

ဘောလုံးကန်တဲ့ နံပါတ် ၇ အကြောင်းမေးကြည့်နေမိတယ်။ နောက်တော့ သူမက

အာရှနိုင်ငံတွေကို အလည်သွားချင်တဲ့ အကြောင်းပြောတယ်။ ကျနော် နောက်ထပ်အရက်

တစ်ခွက်ကို မှာတဲ့ အချိန်မှာ လူက ယားယံစ ပြုလာတယ်။ အဲဒီ ‘လူမ’ ကို ခဏတောင်းပန်ပြီး ကျနော်

အပြင်ကို ခနထွက်ရပ်တယ်။ ‘လူမ’ ကို ကျနော်နဲ့ မိတ်ဆက်ပေးတဲ့ သူငယ်ချင်းက မယောင်မလည်နဲ့

ကျနော့ နောက်ကလိုက်လာတယ်။ ကျနော့ နားက ဆေးလိပ်တစ်လိပ်ကို ယူဖွာရှိုက်ပြီးတဲ့

နောက်မှာတော့...

 

မင်း ကားလျှောက်စီးဖို့ ပြောကွာ”

“ချက်ချင်းကြီးကွာ မင်းကလဲ ဖြစ်ပါ့မလား... နောက်....  ငါ့မှာလည်း ကားမှ မရှိတာ”

 ဟ ငပေါ မင်းတို့ ငါတို့ ဘာလို့ ဒီလို ဘားဆိုင်ကိုလာတာလဲ”
 ကျနော် ဘာမှ ပြန်မဖြေတဲ့အခါ သူကပဲ ဆက်ပြီး.....

အေးသူတို့လည်း အဲလိုပဲ ပေါ့ကွာ... ဟား ဟား ...ခေါ်လိုက်ပါကွာ သူ့မှာ

ကားပါတယ်.... ချစ်တတ်သူပါကွာ တစ်ပတ်နှစ်ပတ်တော့ အချိန်လိုမှာပေါ့”

အေး ကြည့်သေးတာပေါ့

ဆေးလိပ်မီးကို ခြေထောက်နဲ့ နင်းသတ်လိုက်တဲ့အခါမှာတော့ ကျနော့် မွေ့ယာပေါ်က

ဆေးလိပ်မီးပေါက်လေးကို မဆီမဆိုင် သတိရလိုက်မိတယ်။ ပြီးတော့ ပင့်သက်ကို မှုတ်ထုတ်ရင်း

ဘားဆိုင်ထဲကို ပြန်ဝင်ခဲ့တယ်။ အားလုံးကတော့ အရက်နဲ ရမ္မက်ကို ကိုယ်စီကိုယ်ငှ

မြိုချနေကြတယ်။ ကျနော် ထိုင်ခုံပေါ်ကို ထိုင်လိုက်တဲ့ အခါ ‘လူမ’ က ကျနော့ကို ပြုံးပြလိုက်တယ်။

သူ့အပြုံးက အင်မတန်လှတယ်။ ဒါပေမဲ့ အဲဒီအလှနဲ့ အတူ ကျနော်လိုချင်တာ သူမနားမှာ

မရှိဘူးဆိုတာ သေချာသွားတယ်။ ကျနော် အဲဒီ ‘လူမ’ ကို အားနာစွာကြည့်ရင်းပဲ ဆုံးဖြတ်ချက်တစ်ခုကို

သေချာ ချလိုက်တယ်။

 “ငါ လစ်တော့မယ် ကွာ သိပ်နေမကောင်းဘူး

ကျနော် နဲ့ အပြာရောင်ပိုးခြေအိတ်ကလေး အကြောင်း (၁)

သူမနဲ ကျနော် စသိတဲ့အချိန်မှာ ပထမဆုံး သတိထားမိတဲ့ အရာက သူမရဲ့ ပိရိသေသပ်တဲ့

နှုတ်ခမ်းဖြစ်တယ်။ ကျနော့ရဲ မွေးရာပါ အလိုက်ကန်းဆိုးမသိ အထူအပါးနားမလည် တဲ့

ဉာဉ်အတိုင်း။

မင်း နှုတ်ခမ်းက ‌တော်တော် ကြောက်စရာကောင်းတယ်

 ဘယ်လိုမှ သူမမျှော်လင့်မထားတဲ့ ကျနော့ ဧည့်ထောက်ခံ စကားကို သူမအံ့သြတဲ့ မျက်ဝန်းအစုံ နဲ

သိမ်းယူတယ်။

ဟင်...... ဘာလို့လဲ

မဟုတ်ပါဘူး ...မင်းလို ပိရိနေတဲ့ နှုတ်ခမ်းမျိုးက လိုအပ်ရင် ကိုယ် ဆန္ဒကိုယ် မျိုသိပ်နိုင်မယ်

.. အသက်သေမယ်ဆိုရင်တောင်အသေခံသွားလိမ့်မယ်

သြော် .. ဟုတ်မလား မသိဘူး….”

 စိတ်ထဲကတော့ ဘယ်လို လူ ခွစာလဲ လို့ တွေးလိုက်တဲ့ အရိပ်တွေ သူမမျက်လုံးထဲ ဖတ်ကနဲ လဲ့လို ။

 

Saturday, August 23, 2025

သ၀န်တိုတတ်သူပါ မောင်....

အဲဒီနေ့က မောင်နဲ့ကျမ မြို့ထဲကအပြန်.. အိမ်ခြေမဲ့တွေ၊ မူးယစ်ဆေးသုံးစွဲသူတွေ ရှိနေတတ်တဲ့ လမ်းလေးပေါ်က ဖြတ်လျှောက်ခဲ့တယ်။

ကျမက အဲဒီလမ်းက မပြန်ချင်ပါဘူး။

မောင် က...

"ဒီလိုလမ်းတွေကိုလည်း သွားတတ်ရမယ်" ဆိုလို့ .. မလိုက်ချင် လိုက်ချင်နဲ့ မောင့်လက်ကိုဆုပ်ကိုင်လို့

လိုက်ခဲ့ရတာ မဟုတ်လား... မောင်။ 

မောင်က ကားလမ်းကူးရင်လည်း စိမ်ပြေနပြေ ကူးနေသေးတာ....

ကျမကတော့ ကားလမ်းကူးရင် အမြန်ကူးတာကို.... ဘာလို့ဒီလောက်ကြောက်နေတာလဲလို့ မေးသေးတာ မဟုတ်လား.... တစ်ကယ်ဆို ကျမက မြန်မာပြည်က အခုမှ ရောက်လာတဲ့ သူတစ်ယောက်ဆိုတာ မောင် မေ့နေလို့များလား.... ကျမကလည်း မောင် ကားလမ်းကူးတာ ဘာဖြစ်လို့ ဒီလောက်အေးဆေးနေတာလဲလို့ အံ့တွေသြနေမိသေးတာလေ..... 

တစ်နေရာရောက်တော့ ဆိုင်းဘုတ် လှလှလေးတစ်ခုမှာ မူးယစ်ဆေးသုံးစွဲသူတွေ

Overdose ဖြစ်ခဲ့ရင် သုံးဖို့အတွက် အသက်ကယ်ဆေးလေးတွေဖြစ်တဲ့

naloxone ဆေးနဲ့ အပ်တွေကို ဘူးလေးတွေထဲ ထည့်ပြီး ချိတ်ထားပေးတာကို.တွေ့ခဲ့ရတယ်။

Friday, May 23, 2025

The age of Innocence

 


 
အခုတလော စိတ်ထဲရောက်နေတဲ့ ရုပ်ရှင်လေး..
Edith Wharton ရဲ့ romantic novel ကို ရုပ်ရှင်ပြန်ရိုက်ထားတာ။
တကယ်ကတော့ သူတို့ရဲ့ English စကားပြော၊ ကင်မရာအယူအဆ၊ အပြင်အဆင်တွေ နဲ့ အဓိကက မင်းသမီးကို သဘောကျလို့
တခါတလေ ပြန်ကြည့်မိတဲ့ ရုပ်ရှင်ပါ။
ဇာတ်လမ်းအပြင်အဆင်က ၁၉ရာစု နယူးယောက်မြို့ရဲ့ အထက်တန်းလွှာ။
ဒီထဲမှာ အဓိကဇတ်ကောင် ဖြစ်သူ Newland ဆိုသူဟာ ထိပ်တန်း ရှေ့နေတစ်ယောက်။ Newland က မေ ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ဖို့ စေ့စပ်ကြောင်းလမ်းထားသူ။ ဒါပေမယ့် သူတကယ်ချစ်တာက မေ ရဲ့ ၀မျးကှဲအဈမတောျစပျသူ Ellen ဆိုတဲ့ တစ်ခုလပ် အမျိုးသမီး။
 
သူတို့တွေက ငယ်ငယ်တုန်းကတော့ အတူတူဆော့ကစားခဲ့ကြဖူးသူ သူငယ်ချင်းတွေပါ။ မင်းသမီး Ellen က အိမ်ထောင်ကျသွားလို့ တစ်မြို့တစ်ရွာ ပြောင်းသွား၊ အိမ်ထောင်ရေး အဆင်မပြေတော့ သူ့ဇာတိနေရပ် နယူးယောက်ကို ပြန်လာ။ အိမ်ထောင်ကွဲလာသူတစ် ယောက် ဆိုတော့ ဟိုခေတ် အနေအရ
Ellen ကို သူ့ရဲ့ အသိုငျးအ၀ိုငျးက ခွဲ ခြားဆက်ဆံကြတယ်။ Ellen ကလည်း လူဂုဏ်ထံအသိုင်းအ ၀ိုငျးထဲမှာ ခပ်ဟော့ဟော့ဖြစ်နေတယ်။ ၀တ်စားဆင်ယင်ပုံတွေက သူတို့အသိုင်းအ၀ိုင်းအတွက်
ရဲတင်းလွန်းနေတဲ့ သဘော။
Ellen ညီမ၀မ်းကွဲ မေ က အဖြူရောင်၀တ်စုံလေးတွေနဲ့ အဆင့်တန်းရှိရှိလှနေချိန် Ellen ကတော့ အနီရောင်ရင့်ရင့်တွေနဲ့ ရဲတင်းတဲ့ အလှတွေနဲ့ပေါ့။ ကျန်သူတွေက ယပ်တောင်လေးတွေနဲ့ ပါးစပ်ကို ကာပြီး မပွင့်တပွင့် စကားပြောတတ်ချိန်၊ Ellen ကတော့ ယောကျ်ားမိန်းမ မည်သူမဆို ပွင့်ပွင့်လင်းလင်းပဲ။ သူက
အရင် နှုတ်ဆက်လိုက်တာပဲ။ (ဒါတောင် အခုခေတ်အမြင်နဲ့ဆိုရင် Ellen က အရမ်းသိမ်မွေ့နေသေးတာ)
Newland နဲ့ Ellen ဟာ တစ်ယောက်ကို တစ်ယောက်ချစ်နေကြပေမယ့် စည်းတွေကို မကျော်ကြဘူးပေါ့။ သူတို့ နှစ်ယောက်ထဲ တွေ့ဖြစ်တဲ့ တစ်နေ့မှာ.... ချစ်နေကြတာကို တစ်ယောက်နဲ့ တစ်ယောက် ရှင်းပြပြောပြကြတာပေါ့..
အဲလို ရှင်းပြ နေကြ ရတာကို က ၄၈ နာရီလောက်ကြာတယ် ထင်ရတယ်။
အဲဒီခေတ်ကဆိုတော့ အဖေတို့ အမေတို့ကခေတ်ထက် ဆိုသေးတယ်။
လိုရင်းကို မရောက်ဘူး။ 
 
ချစ်နေတာကို မြိုသိပ်ဖိနှိပ်ရတော့ Ellen က Newland နဲ့ ဝေး ရာ နှင်းတောထဲက သစ်လုံးအိမ်လေးတစ်လုံးရှိရာမှာ သွားနေတယ်။
မသွားခင်မှာ ချစ်သူတွေက အဝါရောင် နှင်းဆီပန်းတွေကို ပေးတတ်တယ်ဆိုလား ဟိုလူကို ပြောသွားတော့ Newland မှာ နှင်းဆီပန်းဆိုင်ရှေ့
ဖြတ်ဖြတ်လျှောက်ရတာ နေ့စဥ်...
အဝါရောင် နှင်းဆီပန်းတွေကို သူသွားသွားကြည့်ခါမှ မရှိ။ အဲဒီခေတ်က သင်္ဘော မရှိလို့လား ဘာလား? 
 Ellen က ထွက်ပြေးသော်လည်း လွမ်းတော့ "ဒီမှာနေနေတယ် လာလယ်ပါလား" ဆိုပြီး စာက ပို့သေးတယ်။ စာကလည်း အသွား ၁၀ရက် အပြန် ၁၀ ရက်လိုမျိုးကို
ကြာသေးတာ...
 
 

 
ဟိုကလည်း လိုက်သွားတယ်။ 
 

Tuesday, March 4, 2025

'ဆောင်းအိပ်မက်'

 




ထိုနေ့ညက နှင်းစက်တို့ ထင်းရူးပင်တွေထဲ တဖြောက်ဖြောက် ကျနေသံကို ကြားနေရသည်။ ကြည့်လိုက်တိုင်း ဖွေးဖွေးလှုပ်ဖြူနေသော နှင်းစက်များအောက်တွင် မြို့ပြ၏ ရောင်စုံမီးများက ဖျိုးဖျိုးဖျတ်ဖျတ်။ တောင်ကုန်းအောက်ခြေရှိ အိပ်မောကျနေသော အိမ်ပုလေးတစ်လုံး၏ ခေါင်းတိုင်မှ မီးခိုးများက တလူလူတက်လာနေသည်။
ဆောင်းလေက အလိုက်မသိစွာ ခါးသက်ကြမ်းရှနေလေရော့သလား။
သူမ အိပ်မောကျနေလေရော့သလား။
သူမဘေးနားမှာ တစ်စုံတစ်ယောက်များ ရှိနေလေမည်လား။
အတွေးများစွာနှင့် ခြံထဲသို့ ၀င်လာခဲ့သည်။
အိမ်ဘက်သို့ သွယ်တမ်းနေသော လမ်းတလျှောက်တွင် နှင်းပုံများက အိအိစိုစို။ အိမ်တွင်းမှ မီးရောင်က အိမ်ရှေ့ခန်းပြတင်းကိုဖြတ်ပြီး အပြင်ဘက်ရှိ အကိုင်းကျဲကျဲမေပယ်ပင်ပေါ်သို့ ဖြာကျလာနေသည်။ သူမအိပ်ခန်းဘက်မှာလည်း မီးရောင်က ပြာလဲ့လဲ့။
ခြံထဲက သူမစိုက်ထားသည့် အပင်များကတော့ နှင်းဒဏ်အောက်တွင် အလဲလဲအပြိုပြို။ သူမ၏နွယ်ပန်းမွှေးပင်အတွက် နွေရာသီကာလတစ်ခုတုန်းက ကိုယ်တိုင်စင်ထိုးပေးခဲ့ဖူးသည့် ပန်းစင်ကတော့ ဆွေးမြေ့နေလေပြီ။
ပန်းစင်အောက်က နှင်းပုံထဲတွင် တလက်လက်အရာတစ်ခုကို လှမ်းတွေ့လိုက်ရသည်။
သြော်.... သူမထိုးနေကျ ဆံထိုးလေး.....
သူမ ပန်းစိုက်နေခဲ့စဉ်တုန်းက
ကျခဲ့ဟန်တူလေသည်။
အသာအယာ ဒူးထောက်ထိုင်လိုက်ရင်း ဆံထိုးလေးကို ခပ်ဖွဖွ တို့ကြည့်လိုက်မိရင်း ရင်မှာ တစစ်စစ် နာကျင်လာမိသည်။ နှင်းရိပ်အောက် ငိုက်မျည်းနေသော သစ်ပင်အိုထံမှ ညငှက်တစ်ကောင် နာကြည်းစွာ အော်ဟစ်ပျံထွက်သွားသံကို ကြားလိုက်ရသည်။
 
************