Tuesday, March 4, 2025

'ဆောင်းအိပ်မက်'

 




ထိုနေ့ညက နှင်းစက်တို့ ထင်းရူးပင်တွေထဲ တဖြောက်ဖြောက် ကျနေသံကို ကြားနေရသည်။ ကြည့်လိုက်တိုင်း ဖွေးဖွေးလှုပ်ဖြူနေသော နှင်းစက်များအောက်တွင် မြို့ပြ၏ ရောင်စုံမီးများက ဖျိုးဖျိုးဖျတ်ဖျတ်။ တောင်ကုန်းအောက်ခြေရှိ အိပ်မောကျနေသော အိမ်ပုလေးတစ်လုံး၏ ခေါင်းတိုင်မှ မီးခိုးများက တလူလူတက်လာနေသည်။
ဆောင်းလေက အလိုက်မသိစွာ ခါးသက်ကြမ်းရှနေလေရော့သလား။
သူမ အိပ်မောကျနေလေရော့သလား။
သူမဘေးနားမှာ တစ်စုံတစ်ယောက်များ ရှိနေလေမည်လား။
အတွေးများစွာနှင့် ခြံထဲသို့ ၀င်လာခဲ့သည်။
အိမ်ဘက်သို့ သွယ်တမ်းနေသော လမ်းတလျှောက်တွင် နှင်းပုံများက အိအိစိုစို။ အိမ်တွင်းမှ မီးရောင်က အိမ်ရှေ့ခန်းပြတင်းကိုဖြတ်ပြီး အပြင်ဘက်ရှိ အကိုင်းကျဲကျဲမေပယ်ပင်ပေါ်သို့ ဖြာကျလာနေသည်။ သူမအိပ်ခန်းဘက်မှာလည်း မီးရောင်က ပြာလဲ့လဲ့။
ခြံထဲက သူမစိုက်ထားသည့် အပင်များကတော့ နှင်းဒဏ်အောက်တွင် အလဲလဲအပြိုပြို။ သူမ၏နွယ်ပန်းမွှေးပင်အတွက် နွေရာသီကာလတစ်ခုတုန်းက ကိုယ်တိုင်စင်ထိုးပေးခဲ့ဖူးသည့် ပန်းစင်ကတော့ ဆွေးမြေ့နေလေပြီ။
ပန်းစင်အောက်က နှင်းပုံထဲတွင် တလက်လက်အရာတစ်ခုကို လှမ်းတွေ့လိုက်ရသည်။
သြော်.... သူမထိုးနေကျ ဆံထိုးလေး.....
သူမ ပန်းစိုက်နေခဲ့စဉ်တုန်းက
ကျခဲ့ဟန်တူလေသည်။
အသာအယာ ဒူးထောက်ထိုင်လိုက်ရင်း ဆံထိုးလေးကို ခပ်ဖွဖွ တို့ကြည့်လိုက်မိရင်း ရင်မှာ တစစ်စစ် နာကျင်လာမိသည်။ နှင်းရိပ်အောက် ငိုက်မျည်းနေသော သစ်ပင်အိုထံမှ ညငှက်တစ်ကောင် နာကြည်းစွာ အော်ဟစ်ပျံထွက်သွားသံကို ကြားလိုက်ရသည်။
 
************

ညနေစောင်းတစ်ခုတုန်းက မီးဖိုထဲတွင် ခရမ်းချဉ်သီးများ လှီးချွတ်နေသော သူမကို နောက်မှ သိုင်းဖက်ရင်း သူမနားရွက်ကို ချစ်မြတ်နိုးစွာ နမ်းခဲ့စဉ်က သူမ၏ ထိုဆံထိုးလေး ပန်းကန်ဆေးခွက်ထဲသို့ ပြုတ်ကျသွားခဲ့ဖူးသည်။ သူမ ကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး ရင်ခွင်ထဲမှာ မှီနွဲ့လာခဲ့သည်။ ထိုနေ့က ကော်လာဖြူဖြူပေါ်မှာ သူမထံက ခရမ်းချဉ်သီးလေး အနည်းငယ် စွန်းထင်ပေကျံရစ်ခဲ့၏။
ဆောင်းလေက အရိုးများအေးခဲသွားတော့မတတ် တိုက်ခတ်လာနေသည်။ သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး သူမနှစ်သက်သည်ဆိုသည့် ဆေးလိပ်နံ့စွဲနေသော နှုတ်ခမ်းများကို
ယောင်ယမ်းထိကြည့်လိုက်မိသည်။
အိမ်ကို တစ်ပတ် ပတ်ကြည့်မိသည်။ အရင်အတိုင်း ဘာမှ ပြောင်းလဲခြင်း မရှိ။ ခြံထောင့်က သစ်ရွက်များသိမ်းသည့် ခက်ရင်းခွတံကို သူမ
မသိမ်းဘဲ နှင်းပုံထဲ သည်အတိုင်းပစ်ထားသည်ပဲ။ ပန်းရေလောင်းသည့် ရေပိုက်များကိုလည်း
မသိမ်းဆည်းဘဲ ပစ်ထားသည့်အတွက် အအေးဒဏ်ကြောင့် အက်ကွဲကုန်လေပြီထင်မိသည်။
အိမ်ဘေးပြတင်းပေါက်မှ အိမ်တွင်းသို့ လှမ်းအကြည့်တွင် အိမ်ရှေ့ခန်းမီးလင်းဖိုမှာ မီးဖိုထားသည်ကို လှမ်းမြင်နေရ၏။
သူမကော........။
ဘယ်ရောက်နေပါလိမ့်။
အိပ်ခန်းထဲမှာ စာဖတ်နေလေသည်လား။
မဖြစ်နိုင်။
သူမက မီးလင်းဖိုနားက ထိုင်ခုံမှာ စောင်လွှမ်းခြုံရင်း စာဖတ်တတ်သည် မဟုတ်ပါလား။ စာဖတ်ရင်း အိပ်ပျော်သွားတတ်သည့် သူမနဖူးကို ဟိုတုန်းကတော့ သာသာနမ်းပြီး နှိုးမိနေကျ။ တစ်ခါတစ်ရံ သူမသောက်ဖို့ ဖျော်ပေးထားသည့် လက်ဖက်ရည်ကို မသောက်ဘဲ အိပ်ပျော်သွားသည့်အခါ တဖျစ်တောက်တောက် ပြောမိခဲ့သည်များကို နောင်တရမိနေသည်။
ယခုတော့ သူမထိုင်နေကျ မီးလင်းဖိုနားက ခုံက လွတ်နေလေ၏။
ဒါဆို....... ရေနွေးကန်ထဲမှာ ရေစိမ်ရင်း အိပ်များပျော်နေလေသလား။
ရေနွေးစိမ်ရင်း အိပ်ပျော်တတ်သည့် ထူးထူးဆန်းဆန်းအကျင့်ဆိုးကြောင့် ခဏခဏ နေမကောင်းဖြစ်တတ်သည့် သူမ။ ဆေးသောက်ရမှာကို အလွန်ကြောက်သော သူမ။ မည်သည့်ဆေးကိုမှ အယုံအကြည် မရှိသော သူမ။
တဆောင်းတွင်းလုံး ဘယ်လိုများ နေနေပါလိမ့်,,,,။
အိမ်ရှေ့ သုံးထစ်လှေကားအတိုင်း တက်လာခဲ့သည်။ နွယ်ပန်းများက အအေးဓာတ်အောက်မှာ ခေတ္တအိပ်စက်နေကြလေသည်။ နွေဦးရာသီမှာတော့ ခေါင်းထောင်လို့ ကျော့မော့လာကြပေဦးမည်။
အရင်လို အသံပေးပြီး အိမ်ထဲ၀င်သွားရမလား...
သူမ အရမ်း အံ့သြသွားမလား.....
လန့်များသွားမလား........။
အတွေးမျိုးစုံနှင့်။
သူမ နာမည်ကို တစ်ချက်ခေါ်ကြည့်လိုက်သည်။
စိတ်လှုပ်ရှားလွန်းလို့ ထင်သည်။ ကိုယ့်အသံတောင် ကိုယ်ပြန် မကြားရ။ အိမ်တွင်းမှ ဘာသံကြားရမလဲ စောင့်ကြည့်နေမိသည်။ ဘာသံမျှ မကြား။ မည်သည့်လှုပ်ရှားမှုမှလည်း မတွေ့။
အိမ်ရှေ့တံခါးကို အသာတွန်းလိုက်တော့ တံခါးက ပွင့်နေသည်။
ဟင်........
သူမ ဘာလို့များ တံခါးကို ပိတ်မထားတာပါလိမ့်,,,,,,,။
အိမ်ရှေ့ခန်းထဲရောက်သည်တွင် အရာအားလုံးက အရင်အတိုင်း ဘာမှ မပြောင်းလဲ။
အဆောင်အယောင်ကင်းမဲ့သည့် အိမ်ရှေ့ခန်းလေးက အသံတွေလည်း တိတ်ဆိတ်လို့နေသည်။
နံရံတစ်ခုပေါ်မှာတော့ သူမအတွက် သူစပ်ထားဖူးသော ကဗျာတစ်ပုဒ်။
ထိုနေ့က ထုံးစံအတိုင်း နောက်နေ့စာအတွက် ထမင်းချက်ရန် ဆန်အိုးကို သူမဖွင့်လိုက်သည်ကို ခပ်လှမ်လှမ်းက ပန်းကန်ဆေးကန်တွင် ပန်းကန်ကူဆေးပေးရင်း သူမမျက်နှာကို မသိမသာ အကဲခတ်နေခဲ့လိုက်သည်။ ဆန်အိုးထဲက ထွက်လာသည့် စာရွက်ခေါက်လေးကို သူမ မျက်မှောင်ကြုတ်ပြီး ဖွင့်ဖတ်လိုက်သည်။
သူမ မျက်နှာလေး တည်သွား၏။
နောက် တဖြည်းဖြည်ပြုံးလာသည်။
ထို့နောက် အောက်နှုတ်ခမ်းလေးကို ဖွဖွကိုက်ပြီး မျက်လုံးလှန်ကြည့်၏။ ဆင်မယဉ်သာ ခြေလှမ်းများနှင့် သူ့အနားကို တိုးကပ်လာသည်။ ထို့နောက် လည်ပင်းကို သိုင်းဖက်ပြီး ယဉ်ကျေးသိမ်မွေ့သော နှစ်လိုဖွယ်သော အနမ်းတစ်ခုကို ပေးလေ၏။
နောက်ရက်တွင်မတော့ ကဗျာစာရွက်လေးကို ဘောင်လှလှလေးထဲ ထည့်ပြီး အိမ်ရှေ့ခန်းနံရံပေါ်တွင် သူမ ချိတ်ထားလိုက်လေ၏။
***
ယခုတော့ သူမ အရမ်းတိတ်ဆိတ်နေလေသည်။ အိပ်မောများ ကျနေလေသလား။ ရေချိုးခန်း၀င်နေရအောင်လည်း ရေချိုးခန်းပန်ကာလည်ပတ်သံလည်း မကြား။ မီးလည်း ဖွင့် မထား။ စင်္ကြအတိုင်း အိပ်ခန်းရှိရာဘက်သို့ လျှောက်လာခဲ့သည်။ အခန်းတံခါးက စေ့ရုံ။ အခန်းတွင်းက မီးရောင်က ဖြာကျနေသည်။ အခန်းတံခါးကို အသာတွန်းဖွင့်လိုက်၏။
သူမ ကုတင်ပေါ်တွင် အိပ်မောကျနေသည်ပေပဲ...........။
ဟင်... သူမ.... သူမ သိပ်ပိန်သွားပါလား.....
စောင်ပုံလေးသာ မြင်နေရလေသည်။ သူမအနားကို ခပ်ဖွဖွလှမ်းပြီး ကပ်သွားမိသည်။
သူမ ပိန်လိုက်တာမှ အရိုးပဲ ကျန်တော့သည်။
ဘယ်လိုဖြစ်သွားတာပါလိမ့်.......
ယခင်က နီရဲဖူးစိုခဲ့ဖူးသော နှုတ်ခမ်းများက မည်းညစ်ခြောက်ကပ်နေလေသည်။
မြတ်နိုးစွာနမ်းခဲ့ဖူးသော ပါးပြင်မို့မို့တို့ကလည်း ချိုင့်၀င်နေလေပြီ။
အရောင်တောက်လက်ခဲ့သော ဆံနွယ်များကလည်း ဖွာဆန်ကြဲနေ၏။
အရိုးငေါငေါထွက်နေသော လက်ချောင်းများကြားထဲမှာ သူ၀တ်နေကျ အနွေးထည်ပါလား။
သူ့ အနွေးထည်အညိုလေးကို တင်းကြပ်စွာဖက်ရင်း သူမ အိပ်ပျော်နေသည်ပဲ။
ကုတင်ဘေးက စားပွဲပေါ်တွင်လည်း ကျဲပြန့်နေသော အိပ်ဆေးပုလင်းများ။ အိပ်ဆေးပုလင်းများသာမက စိတ်ငြိမ်ဆေးများကိုပါ တွေ့လိုက်ရ၏။
သူမ မျက်နှာကို ငုံ့ကြည့်လိုက်သည်။
ဟာ........ ပါးပြင်မှာ မျက်ရည်တွေပါလား.. ခြောက်တောင် မခြောက်သေးဘူး....
သူမ ငိုနေရင်း အိပ်ပျော်သွားခဲ့သည်ပဲ။
'ကိုယ်.. ပြန်ရောက်ပြီလေ...'
သူမ နဖူးလေးကို ဖွဖွနမ်းပြီး နှိုးလိုက်သည်။ သူမ မလှုပ်။ သူမအသက်ရှုသံက လေးလေးမှန်မှန် ဆက်ထွက်လို့နေသည်။
'ကန့်လန့်ကြီး အိပ်နေတော့ မောင်က ဘယ်နားမှာ အိပ်ရမှာလဲ'
နှာခေါင်းလေးကို လက်နှင့် အသာဖျစ်လိုက်ပြီး ပြောလိုက်သည်။ သူမကိုယ်လေး တစ်ချက်တွန့်ပြီးနောက် တစ်ဖက်ကိုစောင်းကာ ဆက်အိပ်နေလိုက်၏။ အလွန်အမင်း ပိန်သွားသည့်အတွက် သူမကောက်ကြောင်းများက အရင်လို မပီပြင်တော့။ သူမ ဆံနွယ်များကို အသာပွတ်ပြီး နားရွက်လေးကို အရင်ကလို နမ်းလိုက်သည်။ သူမ၏နှုတ်ခမ်းမှ အပြုံးလေးတစ်ခုက လှစ်ကနဲ။
သူမ နှုတ်ခမ်းက အပြုံးလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။ သူမ နှုတ်ခမ်းတွေက လှုပ်ရွလို့လာ၏။
'မောင်...'
သူမနှုတ်ခမ်းများကြားက ကိုယ့်ကိုခေါ်လိုက်သံက တိုးတိုးလေး။
'ဗျာ....'
' မောင်........ မောင်....'
သူမကိုယ်လေးက လူးလွန့်လို့လာသည်။
'ဗျာ.... မောင် ဒီမှာလေ.... မောင်ပြန်ရောက်နေပြီလေ'
' မောင်... အို... မောင်....'
သူမက မျက်လုံးများကို မှိတ်ထားရင်း သူ့ကိုဆက်ခေါ်နေ၏။ ထို့နောက် သူမမျက်လုံးအိမ်မှ မျက်ရည်များ တသွင်သွင် စီးကျလို့လာလေသည်။
'မောင်......... မောင် မသေဘူးနော်.....'
သူမ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်နေလေ၏။
'ဟင်........ မောင် မသေပါဘူး။ ဘာတွေပြောနေတာလဲ........ မောင်မသေပါဘူး'
သူမကို မျက်ရည်သုတ်ပေးရန် စက္ကူဘူးလေးထဲမှ စက္ကူကို ထယူလိုက်သည်။
သူမ၏ ကိုယ်လုံးပေါ်မှန်ရှေ့မှ ဖြတ်အလျှောက် မှန်ကိုကျော်သွားအပြီးမှာ တစ်စုံတရာ မှားနေသလို ခံစားလိုက်ရ၏။
မှန်ရှေ့သို့ နောက်ခြေတစ်လှမ်း ပြန်လှမ်းဆုတ်လိုက်ပြီး တည့်တည့်ရပ်လိုက်သည်။
'ဟာ.........
မှန်ထဲမှာ...
မှန်ထဲမှာ...
ကိုယ့်ကိုကိုယ် ပြန်မမြင်ရပါလား..........'
သူမကို အံ့သြတကြီး လှမ်းကြည့်လိုက်မိသည်။ သူမကတော့ သူနာမည်ကို တမ်းတကြေကွဲစွာနှင့် ဆက်ပြီးခေါ်နေလေ၏။
နံရံတွေထဲက အလင်းတွေ ဖြာကျလာသည်။ အခန်းတစ်ခုလုံး လင်းလက်လာနေပြီ။ မျက်စိများကတော့ ထူးဆန်းစွာပင် ကျိန်းစပ်၍ မနေ။
မောင်... မောင်...
သူမ အသံက တဖြည်းဖြည်း ဝေးဝေး သွားသည်........
သူ....
သူမနှင့်ဝေးရာသို့ အလျားလိုက် လွင့်မျော...
သူမ အသံက သူနှင့်ဆန့်ကျင်ရာဘက်မှာ...
တိုး ၍ တိုး ၍ ဝေး ၍ သွားလေပြီ.....။
'မောင်.......... မသွားပါနဲ့မောင်'
'မောင်....'
'မောင်....'
'မောင်....'
 
၂၀၀၉ ခုနှစ်က ထုတ်ခဲ့သော အိမ့်ချမ်းမြေ့ ရဲ့ လမင်းရှိုက်သံ ပေါင်းချုပ်စာအုပ်ထဲက
'ဆောင်းအိပ်မက်' လေးပါရှင်...
ပြန်ဖတ်ချင်တယ် ဆိုတဲ့ ချစ်သော စာဖတ်သူ အချို့အတွက် ပြန်ရိုက်ထားပေးတာပါ..
အော်ရစ်ဂျင်နယ်နဲ့ နည်းနည်းလေး မဆိုစလောက် ဝါကျအထားအသိုလေးပါပဲ နည်းနည်းလေးပါ။ 
လွဲပါတယ်။
ဒီစာလေးထဲက 'မောင်' နေရာမှာ ဆုံးပါးသွားကြသူတွေ မိခင်၊ ဖခင်၊ ကိုယ့်ညီအစ်ကိုမောင်နှမ၊ ကိုယ့်အရင်ဆုံးပါးသွားတဲ့ သားသမီး အကုန်ဖြစ်နိုင်တာပဲ နော်...။
ဒီစာလေးကို တောင်းထားတဲ့ ချစ်သောစာဖတ်သူများကို တင်ပေးဖို့ ကြာနေခဲ့တဲ့အတွက်လည်း
တောင်းပန်ပါတယ်ရှင် 🙏

No comments:

Post a Comment