Sunday, September 7, 2025

ငါးမျှားခြင်း

 


ငါးမျှားတယ်ဆိုတာ..
 ကိုယ့်အတွက်ကတော့

ငါးရဖို့ဆိုတာထက်
လှေလေးတစ်စင်းနဲ့
လူသူကင်းမဲ့တဲ့ ရေကန်ထဲမှာ
အတွေးနယ်ချဲ့ခြင်းပါပဲ။
 
ကိုယ်က ငါးလည်း မယ်မယ်ရရ မမျှားဖူးသလို
ဘဝမှာ ငါးတစ်ကောင်မှလည်း မရဖူးပါဘူး။
 
 
 
ငါးရခဲ့ရင်လည်း အဲဒီငါးကို အိမ်ကိုဘယ်လို
သယ်သွားရမလဲဆိုတာ
သိသူလည်း မဟုတ်လို့
ငါးမျှားရင်းနဲ့ ငါး မရပါစေနဲ့....လို့
ဆုတောင်း နေတတ်သူ လူတစ်ယောက်ဆိုရင်လည်း မမှားဘူးပေါ့။
ညနေခင်းနေဝင်ရီတရော
ငှက်တွေ အိပ်တန်းပျံချိန်မျိုးမှာ
ငါးမျှားသူ တစ်ယောက်ယောက်က
ငါးမျှားတံကြိုးကို
ရေထဲ အဝေးကြီး လွှဲလို့ ပစ်လိုက်တဲ့ ပုံစံကတော့
တော်တော်လှတဲ့
က ကွက်လေး တစ်ခုလိုပါပဲ။
အဲလိုရှုခင်းကို မြင် နေရတာကိုက
ဘဲလေး ကချေသည် တစ်ဦးကို
ငေးကြည့်နေ ရသလိုပါပဲ။
 
 
တစ်ခါတုန်းကတော့
ငါးကို မလိုချင်ဘဲ မျှားနေမိတတ်တဲ့
ကိုယ့်ရဲ့
ငါးမြားတံမှာ
ငါးလေးတစ်ကောင်
လာ ညိ ခဲ့ဖူး တယ်။
ကိုယ်ကလည်း မကိုင်တတ် မတွယ်တတ်နဲ့ ငါးလေးဟာ ဒဏ်ရာရပြီး လွတ်သွားတယ်။
လွတ်သွားတာလား လွှတ်လိုက်တာလား
သေချာတော့ မမှတ်မိတော့ပါဘူး...။
ငါးလေးက ကိုယ်နဲ့ဝေးရာကို
ကူးခတ်သွားတော့
သူ့အတွက်
ပျော်မိခဲ့သေးတာ...။
ဒါပေမယ့်
ကိုယ့်ကြောင့်....
ဒဏ်ရာတွေပါသွားမလား
အမုန်းတွေပါသွား မလား
နာကြင်ခြင်းတွေ ပါသွားမလား...
စိုးရိမ်ခဲ့မိသေးတာ...။
ငါး မရပါစေနဲ့လို့
ဆုတွေတောင်းရင်း
ငါးဆက်မျှားနေမိတဲ့ ကိုယ့်ကိိုကိုယ်လည်း
နားမလည်ဘူး။
ဘာကြောင့် ဒီရေကန်မှာ
ကိုယ် ငါးလာမျှားနေတာပါလိမ့်။
နေဝင်ရီတရောကို နှစ်သက်လို့လား..
ငှက်တွေ အိပ်တန်းပျံချိန်ကို တိမ်းမူးတာလား
ရေကန်ရဲ့ ရနံ့ကို မြတ်နိုးနေတာလား...
အရိုင်းပန်းတွေရဲ့ အလှကို တပ်မက်နေတာလား..
တကယ်တော့
ကိုယ်ဟာ
ငါးကိုမမျှားပါပဲ...
ငါမျှားနေမိတာ မဟုတ်လား..။
ကိုယ့်ကြောင့် ဒဏ်ရာရဖူးတဲ့
ငါးလေးက အညှိုးနဲ့ပြန်လာပြီး
ကိုယ့်ကို ရေနက်ထဲအထိ ဆွဲခေါ်သွားတယ်လို့
အိပ်မက်ဆိုးတွေ မက်ပြီး
ဇောချွေးတွေနဲ့ နိုးလာတဲ့ ညတစ်ညကတော့
ဘယ်တော့မှလည်း ဖြစ်နိုင်မှာ မဟုတ်တဲ့
ဘယ်တော့မှလည်း ကျွမ်းကျင်လိမ္မာလာခြင်း
ရှိလာမှ မဟုတ်တဲ့
ငါးမျှားခြင်းကို
ရာသက်ပန် စွတ်လွှတ်တော့မယ်လို့
တွေးမိရင်း...
ဒီနေ့လည်း
ကန်ဘက်ကို ထပ်ရောက်သေးတယ်ကွယ်။
ဒီလိုနဲ့..
ငါးကို မမျှားပါဘဲ..
ငါးမျှားနေမိရင်း...
ငါးမမျှားခြင်း အတတ်ပညာတွေထဲ
တဝဲလယ်လယ် နဲ့...
အနာဂတ်ကို
ကြောက်စရာ အရာတစ်ခုလို့
မြင်နေတတ်တော့တာပါပဲ....။

No comments:

Post a Comment