Friday, May 23, 2025

The age of Innocence

 


 
အခုတလော စိတ်ထဲရောက်နေတဲ့ ရုပ်ရှင်လေး..
Edith Wharton ရဲ့ romantic novel ကို ရုပ်ရှင်ပြန်ရိုက်ထားတာ။
တကယ်ကတော့ သူတို့ရဲ့ English စကားပြော၊ ကင်မရာအယူအဆ၊ အပြင်အဆင်တွေ နဲ့ အဓိကက မင်းသမီးကို သဘောကျလို့
တခါတလေ ပြန်ကြည့်မိတဲ့ ရုပ်ရှင်ပါ။
ဇာတ်လမ်းအပြင်အဆင်က ၁၉ရာစု နယူးယောက်မြို့ရဲ့ အထက်တန်းလွှာ။
ဒီထဲမှာ အဓိကဇတ်ကောင် ဖြစ်သူ Newland ဆိုသူဟာ ထိပ်တန်း ရှေ့နေတစ်ယောက်။ Newland က မေ ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ဖို့ စေ့စပ်ကြောင်းလမ်းထားသူ။ ဒါပေမယ့် သူတကယ်ချစ်တာက မေ ရဲ့ ၀မျးကှဲအဈမတောျစပျသူ Ellen ဆိုတဲ့ တစ်ခုလပ် အမျိုးသမီး။
 
သူတို့တွေက ငယ်ငယ်တုန်းကတော့ အတူတူဆော့ကစားခဲ့ကြဖူးသူ သူငယ်ချင်းတွေပါ။ မင်းသမီး Ellen က အိမ်ထောင်ကျသွားလို့ တစ်မြို့တစ်ရွာ ပြောင်းသွား၊ အိမ်ထောင်ရေး အဆင်မပြေတော့ သူ့ဇာတိနေရပ် နယူးယောက်ကို ပြန်လာ။ အိမ်ထောင်ကွဲလာသူတစ် ယောက် ဆိုတော့ ဟိုခေတ် အနေအရ
Ellen ကို သူ့ရဲ့ အသိုငျးအ၀ိုငျးက ခွဲ ခြားဆက်ဆံကြတယ်။ Ellen ကလည်း လူဂုဏ်ထံအသိုင်းအ ၀ိုငျးထဲမှာ ခပ်ဟော့ဟော့ဖြစ်နေတယ်။ ၀တ်စားဆင်ယင်ပုံတွေက သူတို့အသိုင်းအ၀ိုင်းအတွက်
ရဲတင်းလွန်းနေတဲ့ သဘော။
Ellen ညီမ၀မ်းကွဲ မေ က အဖြူရောင်၀တ်စုံလေးတွေနဲ့ အဆင့်တန်းရှိရှိလှနေချိန် Ellen ကတော့ အနီရောင်ရင့်ရင့်တွေနဲ့ ရဲတင်းတဲ့ အလှတွေနဲ့ပေါ့။ ကျန်သူတွေက ယပ်တောင်လေးတွေနဲ့ ပါးစပ်ကို ကာပြီး မပွင့်တပွင့် စကားပြောတတ်ချိန်၊ Ellen ကတော့ ယောကျ်ားမိန်းမ မည်သူမဆို ပွင့်ပွင့်လင်းလင်းပဲ။ သူက
အရင် နှုတ်ဆက်လိုက်တာပဲ။ (ဒါတောင် အခုခေတ်အမြင်နဲ့ဆိုရင် Ellen က အရမ်းသိမ်မွေ့နေသေးတာ)
Newland နဲ့ Ellen ဟာ တစ်ယောက်ကို တစ်ယောက်ချစ်နေကြပေမယ့် စည်းတွေကို မကျော်ကြဘူးပေါ့။ သူတို့ နှစ်ယောက်ထဲ တွေ့ဖြစ်တဲ့ တစ်နေ့မှာ.... ချစ်နေကြတာကို တစ်ယောက်နဲ့ တစ်ယောက် ရှင်းပြပြောပြကြတာပေါ့..
အဲလို ရှင်းပြ နေကြ ရတာကို က ၄၈ နာရီလောက်ကြာတယ် ထင်ရတယ်။
အဲဒီခေတ်ကဆိုတော့ အဖေတို့ အမေတို့ကခေတ်ထက် ဆိုသေးတယ်။
လိုရင်းကို မရောက်ဘူး။ 
 
ချစ်နေတာကို မြိုသိပ်ဖိနှိပ်ရတော့ Ellen က Newland နဲ့ ဝေး ရာ နှင်းတောထဲက သစ်လုံးအိမ်လေးတစ်လုံးရှိရာမှာ သွားနေတယ်။
မသွားခင်မှာ ချစ်သူတွေက အဝါရောင် နှင်းဆီပန်းတွေကို ပေးတတ်တယ်ဆိုလား ဟိုလူကို ပြောသွားတော့ Newland မှာ နှင်းဆီပန်းဆိုင်ရှေ့
ဖြတ်ဖြတ်လျှောက်ရတာ နေ့စဥ်...
အဝါရောင် နှင်းဆီပန်းတွေကို သူသွားသွားကြည့်ခါမှ မရှိ။ အဲဒီခေတ်က သင်္ဘော မရှိလို့လား ဘာလား? 
 Ellen က ထွက်ပြေးသော်လည်း လွမ်းတော့ "ဒီမှာနေနေတယ် လာလယ်ပါလား" ဆိုပြီး စာက ပို့သေးတယ်။ စာကလည်း အသွား ၁၀ရက် အပြန် ၁၀ ရက်လိုမျိုးကို
ကြာသေးတာ...
 
 

 
ဟိုကလည်း လိုက်သွားတယ်။ 
 
 
Ellen ဆီရောက်တော့ ဘာကိုကြောက်လို့ ပြေးတာလဲ လို့ မေးချင်တာကို မမေးဘဲနဲ့ မေးဖို့ မျက်စိမှိတ်ပြီး စဥ်းစားနေတာ နောက်ထပ် နာရီ၀က် နီးနီး။
အဲဒီအချိန်မှာ တိုက်ဆိုင်တော့ Ellen ကို သဘောကျနေတဲ့ နောက်တစ်ယောက်က သူ့ဟာသူ အဲဒီသစ်လုံးအိမ်ကို ရောင်းဖို့ ကိစ္စနဲ့ ရောက်လာတော့ Newland က အထင်လွဲ စိတ်ကောက်။ Ellen ထွက်ပြေးနေတာ အဲဒီလူကြောင့်ပဲ ဖြစ်မယ်ဆိုပြီး စိတ်ကောက်ပြီး ပြန်။
နောက်တစ်ခုက ရှိသေးတယ်။ သူတို့တွေ တော်တော်ဝေး ကွာပြီး တစ်ခါ ပြန်ဆုံတုန်းက.. Ellen က ပင်လယ်ကမ်းစပ်တစ်ခုရဲ့ တံတားလေးပေါ်မှာ နေ၀င်ရီတရောအချိန် ရပ်နေပြီး ပင်လယ်ထဲက boat လေးတစ်စင်း သွားနေတာကို ငေးကြည့်။ Newland က Ellen အဲဒီနားရှိတယ်ဆိုတာသိတော့လိုက်သွား။ အနားထိ မသွားဘဲ ဟိုးအ ဝေး ကနေ ငေးကြည့်ပြီး
Boat လေး မီးပြတိုက်တဖက်ကို ရောက်မသွားခင် Ellen လှည့်ကြည့်လာခဲ့မယ်ဆိုရင် သူ Ellen ရှိရာကို သွားပြီး Ellen ရဲ့ လက်ကလေးဖြစ်ဖြစ် ကိုင်မယ်ပေါ့...။ Boat လေးက တရွေ့ရွေ့နဲ့ မီးပြတိုက်တဖက်ကို ရောက်သွားတယ်။ Ellen က သူရှိရာကို လှည့်မကြည့်လာခဲ့ဘူး။ Newland လည်း Ellen ဆီကို မသွားတော့ဘဲ ပြန်လှည့်လာခဲ့တယ်။
(နောက်တစ်ခါ သူတို့ထပ်ဆုံပြန်တော့ အဲဒီနေ့က အကြောင်း ပြောတော့ Ellen ရှိနေတဲ့ ပင်လယ်တံတားရဲ့ ဟိုးးးးးးနောက် အဝေးကြီးမှာ
Newland လာရပ်ကြည့်နေတာကို
Ellen က သိသတဲ့...
တမင်လှည့်မကြည့်တာတဲ့.....)
 
 
အဲသလိုနဲ့ နောက်ဆုံး Newland နဲ့ မေ နဲ့ လက်ထပ်လိုက်ကြတယ်။ သူတို့တွေ ကလေးတွေ ရ။ အနှစ် ၃၀ ကြာသွား။ မေ လည်း ဆုံးသွား။ Ellen ရော Newland ပါ လွတ်လပ်သူတွေဖြစ်သွား။ social constraints တွေလည်း မရှိကြတော့။ စောင့်ရမည့် စည်းတွေလည်း မရှိကြတော့ပြီ။
Newland ရဲ့ သားသမီးတွေကလည်း သူတို့အမေလည်း ဆုံးပြီဖြစ်လို့ သူ့အဖေကိုလည်း သနားတော့ Ellen နဲ့ သဘောတူတယ်။ Ellen ရှိရာနောက်ကို လိုက်သွားခိုင်းတယ်။ သူ့အဖေဟာ သူ့ရင်ထဲမှာ အမြဲတမ်းချစ်ခဲ့တဲ့မိန်းမတစ်ယောက်ရှိပေမယ့် သူတို့အမေအပေါ်မှာ သစ္စာရှိခဲ့တာတွေကိုလည်း သူတို့က ကျေးဇူးတင်တယ်တဲ့။
အဲဒါနဲ့ Newland လည်း Ellen နေထိုင်ရာ
ကွန်ဒိုကိုလိုက်သွား။ ကွန်ဒို အောက်က သစ်ပင်လေးအောက်ခုံတန်းမှာ ထိုင်ရင်း Ellen ရှိနေရာ အခန်း၀ရံတာလေးကို ငေးကြည့်...
Ellen ကလည်း သူလာမယ်ဆိုထားတော့ အ ပေါ်မှာ ထမင်းတူတူစားဖို့ ပြင်ဆင်ထားမှာပေါ့။
ဒါပေမယ့်
အဆုံးသတ်မှာ Newland က Ellen ဆီကို
မသွားခဲ့ပါဘူး။ တုတ်ကောက်လေးကို အားယူပြု ထိုင်ရာကထပြီး လာရာလမ်းအတိုင်း ပြန်သွားခဲ့ပါတော့တယ်။
 
Ellen ရဲ့ ၀ရံတာမှာ ချိတ်ဆွဲထားတဲ့ အလှဆွဲလက်လက်ကလေးက နေထိုးပြီး လက်ကနဲ ဖြစ်သွားတာမှာ ပင်လယ်ကမ်းစပ်တစ်ခုရဲ့ တံတားလေးပေါ်မှာ နေ၀င်ရီတရောအချိန် ပင်လယ်ထဲက boat လေးတစ်စင်း သွားနေတာကို ငေးကြည့်နေခဲ့တဲ့ Ellen ရဲ့ ပုံရိပ်လေးကို မြင်ယောင်ပြီး... သူ့အတွေးစိတ်ကူးထဲမှာတော့ Ellen ဟာ သူ့ကို လှည့်ကြည့်လာပြီး အလှဆုံးပြုံးပြခဲ့တာပေါ့....
 Ellen ကလည်း Newland နောက်ကို လိုက်သွားမှာ မဟုတ်ဘူးလို့ ကိုယ်ထင်တယ်။
 
ဒီရုပ်ရှင်ခံစားချက်ကို အလွမ်းနဲ့ ရေးရင်း အဆုံးသတ်ရမလား...
အသော လေးနဲ့ အဆုံးသတ်ပေးရမလား..
(ကိုယ်က စဥ်းစားနေမိတာ... ကွဲသွားတဲ့ ဇာတ်လမ်းလေးတွေက လွမ်းတသသနဲ့ကျန်ရစ်တာလေ...
မကွဲဘဲ ယူလိုက်မှ ရန်တွေဖြစ်၊ ထသတ်၊ ကလေးကိစ္စ အိမ်မှုကိစ္စ နှစ်ဖက်မိဘဆွေမျိုး အင်လောတွေရဲ့ ကိစ္စနဲ့ ။
တစ်ယောက်နဲ့တစ်ယောက်က စည်းကမ်းတွေက မတူ။ အတွေးအခေါ်တွေက မတူ။
မယူခင်က သူ့ကိုယ်သင်းနံ့လေးက ဘယ်လိုများရှိလိမ့်မလဲ စိတ်ကူးယဥ်မိသမျှ.. ...
ယူပြီးမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီနံ့ နံပါတယ်။
သွားကဖြင့် မှန်မှန်မတိုက်ဘူးတွေ
ဖြစ်ကုန်ကြမှာတွေ....
ဒီဘ၀ သူနဲ့မဆုံရရင် သေရပါလိမ့်မယ် ဆိုတဲ့အဖြစ်ကနေ.....
ဒီလူနဲ့ ရေစက်ကလည်း ကုန်.. မကုန်နိုင်သေးဘူးလား .... တွေ ဖြစ်ကုန်ကြတာမျိုး....
Romance ဆိုတာ ကြက်ပျောက်ငှက်ပျောက်........)
ရယ်စရာပေမယ့် ဒါ အမှန်တရားလေကွယ်နော....
 
တကယ်ကတော့ ဒီရုပ်ရှင်ဟာ လွမ်းစရာလေးပါ... 
Newland နေရာက ခံစားပေးလို့ရတယ်... 
Ellen ဆိုတဲ့ သူ့ရဲ့ အတွေးတွေထဲက
စိတ်ကူးပုံရိပ်လေးကို reality နဲ့ မလဲဘဲ
သူ့ရင်ထဲက Ellen ဆိုတဲ့ ideology လေးကိုပဲ ရွေးချယ်လိုက်မှု...
တသသ စွဲလန်းနေရတဲ့ ခံစားချက်လေး.....
..................
 
တခါတလေ မဆုံစည်းလိုက်ရတာဟာ...
ဆုံစည်းလိုက်ရတာထက်..
ပိုလှပနေတတ်တာ မဟုတ်ပါလား........

No comments:

Post a Comment