Tuesday, July 11, 2017

Granite တောင်တန်းဆီသို့



ဟိုးတစ်နှစ်က တက်ခဲ့တဲ့တောင်ကို သတိရနေမိလို့ရယ်။
ပထမပိုင်းမှာတော့ ဓာတ်ပုံရိုက်နိုင်သေးတယ်။ အောက်ခြေမှာ ရေတံခွန်တွေနဲ့ သိပ်လှတာပဲ။ ဒါပေမယ့် ပိုပိုမြင့်လာလေ နံရံကို သံကြိုးနဲ့တွယ်တက်ရတဲ့ နေရာတွေရောက်တော့ ဓာတ်ပုံရိုက်ဖို့ မစဉ်းစားနိုင်တော့ဘူး။ ကိုယ့်ကိုကိုယ်တောင် မနည်းသယ်နေရတာ။ ဒီကြားထဲမှာ စိတ်ပူတတ်တဲ့ ညီမလေးက နာရီဝက်တစ်ခါ ဖုန်းခေါ်တယ်။ ဒီမှာက မနည်းတက်နေရပါတယ်ဆို သူ့ကို နာရီဝက်နေလို့မှ ဖုန်းမခေါ်ရင် text မပို့ရင် တဂွီဂွီခေါ်ပြီ။ ချက်ချင်းဘာလို့ မကိုင်လဲ လုပ်ချင်သေးတာ သူက၊ ဒီမှာက မနည်းအသက် မ တက်နေရတာ လက်တွေရဲရဲနီ သံကြိုးကို ဆွဲထားရချိန်၊ ခြေမချော်အောင် ကျောက်ကြားလေးတွေကြား ကုတ်ထားချိန်မှာ သူ့ဖုန်းကို ချက်ချင်းမကိုင်ရဘူးလား လုပ်သေးတာ။ သူက တောင်တက်တာ လုံးဝမကြိုက်ဘူး။ အဓိပ္ပာယ်မရှိဘူးမြင်တယ်။ သိပ်တက်ချင်ရင် ဟယ်လီကော်ပတာနဲ့တက်တဲ့ ဟယ်လီကော်ပတာ ငှားပေးမယ်ဆိုတယ်။
ကိုယ်က တောင်တက်ချင်တာလေ.. ဟယ်လီကော်ပတာစီးချင်တာမှ မဟုတ်ဘဲ။
ကိုယ့်မှာ အဲလိုတောင်တက်ရတဲ့ ဒုက္ခတစ်ခု သူ့ဖုန်းကိုဖြေရတာ ဒုက္ခတစ်ခုနဲ့ ဘာဓာတ်ပုံမှ မရိုက်နိုင်။ သူက ပြောသေးတယ်.. ကိုယ်တောင်တက်ရင် သူ့မှာ အလုပ်မလုပ်နိုင်ဘူး စိတ်တွေပူနေရတာနဲ့ ရုံးမှာ အာရုံမစိုက်နိုင်လို့ စိတ်သိပ်အနှောက်အယှက်ဖြစ်တယ်ဆိုပဲ။ သြော်...... .. လို့ပဲ တစ်ခွန်းပဲ ပြောလိုက်တော့တယ်။ သူကပြောသေးတာ.. တောင်ပေါ်က ရှုခင်းတွေသိပ်လှလို့ ကြည့်ချင်ရင် ပြက္ခဒိန်တွေအထပ်လိုက် ဝယ်ပေးမယ် ဆိုသေးတယ်။