Saturday, October 4, 2025

Pharisaics

 


"ခင်ဗျား ကဗျာမစပ်ပါနဲ့" တဲ့လား

ကျမရဲ့ ကဗျာတွေက
မျက်နှာ စာမျက်နှာတွေပေါ်က
ရန်ပွဲတွေလောက်
ဆွဲဆောင်မှု မကောင်းလို့လား အချစ်ရဲ့
 
ရွက်ကြွေတောတွေအောက်က
ပုပ်သိုးနေတဲ့ ရှဥ့်တစ်ကောင်လောက်တောင်
ဘဝကူး မကောင်းဘူးလို့
နက်ပြာရောင်ဘယ်ရီသီးတွေပေကျံနေတဲ့
ယုန်ပေါက်လေးတစ်ကောင်
ရယ်မောသံကို ကြားမိရဲ့ မဟုတ်လား။
 
တိမ်တွေလည်း ပြိုကုန်ပြီ
ပန်းတွေလည်း ခေါင်းမထူနိုင်တော့ဘူး
မိုးပေါက်တွေကြောင့်
ဇကာပေါက်ဖြစ်ကုန်တဲ့ ကန်ရေပြင်မှာ
လယ်ဗျိုင်းတစ်ကောင်
မစင်စွန့်ဖို့ အပြင်းအထန် ကြိုးစားနေတာကော
မြင်မိကြပါရဲ့လား။
 
 
 
ကိုယ့်ယုံကြည်ချက်သာ အမှန်ထင်တဲ့
အမှားတွေပေပွနေတဲ့ ဒီကမ္ဘာကြီးကနေ
ခုန်ထွက်သွားနိုင်တဲ့ အစွမ်းအစ
ဘယ်သူများမှာမှ ရှိလိမ့်မလဲကွယ်။
အမှန် အမှားတွေ တဏှာရာဂတွေ
အတ္တမာန်မာနတွေ
အလိမ်းလိမ်းပေကျံနေကြရင်း
ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့် ဘဝတွေ။
 
တောင်ရောက်မြောက်ရောက်
ဟောသလို ဟောသလို
စကားလုံးတွေနဲ့
အသဲကွဲ ရည်းစားစာလို
ကဗျာတွေကိုမှ
ရှင်တို့အသိုင်းဝိုင်းကြီးက
မော်ဒန်ဆန်တယ်ထင်ပြီး
ကဗျာ... လို့ ယူဆနေမှတော့.......
 
မော်ရယ်ဟိုင်းဂရောင်းယူထားတဲ့
ရှင့်ကိုကျူသမျှ မိန်းမတွေအနားက
စကားလုံးတွေဟာ
ကျမအတွက်တော့ မြူ့ဇ် ဖြစ်ခဲ့ရပေါ့။

No comments:

Post a Comment