သူမနဲ ကျနော် စသိတဲ့အချိန်မှာ ပထမဆုံး သတိထားမိတဲ့ အရာက သူမရဲ့ ပိရိသေသပ်တဲ့
နှုတ်ခမ်းဖြစ်တယ်။ ကျနော့ရဲ မွေးရာပါ အလိုက်ကန်းဆိုးမသိ အထူအပါးနားမလည် တဲ့
ဉာဉ်အတိုင်း။
“မင်း နှုတ်ခမ်းက တော်တော် ကြောက်စရာကောင်းတယ်”
ဘယ်လိုမှ သူမမျှော်လင့်မထားတဲ့ ကျနော့ ဧည့်ထောက်ခံ စကားကို သူမအံ့သြတဲ့ မျက်ဝန်းအစုံ နဲ
သိမ်းယူတယ်။
“ဟင်...... ဘာလို့လဲ”
“မဟုတ်ပါဘူး ...မင်းလို ပိရိနေတဲ့ နှုတ်ခမ်းမျိုးက လိုအပ်ရင် ကိုယ် ဆန္ဒကိုယ် မျိုသိပ်နိုင်မယ်
.. အသက်သေမယ်ဆိုရင်တောင်အသေခံသွားလိမ့်မယ်”
“သြော် .. ဟုတ်မလား မသိဘူး….”
စိတ်ထဲကတော့ ဘယ်လို လူ ခွစာလဲ လို့ တွေးလိုက်တဲ့ အရိပ်တွေ သူမမျက်လုံးထဲ ဖတ်ကနဲ လဲ့လို ။
(၁)
အဲဒီနေ့က တလောကလုံး အုံ့မှိုင်းနေတယ်။ ကျနော် ဂီတာကို ကောက်ကိုင်လိုက်တော့
အလိုလိုထွက်ကျလာတဲ့ သီချင်းက ထုံးစံအတိုင်း အမေ့ရဲ ဒုက္ခအိုးလေးပဲ ဖြစ်နေတယ်။
“မိတ်ဆွေတစ်ချို က ပျက်ရယ်.... ချစ်သူကလဲ နားမလည်....”
အဲဒီနေရာမှာ ကွက်ကနဲ သူမမျက်နှာ ပေါ်လာတာကတော့ အင်မတန်ထူးခြားတယ်။
ဘာကြောင့်ဆိုတာ မသေချာပေမဲ့ ကျနော့ကို နားမလည်နိုင်တဲ့ မိတ်ဆွေထဲမှာ
သူမတစ်ယောက် ပါလာလိမ့်မယ် လို့ပဲ ထင်ထားလိုက်ပါတယ်။ စိတ်ကတော့
နည်းနည်းလေးလံနေသလိုပဲ။ သီချင်းလဲ ဆက်ဆိုလို မရ တဲ့ အတူတော့ ဖုန်းထဲကို ပို့
လိုက်တဲ့ အကြောင်းကြားစာအရ ကျနော် ကြည့်ချင်တဲ့ ဇာတ်ကားတစ်ကားမှ အသစ်မထွက်တဲ့ DVD
အငှားဆိုင်ကို ထွက်ခဲ့လိုက်တယ်။ ကျနော် ကိုယ်တိုင်က သွားနေကြလမ်းဟောင်း က မသွားဘဲနဲ့
တခြားဘက်ကနေ ပတ်သွားလိုက်မိတာလည်း ပါတယ်။ ကြယ်ပိုက်ဆံ ကော်ဖီဆိုင်မှာ သူမနဲ့တွေ့ပြန်ပါရော။
ကျနော်တစ်ချက် လှမ်းကြည့်ပြီး ရယ်ပြလိုက်တော့ သူမက ခပ်ဖွဖွ ပြန်ပြုံးပြတယ်။
ထင်မထားပါပဲ ကျနော့ ခြေထောက်တွေက သူမနား ဆွဲခေါ်သွားတာကို
ခံလိုက်ရတယ်။ နောက် .... Espresso တစ်ခွက် သွားဝယ်ပြီး သူမ စားပွဲမှာပဲ ရုပ်အခံနဲ ဝင်ထိုင်လိုက်တယ်။
Cappuccino တစ်ခွက်၊ အင်တာနက် စာမျက်နှာတွေ ကို ပရင့်ထုတ်ထားတဲ့ စာရွက်တွေ၊
စာအုပ်တွေ၊ ပြီးတော့ Laptop တစ်လုံး၊ နောက်.... စာရေးဖို့ တိုလီမုတ်စတွေ နဲ့ သူမ
စားပွဲပေါ်မှာ ကော်ဖီခွက်တင်ဖို နေရာလွတ် တစ်နေရာစာ ရှိနေသေးတာ ကျနော့ အဖို့
ကံကောင်းတယ် ပြောရမလားပဲ။ သူမက မျက်လုံးတစ်ချက်ဝင့်ကြည့်ပြီး အဲဒီ ကြယ်ပိုက်ဆံ
ကော်ဖီဆိုင်ရဲ့ တစ်နှစ်အတွင်း အမြတ်စားရင်း အင်တာနက်စာမျက်နှာက ထုတ်ထားတဲ့ စာရွက်ကို ဖတ်ဖို့
လှမ်းပေးတယ်။ ကျနော် ဘယ်တုန်းကမှ စိတ်ဝင်စားလို့ မရပေမဲ့ ဒီတစ်ခါတော့
ဖတ်ကြည့်လိုက်မိတယ်။
“ကျောင်းအတွက်ပါ...” သူမက ကျနော် ပြန်ပေးတဲ့ စာရွက်ကို လှမ်းယူရင်း ကြယ်ပိုက်ဆံ
နဲ့ သူမ ဘာမှမဆိုင်ကြောင်း ကြေငြာတယ်။ဘာလုပ်ရမှန်း မသိတော့
စာရွက်စုတ်လေးပေါ်မှာ ကျနော်ရေးထားတဲ့ ကဗျာတစ်ပုဒ်ပေး ဖတ်တယ်။
ဇာတ်ပေါင်း
ဒီကောင်းကင်က မပြိုနိုင်ဘူး
သူ့လက်သည်းရာနဲ့ ရင်ဘတ်တွေချင်းချင်းနီလို့
မုတ်သုံဘယ်နှစ်ခါတိုင်ပြီလဲ
ကျနော်တို့မလဲခဲ့ပါဘူး
အလံကိုအဆင့်ဆင့်ကမ်းခဲ့တယ်
ဒီတစ်ခါသီချင်းက ရောင်စုံအလံနဲ့စတယ်
ချိုးဖြူဝတ်ရုံနဲ့ကမယ်
ဟယ်လို
နတ်ဆိုး..ခင်ဗျားလက်တွေကို
ကျတော်တို့ချိုးတော့မယ်
ပထမဆုံးလဲမဟုတ်ခဲ့ပါဘူး
မကြာခင် နာက်ဆုံး စီးချင်းထိုးကြမယ်။ ။
“ကောင်းပါတယ်,....” သူမက ယဉ်ကျေးမှု အရ ပြောဆိုဟန်တူတယ်။ နောက်.. ကျနော်
ဆက်လုပ်စရာ မရှိဘဲ ကြောင်တောင်တောင် ဖြစ်နေတာကို သတိထားမိဟန်ရှိတဲ့ သူမက
သူမ လုပ်လက်စအလုပ်တွေကို ရပ်လိုက်ပြီး ကျနော်နဲ့ စကားပြောတယ်။ ပထမဆုံး
ဟိုအဝေးက ကျနော်တို့ ကျင်လည်ခဲ့ဘူးတဲ့ တိုင်းပြည်အကြောင်း။ နောက်..... ကဗျာ ၊ ဝတ္ထု
သီချင်း။ ပြီးတော.....
“မင်း အချစ်ကို ယုံသလား.. “ ကျနော့ ပါးစပ်ကြီး က အလိုလိုထွက်သွားခဲ့ တယ်။
“အဟင်း အချစ်ဆိုတာ Chemical ပါ.... အများဆုံး ၂ နှစ်ပဲ သက်တမ်းရှိတယ်.......”
“............................”
“လူနှစ်ယောက် ၆ ပတ်လောက် မတွေ့ ပဲ နေလိုက်ရင်.........” စတဲ့ သုတေသန ဆိုတဲ့
တကယ်အသုံးဝင်တာ ၊ လက်တွေ ဖြစ်တာ မဖြစ်တာထက် အသစ်ဖြစ်ဖို ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ရေးထားတဲ့ စာအုပ်ထဲကဟာတွေ အလွတ်ရွတ်ဆိုပြပါလေရော။ စိတ်ထဲကတော့ အချစ်ဆိုတာ လူနဲ့
တွယ်ဆက်ထားတဲ့အခါ ၆ ပတ်မပြောနဲ့ ၆ ရက်တောင် ခွဲနေဖို့ လွယ်ပါ့မလားတွေးမိတယ်။
ကျနော် သိပ်လက်ခံဟန်မတူတော့ အားနာစွာနဲ့ ဘာသာရေး အမြင်ဘက်ကို ပြောင်းလိုက်တယ်။
သူမ ဟာ ဘုရားရှင် ကို ညွတ်နူးရှာတယ်။ နောက်ဆုံးတော့ ကော်ဖီဆိုင်ကနေ ကျနော်တို့
အိမ်ပြန်ခဲ့ကြတယ်။ သူမ ကားနားအထိလိုက်ပို့ရင်း
“လောလောဆယ်တော့ ကျနော့ အနေနဲ အချစ်ကို လက်ခံဖို့ အသင့်မဖြစ်သေးသလို ခုခံဖို
လဲ
အားမရှိသေးဘူး... “
သူမမျက်လုံးလေး ဝိုင်းစက်သွားပြီး ပိရိနေတဲ့ နှုတ်ခမ်းလေး
ခဏ ပွင့်ဟသွားလေးမား မသိနိုင်မှီ
ကျနော်လှည့်ထွက်ခဲ့တယ်။
သူမ အစအဆုံးရော ကြားလိုက်ရဲ့လား မသေချာ။
ကျနော့ အိမ်အပြန်အတွက် လက်ထဲမှာ DVD တစ်ချပ် ပါမလာပေမဲ့ နူးညံ့မှုနဲ အတ္တရုပ် ပေါင်းထားတဲ့
အပြာရောင်ခြေအိတ်ကလေး
တစ်စုံကို သယ်ဆောင်လာခဲ့တယ်။
ကျောနဲ့ ပိုးယူခဲ့သလေား ရင်နဲ့ လွယ်ယူခဲ့သလားတော့ မသိရိုးအမှန်။
(၂)
ကက်ဆက်ခလုတ်ကို ပိတ်လိုက်တဲ့ အခါ ကျနော့ အသံကို ထုတ်ပိုးပြီး ဖြစ်သွားတယ်။
“မင်းနဲ့ တို့ အတွက် အမှန်တရား အချစ်ရှိတယ် .. ဘဝရဲ့ အလင်းသစ် ကို ရှာခူးဆွက်မယ်
ကိုယ်တိုင်ကိုယ်ကျကွယ်............”
အဲဒီသီချင်းကို ဘာကြောင်ဆိုပြီး သိမ်းဆည်းလိုက်မိလဲမသိဘူး ။ ကော်ဖီခွက် ကို
လက်နဲ ထိဆော့ရင်း “ဗလ ရဲ့ “ကိုယ်တိုင်ကိုယ်ကျကို ကျမသိပ်သဘော ကျတယ်” ဆိုတဲ့ အသံလေး နားထဲ
ပြန်ကြားလာတယ်။ ကိုယ့်ကိုကိုယ် ဘာတွေ လုပ်မိလိုက်လဲ သတိမထားလိုက်ခင်ပဲ သူမ ရုံးရှိရာကို
လှမ်းထွက်ခဲ့တယ်။
“ကျနော်သီချင်းသွင်းထားတာနားထောင်ကြည့်ပါဦး....”
“ဟင်ဘာသီချင်းလဲ.... “
“နားထောင်ကြည့်ပါ .. အခြေအနေကောင်းရင် အခွေထုတ်မလား လို့”
“ခနစောင့်...” ပြောပြောဆိုဆို သူမ လှည့်ထွက်သွားတယ်။ ကျနော်လဲ ဘာမှန်း မသိပေမဲ့
ရပ်စောင့် နေခဲ့မိတယ်။ မိတ်ဆွေချင်းပဲလေ နှုတ်မဆက်ဘဲ ပြန်သွားလို့ ဘယ်ဖြစ်မလဲ
ဆိုတဲ့ အတွေးကို
အမြန်ဝတ်ဆင်ရင်း။
၁၅ မိနစ်လောက်နေမှ သူမပြန်ရောက်လာတယ်။
လက်ထဲမှာ စာရွက်အဖြူလေးတစ်ရွက်ကိုင်လို့။
“ရှင်စာသားတွေ သိပ်မရဘူး ထင်လို့ ...နောက် နည်းနည်းမြန်နေတယ်.. နောက် တစ်ခါ
ဖြည်းဖြည်းလေး ဆို... ဟင်းဟင်း”
“ဗျာ..ဟုတ်..ကျနော်ပြန်တော့မယ်”
“ဘိုင်”
သူမရဲ့ လက်ရေးဝိုင်းဝိုင်းလေးတွေကိုကြည့်ပြီး ကိုယ့်ကိုကိုယ်
နားမလည်နိုင်ဖြစ်ရတယ်။ ကိုယ့် ခြေလှမ်းတွေ ဘယ်ကို ဦးတည်နေလဲ တွေးမိတော့
တော်တော်လဲ အံ့သြမိတယ်။ စိတ်သိပ်ရှုပ်တာ နဲ့ တွေ့ရာလမ်းဘေးဆိုင်လေး ကနေ
ဘီယာတစ်ဗူး ဝယ်ပြီးသောက်လိုက်တယ်။ ဘီယာလေးနည်းနည်း ဝင်လာတော့ နေရင်းထိုင်ရင်း
ကျွဲခိုးမိသလား စဉ်းစားလာမိတယ်။ ကိုယ်တိုင်သိသလောက် မခိုးတာသေချာတဲ့ အတွက်
ကျနော် ကျွဲ မခိုးကြောင်း ပြောရမယ်လို ယုံလာတယ်။ ချက်ချင်းပဲ
လက်က တယ်လီဖုန်းခလုပ်တွေပေါ်ရောက်သွားတယ်။
“စိတ်ချကျနော်ခင်ဗျားကိုလုံးဝမချစ်ဘူး”
“ဟင်...”
သူမရဲ့ “ဟင်” မဆုံးခင် ကျနော် ဖုန်းချတဲ့ ခလုပ်ကို ဝုန်းကနဲ နှိပ်ပစ်လိုက်တယ်။ ပြီးမှ ကိုယ့်ကိုကိုယ်
ယုံကြည်မှုအပြည်နဲ့ လမ်းဆက်လျှောက်လိုက်တယ်။
(၃)
မနက်ခင်း မိုးလင်းချင်းပဲ ကျနော်ခေါင်းထဲ ရာက်လာတာက ကြယ်ပိုက်ဆံ မှာ
သူမများရှိနေမလား ဆိုတဲ့ အတွေးဖြစ်တယ်။ သူမ ရှိတာ မရှိတာထက် ကျနော် ကော်ဖီတစ်ခွက်
သောက်ရဖိုတော့ ကြယ်ပိုက်ဆံကို သွားမှဖြစ်တယ်။ ဟိုရောက်တဲ့အခါ
သူမ မရှိကြောင်းသိလိုက်တော့ နံနက်ခင်းဟာ တစ်ခုခုလိုအပ်နေသလိုလို။ သောက်နေကျ
ကော်ဖီကပဲ အရသာလျော့နေ သလိုလို။ သူမနဲ့ အတူထိုင်ခဲ့တဲ့ ခုံလေးမှာပဲ
ကော်ဖီသောက်ပြီး ပြန်ခဲ့တယ်။ ကျနော် ချစ်မိနေသလား။ ကျနော် ကိုယ်တိုင်ပဲ မေးခွန်းကို
ကျေနပ်စွာ ငြင်းလိုက်တယ်။ အဲလို နဲ့ နောက်ပိုင်း နေ့စွဲတွေသာကွဲ တယ် ဖြစ်စဉ်က ဒီတစ်ခုထဲ။
စီးကရက် ကို မီးညှိပြီး အိပ်ယာပေါ်ချမိတဲ့ နေ့ ကတော့ ကျနော် သူမကို ချစ်မိပြီဆိုတဲ့
အကြောင်း လက်ခံလိုက်တယ်။ သူမ ကိုလည်း ကျနော့အရင့်အရင်တွေ လို ပဲ ခပ်ပေါ့ပေါ့
သဘောထားနိုင်မယ်ထင်ခဲ့တယ်။ တစ်ခုရှိတာက ဘယ်တုန်းကမှ မဖြစ်ဖူးတဲ့ ခံစားချက်တစ်ခုတော့
ရှိနေတာပဲ။
မနီးခင်ကတည်းက ေ၀းဖို့ ဆိုတဲ့ အကြောင်းမတွေးရဲ ဘူး။
မည်သို့ပင်ဖြစ်စေ ပိရိနေတဲ့ သူမ နှုတ်ခမ်းတွေကတော့ ကျနော့ ကို ရှေ့ မဆက်ဖို့ တားတယ်။
မပြီးသေးပါ.......
ကျနော်နဲ့ အပြာရောင်ပိုးခြေအိတ်ကလေး အကြောင်း (၂)
No comments:
Post a Comment