Saturday, August 23, 2025

သ၀န်တိုတတ်သူပါ မောင်....

အဲဒီနေ့က မောင်နဲ့ကျမ မြို့ထဲကအပြန်.. အိမ်ခြေမဲ့တွေ၊ မူးယစ်ဆေးသုံးစွဲသူတွေ ရှိနေတတ်တဲ့ လမ်းလေးပေါ်က ဖြတ်လျှောက်ခဲ့တယ်။

ကျမက အဲဒီလမ်းက မပြန်ချင်ပါဘူး။

မောင် က...

"ဒီလိုလမ်းတွေကိုလည်း သွားတတ်ရမယ်" ဆိုလို့ .. မလိုက်ချင် လိုက်ချင်နဲ့ မောင့်လက်ကိုဆုပ်ကိုင်လို့

လိုက်ခဲ့ရတာ မဟုတ်လား... မောင်။ 

မောင်က ကားလမ်းကူးရင်လည်း စိမ်ပြေနပြေ ကူးနေသေးတာ....

ကျမကတော့ ကားလမ်းကူးရင် အမြန်ကူးတာကို.... ဘာလို့ဒီလောက်ကြောက်နေတာလဲလို့ မေးသေးတာ မဟုတ်လား.... တစ်ကယ်ဆို ကျမက မြန်မာပြည်က အခုမှ ရောက်လာတဲ့ သူတစ်ယောက်ဆိုတာ မောင် မေ့နေလို့များလား.... ကျမကလည်း မောင် ကားလမ်းကူးတာ ဘာဖြစ်လို့ ဒီလောက်အေးဆေးနေတာလဲလို့ အံ့တွေသြနေမိသေးတာလေ..... 

တစ်နေရာရောက်တော့ ဆိုင်းဘုတ် လှလှလေးတစ်ခုမှာ မူးယစ်ဆေးသုံးစွဲသူတွေ

Overdose ဖြစ်ခဲ့ရင် သုံးဖို့အတွက် အသက်ကယ်ဆေးလေးတွေဖြစ်တဲ့

naloxone ဆေးနဲ့ အပ်တွေကို ဘူးလေးတွေထဲ ထည့်ပြီး ချိတ်ထားပေးတာကို.တွေ့ခဲ့ရတယ်။


သူတို့ရဲ့ ဘဝက... လောကကြီးရဲ့ စံတွေနဲ့ ဝေးတဲ့နေရာမှာ မဟုတ်လား။

လွတ်လပ်မှုကို ပိုင်ဆိုင်မှုမဲ့ခြင်းနဲ့ လဲလှယ်ထားတဲ့ သူတွေ...

အချို့တွေဆို အရမ်းဖော်ရွေတယ်...

သနားဖို့လည်း ကောင်းတယ်...

တကယ်တမ်း စကားပြောကြည့်ရင်

သူလိုကိုယ်လို လူသားတွေပဲလေ...။

သူတို့အကြောင်းကို သိနေတယ်ဆိုပေမယ့်

ဆေးငတ်လာရင် ရန်ပြုတတ်တာကိုလည်း

သိနေတော့... သတိတော့ ထားတာပေါ့။

အဲဒီအချိန်မှာ ကုန်စုံဆိုင်သေးသေးလေးထဲကနေ နှစ်ယောက်ထွက်လာတယ်။ သူတို့ကိုကြည့်ရတာ သုံးလေးရက် ရေချိုးထားပုံ မပေါက်၊

ဆံပင်တွေက ဖွာလံကြဲနေပေမယ့်

ပြုံးရွှင်လန်းဆန်းနေတာ...။

မဆီမဆိုင် The Devil Wears Prada ထဲက

ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး မျက်နှာကြီးတင်းလို့ အီးဂိုးကြီးပြီး မပျော်နိုင်တဲ့ (ပျော်ရင်တောင် လူရှိန်အောင် နေနေရတဲ့)

Miranda Priestly ကို ဖျတ်ကနဲ မြင်ယောင်သွားမိသေးလို့...

ဘာမှ မဆိုင်ဘူးလေ လို့....

တစ်စက္ကန့်မှာ ယူဇနာသောင်းရှစ်ထောင် တွေးတဲ့ ကျမရဲ့ စိတ်အစဥ်မြင်းကို မနည်းဇက်သတ်လိုက်ရသေးတယ်။


မောင်နဲ့ ပြန်တွေ့တဲ့ ရက်တုန်းကလည်း မောင် ကျမကို လည်ပင်းကနေ အသာဆွဲယူလို့ မောင့် ပခုံးစွန်းမှာ 

ပါးအပ်စေခဲ့စဥ်တုန်းကလည်း မောင်ဆွတ်နေကျ Christian Dior Sauvage နဲ့ ဆေးလိပ်နံ့ရောနေတဲ့ မောင့်ဆံပင်တွေကို မသိမသာနမ်းရှိုက်ရင်း စိတ်အစဥ်က လွင့်မျောချင်ရာမျောရင်းးး
 မောင့်ဆံပင်တွေအကြောင်း မောင်  မသိအောင်  ကဗျာစပ်နေမိခဲ့သေးတာလေ...

ထားပါတော့ မောင်ရယ်.....

ဆိုင်ထဲက ထွက်လာတဲ့ အဲဒီနှစ်ယောက်နောက်မှာ

ရွှေရောင်ဆံပင်နဲ့ အရပ်ကလည်း တော်တော် မြင့်တဲ့ မိန်းမတစ်ယောက်ကလည်း သူ့ဟာသူ ထွက်လိုက်လာတာ...

အဲဒီအမျိုးသမီးက မောင့် အရပ်လောက်ကို ရှိမယ်ထင်တယ်။

အဲဒီအချိန်မှာ မောင့် ရဲ့ အကြည့်ကလည်း အဲဒီတစ်ယောက်ဆီကို ရောက်သွားတယ်ဆိုတာကို

လမ်းပေါ်က မျက်လုံးတစ်ချက်ရွေ့စရာမလိုတဲ့ ကျမ က သိနေခဲ့တာ...။

ကိုယ့်ကိုကိုယ် နည်းနည်းတော့ အံသြမိသွားပေမယ့်

ဘာကြောင့်လဲလို့ သုံးသပ်ဖို့ မကြိုးစားပါဘူး မောင်....။

ကျမက ဒီလောက်တောင် သ၀န်တိုတတ်သူ  ဖြစ်နေပြီလားရယ်လို့လည်း

ကိုယ့်ကိုကိုယ် ရှက်မိပါတယ်မောင်ရယ်...

မောင့်နောက်မှာ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး

ကားဂိတ်ဘက်ကို အကြည့်လွှဲတော့ မောင့်ပုခုံးစွန်းနဲ့ ကျမနှုတ်ခမ်း ပွတ်တိုက်သွားမိသေးတာ။
မောင်ဆွတ်နေကျ မောင့်ရေမွှေးနံ့ကို ကျမ နှစ်သက်လာခဲ့မိတာ....
မောင် သူ့ကိုကြည့်လိုက်တာကိုလည်း မမြင်သလို နေခဲ့လိုက်တာ...

 

တကယ်ဆို အကွေးရီးယပ် တစ်ယောက်ပီသစွာနဲ့
ကျမ က '' ချင်ဟန်ဆောင်ရတာကိုလည်း
နှစ်သက်တတ်သူပါ... မောင်ရယ်...။

No comments:

Post a Comment