(၄)
ကျနော် ဘားဆိုင်ထဲကို ရောက်သွားတော့ လုပ်ဖော်ကိုင်ဖက်တွေက အံ့သြတဲ့ မျက်နှာနဲ့
ကြည့်နေတယ်။ ကျနော် အရက်သောက်ရင် ယားယံတတ်တဲ့ အကျင့်ရှိမှန်း သိထားတဲ့
သူငယ်ချင်းကတော့ ကျနော့ကို နားမလည်နိုင်စွာ ကြည့်လို့ ။
“အရက်သောက်ဖို့သက်သက်တော့
မဟုတ်ဘူးထင်တယ်”
“အေး” ကျနော်လည်း ခပ်ပေါ့ပေါ့ပဲ ဖြေလိုက်တယ်။
“ရုံးကိစ္စ ပြောစရာ ရှိလို့လား”
“ဟ မင်းတို့ရော ဘာလို့လာတာလဲ”
ကျနော့ အဖြေနောက်မှာ အားလုံးဘယ်လိုသဘောပေါက် သွားတယ် မသိဘူး။
“မင်း အဖြူလား အညိုလား အဝါလား”
“ဘာဖြစ်ဖြစ်ကွာ..”
“အိုကေ”
ခဏနေတော့ အဲဒီသူငယ်ချင်းရဲ့ အားထုတ်မှုနဲ့ ကျနော်တို့ဝိုင်းကို ကျနော်တို့နဲ့
ဘယ်တုန်းကမှ မသိခဲ့တဲ့ ‘လူမ’ တွေ ရောက်လာတယ်။ ဘားဆိုင်ထဲက ညနေခင်းမှာတော့ ကျနော့
က မင်းသားဖြစ်နေမယ် ထင်ပါတယ်။ အရင်က သူတို့နဲ့ ကော်ဖီဆိုင်လောက်သာ
အဖော်ခေါ်လို့ ရတဲ့ကောင်တစ်ကောင် နဲ့ အရက်ထိုင်သောက်ရတယ်။ ကံကောင်းရင်
ကျနော်နေတဲ့ တိုက်ခန်းဟာ သူတို့အတွက် အိပ်ယာဖိုး မကုန်တော့တဲ့ အဖြစ်မျိုးထိလဲ
မျှော်လင့်လို ရနေလို့ ထင်ပါတယ်။ အားလုံး ကျနော့ကို ဂရုစိုက်နေကြတယ်။
နောက်ဆုံးတော့ ကျနော်လည်း ‘လူမလေး’ တစ်ယောက်နဲ့ စကားလက်ဆုံ ကျသွားတယ်။ ကျနော်
ဘယ်ကလာလဲ ဘာလုပ်လဲ ဆိုတဲ့ မေးခွန်းတွေ နောက်မှာ ကျနော်ကလည်း သူ့တိုင်းငံသား
ဘောလုံးကန်တဲ့ နံပါတ် ၇ အကြောင်းမေးကြည့်နေမိတယ်။ နောက်တော့ သူမက
အာရှနိုင်ငံတွေကို အလည်သွားချင်တဲ့ အကြောင်းပြောတယ်။ ကျနော် နောက်ထပ်အရက်
တစ်ခွက်ကို မှာတဲ့ အချိန်မှာ လူက ယားယံစ ပြုလာတယ်။ အဲဒီ ‘လူမ’ ကို ခဏတောင်းပန်ပြီး ကျနော်
အပြင်ကို ခနထွက်ရပ်တယ်။ ‘လူမ’ ကို ကျနော်နဲ့ မိတ်ဆက်ပေးတဲ့ သူငယ်ချင်းက မယောင်မလည်နဲ့
ကျနော့ နောက်ကလိုက်လာတယ်။ ကျနော့ နားက ဆေးလိပ်တစ်လိပ်ကို ယူဖွာရှိုက်ပြီးတဲ့
နောက်မှာတော့...
“မင်း ကားလျှောက်စီးဖို့ ပြောကွာ”
“ချက်ချင်းကြီးကွာ မင်းကလဲ ဖြစ်ပါ့မလား... နောက်.... ငါ့မှာလည်း ကားမှ မရှိတာ”
“ဟ ငပေါ မင်းတို့ ငါတို့
ဘာလို့ ဒီလို ဘားဆိုင်ကိုလာတာလဲ”
ကျနော် ဘာမှ ပြန်မဖြေတဲ့အခါ သူကပဲ ဆက်ပြီး.....
“အေးသူတို့လည်း အဲလိုပဲ ပေါ့ကွာ... ဟား ဟား ...ခေါ်လိုက်ပါကွာ သူ့မှာ
ကားပါတယ်.... ချစ်တတ်သူပါကွာ တစ်ပတ်နှစ်ပတ်တော့ အချိန်လိုမှာပေါ့”
“အေး ကြည့်သေးတာပေါ့”
ဆေးလိပ်မီးကို ခြေထောက်နဲ့ နင်းသတ်လိုက်တဲ့အခါမှာတော့ ကျနော့် မွေ့ယာပေါ်က
ဆေးလိပ်မီးပေါက်လေးကို မဆီမဆိုင် သတိရလိုက်မိတယ်။ ပြီးတော့ ပင့်သက်ကို မှုတ်ထုတ်ရင်း
ဘားဆိုင်ထဲကို ပြန်ဝင်ခဲ့တယ်။ အားလုံးကတော့ အရက်နဲ ရမ္မက်ကို ကိုယ်စီကိုယ်ငှ
မြိုချနေကြတယ်။ ကျနော် ထိုင်ခုံပေါ်ကို ထိုင်လိုက်တဲ့ အခါ ‘လူမ’ က ကျနော့ကို ပြုံးပြလိုက်တယ်။
သူ့အပြုံးက အင်မတန်လှတယ်။ ဒါပေမဲ့ အဲဒီအလှနဲ့ အတူ ကျနော်လိုချင်တာ သူမနားမှာ
မရှိဘူးဆိုတာ သေချာသွားတယ်။ ကျနော် အဲဒီ ‘လူမ’ ကို အားနာစွာကြည့်ရင်းပဲ ဆုံးဖြတ်ချက်တစ်ခုကို
သေချာ ချလိုက်တယ်။
“ငါ လစ်တော့မယ် ကွာ
သိပ်နေမကောင်းဘူး”
"ဟင်...”
သောကြာနေ့ညက ကိုယ့်ခံစားမှုကိုယ် ပြန်တွေးပြီး ကျနော် ဘားဆိုင်က
အစောကြီးပြန်လာတာကို လုပ်ဖော်ကိုင်ဖက် အားလုံးကတော့ ဒီကောင်စိတ်မရှည်ဘူး ဆိုတဲ့မျက်လုံး
နဲ့ ကြည့်တယ်။ အဲဒီအကြည့်ရဲ့ နောက်မှာ စနေနေ့ ညကို နာမည်ကြီး Strip ကိုလိုက်ခဲ့ဖို့
ကျနော့ကို မနက်အစောကြီး ဖုန်းဆက်ခေါ်တယ်။ ကျနော်ကတော့ မလိုက်တော့ပါဘူး လို့
ပဲပြောလိုက်တယ်။ အပြင်မှာ ရွာနေတဲ့ မိုးဖွဲလေးတွေကို ကြည့်ရင်ပဲ သူမ မိုးစက်တွေ
အောက်မှာ တစ်ယောက်ယောက်နဲ့ လမ်းတွဲလျှောက်နေမလား ဆိုတဲ့ အတွေး၊
တစ်ယောက်ယောက်နဲ မိုးစက်တွေကို ထိုင်ငေးနေမလား ဆိုတဲ့ အတွေးတွေ နဲ့
ဆောက်တည်ရာ မဲ့နေခဲ့တယ်။
တစ်နေ့လုံး ဝုန်းဒိုင်းကြဲနေအောင် သူမကို လွမ်းနေမိတယ်။
သူမကတော့ သိနိုင်လိမ့်မယ် မထင်ဘူး။ ကျနော် သူမကို ချစ်မိနေပြီလား ။
ရှေ့ဆက်လို့ ခက်ခဲမဲ့ အတူတော့ ဒီဇာတ်လမ်းကို ကျနော် ရအောင် တားရမယ်။ ကျနော့် သူငယ်ချင်း
ဆီကို ဖုန်းလှမ်းခေါ်လိုက်တယ်။
“ညနေ ငါ့ကိုလာခေါ်လိုက်ကွာ”
(၅)
ည (၈) နာရီသာသာ မှာ ကျနော်တို့ အဲဒီကို ရောက်သွားတယ်။ အဖြူ၊အညို၊ အဝါ
အရေပြားတွေ ကတော့ ရောက်စုံထောင်ခြောက်တွေ ၊ ထောင်ခြောက်ဆီ
တိုးဝင်ချင်သူတွေ များစွာ။ ကျနော် ကိုယ်တိုင်ကရော။ ချစ်ခြင်းမေတ္တာကို ခြေတော်တင်ဖို့ရာ
ကျနော် ဒီထောင်ခြောက်တွေဆီ လာခဲ့တယ်။ မိန်းမတစ်ယောက်ကို မေ့နိုင်ဖို့
တခြားမိန်းမတစ်ယောက်ကို အစားထိုးတာ တရားပါသလား ကျနော် မတွေးချင်ဘူး။ ခနနေ
တော့ ထောင်ခြောက် သုံးလေးခု ကျနော်တို့ စားပွဲရှိရာ မဖိတ်ခေါ်ဘဲ ရာက်လာတယ်။
ကိုယ့်ကိုကိုယ် ရောင်းကုန်တစ်ခုလို သဘောထား ပြောဆိုနေတဲ့ စကားလုံးတွေ အတွက်
ဘာစိတ်အနှောက်အယှက် မှလဲ ဖြစ်ဟန်မရှိဘူး။ သူတို့ ရင်သားတွေ ၊ တင်ပါးတွေက လှပသေသပ်တဲ့
ထောင်ခြောက်တွေ ဖြစ်ပါလိမ့်မယ်။ ကျနော့် အတွက်တော့ စိတ်ညစ်ညူးမှုကို
ပိုလာစေတာကလွဲလို့ ဘယ်လို စိတ်မျိုးမှ ရှိမလာစေခဲ့ဘူး။ အထိအတွေ တွေကလည်း ခါးတယ်။
ကျနော် နဲ့ နောက်တစ်ယောက်ကြားထဲမှာ လာထိုင်နေတဲ့ ရွှေဝါရောင် (အဖြူရောင်လဲ
ဖြစ်နိုင်တယ်) ဆံပင်မ က ကျနော့ ကို သူနဲ့ အတူတူ အရက်သောက်မလားလို မေးတယ်။ ကျနော်
မသောက်ချင်ကြောင်း ငြင်းဆန်လိုက်တဲ့ အခါ အဲဒီစကားဝိုင်းထဲက ကျနော်
အလိုလိုဘေးထွက်သွားခဲ့ရတယ်။ အခြေအနေက ကျနော့်ကိုကျနော် သံသယဖြစ်ရလောက်
အောင် တဖြည်းဖြည်း အေးစက်လာတယ်။ ကျနော့ မှာ မိန်းမတစ်ယောက်နဲ့ အိပ်ဖို့
စိတ်ရော၊ ရုပ်ပါ
အဆင်သင့် ဖြစ်မနေဘူးလားလို့ တစ်ချက်တွေးလိုက်မိတယ်။
တဖြည်းဖြည်း ညနက်လာလေလေ ဘယ်တုန်းကမှ မချစ်ဘူးခဲ့တဲ့ ချစ်သူတွေ များလာလေ။
ချစ်ခြင်းမေတ္တာမပါတဲ့
ပူလောင်တဲ့ အနမ်းတွေ၊ ရမ္မက်တွေ တောက်နေတဲ့ မျက်လုံးတွေ၊
မျှော်လင့်ချက်နဲ့ မျက်လုံးတွေ နဲ့ ကျနော့ အဖို့တော့ အပူလှိုင်းတွေ တစ်လုံးပြီး
တစ်လုံး။
ဆိုင်ပိုင်ရှင် အဖိုးကြီးတစ်ယောက်ပဲ အပူလှိုင်းတွေတိုင်းဟာ သူ့ဘဏ်စာရင်းကို
အပေါင်းဖြစ်ဖို့
ဖြစ်တယ်ဆိုတဲ့ စိတ်နဲ့ အေးနေလိမ့်မယ်ထင်တယ်။ ရုတ်တရက် သူငယ်ချင်းက သိပ်မကြာခင်
ခေတ်နောက်ပြန်ဆွဲပြတဲ့
အကတွေ က တော့မှာမို့ ကျနော့ကို တစ်ခုခုဆုံးဖြတ်ဖို့ ပြောတယ်။
ပြီးတော့ အာရှစံချိန် နဲ့ လုံးကြီးပေါက်လှလို့ ပြောလို့ရပေမယ့် ဒီနေရာရဲ့စံနှုန်းအရ
ပစ္စည်းမဲ့လို့ ပြောလို့ရတဲ့ ကောင်မလေးတစ်ယောက်ကို ကျနော့အတွက်ခေါ်ပေးတယ်။
အဲဒီကောင်မလေးကလဲ မျှော်လင့်ချက် တနင့်တပိုးနဲ့ ကျနော့ဘေးကို ဝင်ထိုင်လိုက်တယ်။
ပြီးတော့ ကျနော့ကို နောက်နာရီဝက်နေရင်
ကပွဲစမှာ ဖြစ်တဲ့အကြောင်း၊
လုပ်စရာရှိတာ မြန်မြန်လုပ်ဖို့ အကြောင်း သူကပဲ
စလောဆော်တယ်။
ကျနော်လည်း ဘာလုပ်ရမှန်း မသိတဲ့ စိတ်တွေနဲ့ အရက်တစ်ခွက် ထပ်မှာလိုက်တယ်။
“Tequila နှစ်ခွက်”
သူမကလဲ သူမအတွက် တစ်ခုခုမှာလိုက်တယ်။ စားပွဲပေါ်ကို အရက်ခွက် ရောက်လာလာချင်းပဲ
ကျနော် အကုန်မော့သောက်လိုက်တယ်။ ဆား နဲ့ သံပုရာသီးကို ပြီးမှ ကမန်းကတန်း
ပါးစပ်ထဲ ထည့်လိုက်ရတယ်။ ပြီးတော့ စိတ်ကို ဒုန်းဒုန်းချပြီး ပစ္စည်းမဲ့လေးနဲ့
စကားစမြည်းပြောဖို့ ပြင်ဆင်တယ်။ သူမကလဲ ဒီညအဖို့ ကျနော်ဟာ သူမရဲ့
နောက်ဆုံးမျှော်လင့်ချက် ဖြစ်ဟန်တူပါရဲ့။
“ငါ့ ရင်သားတွေ လှရဲ့လား” လို့ မေးလာတယ်။ မညာတမ်း ဝန်ခံရရင်
ရေကူးဝတ်စုံသာသာ သူ့ အဝတ်အစားက သူ့ရင်သားကို ထိန်းမထားနိုင်ခဲ့ဘူး ။
“အင်း”
“သဘောကျသလား”
ကျနော် ဘာမှ ပြန်မဖြေဖြစ်လိုက်ဘူး။ ကျနော့ ကို ကျနော် လည်း သဘောကျမကျ မသေချာဘူး။
ပစ္စည်းမဲ့လေးက သူမ အမေးကို ကျနော် ဘာကြောင့် ပြန်မဖြေလဲ စဉ်းစားဟန် မတူဘဲ
သူ့ထောင်ခြောက်တံခါးကို ပိုဆွဲဟဖို့ ကျနော့နားကို ပိုကပ်လာတယ်။ ရုတ်တရက်ပဲ
အကစင်မြင့်ပေါ်မှာ မီးမောင်းတွေ ဝဲကျလာတယ်၊ မီးခိုးငွေ့တွေ လွင့်တက်လာတယ်။
ကျနော်တို့ထိုင်နေတဲ့ နေရာက မီးလုံးလေးတွေ ကတော့
တဖြည်းဖြည်းမှိန်ဖျော့လာလို့။ ပြီးတော့ အကမယ်လေး တစ်ယောက် သူ့ကိုယ်သူ
စျေးကွက်တင် အကတွေ နဲ့ ကလို ။ အားလုံးရဲ့ မျက်လုံးတွေက အကမယ်လေးရဲ့ က
ကြိုးအပြောင်းအလဲတွေကို ရမ္မက်တွေ နဲ့ ကြိုဆိုလို့။ အပေါ်ပိုင်း တစ်ခုလုံး
ဟင်းလင်ဖွင့် လိုက်တဲ့အခါ ငေးမောနေသူအားလုံး ဆီက အော်ဟစ်သံတွေ ဆူညံလာတယ်။
အကမင်းသမီးက သူမ ရင်သားတွေကို သူမ ပွတ်သပ်ကြည်စယ်နေတာကို ကြည့်ရင်းပဲ ကျနော်
ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တယ်။ ဘေးက ပစ္စည်းမဲ့လေးနဲ့တကွ အားလုံးကို
ရည်စူးပြီးတော့ ကျနော် နှုတ်ဆက်လိုက်တယ်။
“ငါ နေမကောင်းလို့ ပြန်တော့မယ်ကွာ...”
သူငယ်ချင်းတွေကတော့ နားလည်မှုရှိစွာလား စိတ်ပျက်စွာလား ဝေခွဲလို့ မရတဲ့ အကြည့်နဲ့
ကြည့်ရင်း ဝတ္တရားအတိုင်း လိုက်ပို့ရမလား ဖြစ်လားလို့ မေးတယ်။ ကျနော်ကလည်း လိုက်ပို့
ဖို့ မလိုကြောင်း ကျေးဇူးတင်ကြောင်း
ပြောရင်း ထထွက်လိုက်တယ်။ ဘေးက ပစ္စည်းမဲ့လေးကတော့
ကျနော့ကို “Good Night Mr. Ron Kovic” လို့ ကောင်းချီးပေးလိုက်တယ်။ ကျနော်လည်း
ဘာမှ ပြန်မပြောတော့ဘဲ ထွက်ခဲ့လိုက်တယ်။ ပိုက်ဆံကုန်တာကလွဲလို့ ဘာမှ မထူးခြားခဲ့တဲ့ ညနေနှစ်ခု
ဆီက ကျနော် ရလာတာကတော့ ကျနော် သူမကို ချစ်နေပြီ ဆိုတာပါပဲ။
(၆)
ဘာရယ်မဟုတ်ဘူး မနက်နိုးနိုးချင်းပဲ ငယ်ငယ်ကတည်းက ရူးသွပ်စွာ စွဲလန်းမိခဲ့တဲ့ ကဗျာ
တစ်ပိုဒ်ကို အလိုလိုသတိရလိုက်မိတယ်။
ဟယ်လို ဘယ်သူပါလဲ
မေမေလား
မေမေရေ မမေသားတော့
လှလှပပ ဖျားပေါ့
သူနှလုံး တလျှောက်မှာ မီးကျွမ်းလောင်လို့
ညီမလေး လင်ဒါ နဲ အော်ဂါ ကို ပြောလိုက်ပါ
သူ မလွတ်မြောက်နိုင်တော့ဘူးလို့
(မာယာကော့စကီး-ဘောင်းဘီးဝတ်မိုးတိမ်မှ)
ဟုတ်ကဲ့။ ကျနော် အလူးအလဲ ကျဆုံးခဲ့ပါပြီ။ မာယာကော့စကီး ကဗျာကို မှ ကျနော် ဘာလို့
သတိရလဲ။ ကျနော့ အမေ ကို ကျနော် တိုင်တည်ပြလို့ မရသလို ။ ကျနော့ မှာ
မွေးချင်းပေါက်ဖော် ညီမတွေလည်း မရှိခဲ့ပါဘူး။ နောက် ဘောင်းဘီဝတ်မိုးတိမ် ကဗျာကို
ရေးခဲ့တဲ့ မာယာကော့စကီး ရဲ့ နောက်ဆုံးဇာတ်သိမ်းကို ဖျတ်ကနဲ သတိရလိုက်မိတော့
ဝမ်းနည်းသလို ခံစားလိုက်ရတယ်။
ကျနော့ဘဝကို ဘယ်လို အပိုအိပ်ကပ်မျိုး မှ တပ်ဆင်မထားတဲ့
ကျနော်နဲ့ မျှော်လင့်ချက်တွေ အိပ်မက်တွေ တနင့်တပိုးနဲ့ သူမ ။ ဘာပဲ ဖြစ်ဖြစ် ကျနော်
သူမ နံပတ်ကို
နိပ်ချလိုက်တယ် ။
“ဟယ်လို... ကျနော် စကားပြောဖို့ ရှိလို့ပါ”
“အရေးကြီးလို့လား”
“ဟုတ်ကဲ့ ကျနော့ အတွက်တော့ အရေးကြီးပါတယ်”
“ကျမ ဘုရားကျောင်းသွားမလို့ .....ညနေခြောက်နာရီလောက်မှ ဖုန်းပြန်ခေါ်လိုက်မယ်”
“အော် ဟုတ်ကဲ့ ကျေးဇူး”
ဘာမှန်းတော့ မသိဘူး စိတ်ထဲတော်တော်ဝမ်းနည်းသွား သလိုပဲ။ သူမရဲ့
သိပ်များလွန်းတဲ့ အတ္တတွေထဲမှာ ကျနော့်အတွက်နေရာ ရှိပါ့မလား လို့လဲ ဘာမှ
မဆိုင်ပဲ တွေးလိုက်မိတယ်။
ညနေ ၆ နာရီ
“ဟယ်လို....”
“ပြောစရာရှိတယ် ဆိုပြောလေ”
“အက်(စ)တာ ကျနော် မင်းကို ချစ်တယ်”
“ရှင်..လာနောက်မနေပါနဲ့”
“ကျနော် တကယ်ပြောနေတာပါ နောက်နေတာ မဟုတ်ဘူး”
“ဟင်.. သြော်..... အဲဒါဆိုလဲ ပြီးတာပဲရှင်... ချစ်တာပဲ ချစ်ပါ ဟင်းဟင်း”
“ကျနော် အတည်ပြောတာပါ”
“အင်း အင်း အခုတော့ သွား စရာရှိတယ် နောက်မှ ဆက်ပြောတာပေါ့”
“အော် ဟုတ်...ဟုတ်...”
ကျနော့ ကို ကျနော် ပဲ ဒေါသဖြစ်ရမလို ၊ သူမ ရဲ့ သွေးအေးထုံပေမှုကိုပဲ စိတ်ဆိုးရမလို
ကျနော် အစကတည်းက သူမနဲ့ ပတ်သက်ရင် လဲပြိုခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ဘဝ
တစ်ခုလုံးမှာ ပထမဆုံး အကြိမ်အဖြစ် မိန်းမတစ်ယောက်ကို နှစ်နှစ်လိုလို
ချစ်တာသေချာတယ်။
(အက်(စ)တာ = S.Ta ပါ)
(မပြီးသေးပါ)
No comments:
Post a Comment