Friday, August 23, 2024

လင်းနို့

 

ကိုယ့်အိမ်နောက်ဖက်မှာ patio ရှိတယ်။ patio ဟာ နွေရာသီတွေအတွက် အသုံးကျတဲ့နေရာလေးပေါ့။ စာလေးဘာလေးဖတ်ဖို့ လသာညတွေမှာ ထွက်ထိုင်ဖို့ အဆင်ပြေတဲ့ နေရာလေး။ တစ်ခါတလေမှာလည်း patio ခုံတွေမှာ ထမင်းဘာညာ ထွက်စားကြတယ်။ ဒီမှာက နွေရာသီက တိုတောင်းတော့ အပြင်မှာ ထမင်းထွက်စားရတာဟာ နွေညတွေမှာ ရန်ကုန်အိမ်နောက်က ကွပ်ပျစ်မှာ ထွက်ထိုင်ရတဲ့ ခံစားချက်မျိုးကို ရစေတာ မဟုတ်လား။
တစ်နေ့မှာတော့ အိမ်မကြီးကနေ patio ကို ဆင်းတဲ့ လှေကားအဆင့်လေးပေါ်မှာ ကြွက်ချေးလို မည်းမည်းသေးသေးလေးတွေ တွေ့လိုက်တယ်။ ကိုယ်လည်း တံမြက်စည်းနဲ့ လှဲထုတ်ပြီး မေ့မေ့ ပျောက်ပျောက်နေလိုက်တာ နောက်တစ်ရက်ကျတော့ ထပ်တွေ့ပြန်ရော။ ထမင်းစားပြီး စားစရာအကြွင်းအကျန်တွေကျန်လို့ ညဘက် ကြွက်တို့ဘာတို့များ လာသလားစိုးရိမ်ပြီး patio ခုံတွေကို အရက်ပျံနဲ့ ကိုယ် သေချာသုတ်တယ်။ ဒါပေမယ့် နောက်နေ့လည်း ထပ်တွေ့ပြန်တယ်။ လှေကားထစ်တွေပေါ် မှာပဲ ထပ်တွေ့တာ။ အဲဒါနဲ့ မော့အကြည့် patio ရဲ့အပေါ်က အိမ်မကြီးရဲ့ အမိုးနဲ့ patio ရဲ့အမိုးကြားမှာ ၂လက်မအကျယ်လောက်သာရှိတဲ့ မြောင်းလေးလို နေရာကို သွားတွေ့လိုက်တယ်။
ချေးမည်းမည်းလေးတွေ ကျတဲ့နေရာအပေါ်တည့်တည့်မှာကလည်း မီးဖိုထဲက အငွေ့ထုတ်တဲ့ vent ရဲ့ နေရာ ဆိုတော့ နွေးတဲ့နေရာပေါ့။ ကိုယ်လည်း အဲဒီမြောင်းလေးထဲမှာ ကြွက်များနေနေလေရော့လားဆိုပြီး စိုးရိမ်သွားတာပေါ့။
 
 
ကြွက် ဆိုလို့ ကနေဒါမှာ ကြွက် မရှိဘူး မထင်ပါနဲ့။ ရှိတယ်။ ခြင်၊ ယင်၊ မှက်၊ ကြွက် အစုံပဲ။ အစားအသောက်ကောင်းလို့လားတော့ မသိ၊ အကောင်ကြီးတွေကလည်း ထွားတယ်။ ကိုယ်မြင်ဖူးခဲ့တဲ့ ကြွက်တွေက သေးသေးသွယ်သွယ်။ ဒီက ကြွက်တွေကဖြင့် ဧရာမကြီးတွေ။
ကနေဒါမှာ ကြွက်ကို စမြင်ဖူးတဲ့နေ့က တရုတ်တန်းက စားသောက်ဆိုင်တစ်ခုနားမှာ။ အဲဒီနေ့က လူကျချိန်ဆိုတော့ ဆိုင်ရှေ့မှာ ကားရပ်စရာ နေရာမရှိတော့ ဆိုင်နောက်မှာရပ်ဖို့ လမ်းကြားထဲကအ၀င် (ဟောလီ၀ုဒ်ရုပ်ရှင်တွေထဲကအတိုင်း မီးမှောင်မှောင် တရုတ်တန်းရဲ့ လမ်းကြားမှောင်ထဲမှာ ကြွက်တစ်အုပ်ဟာ ကိုယ်တို့သွားမယ့် တရုတ်ဆိုင်နဲ့ တဘက်ခြမ်းက အမှိုက်ပုံးကြီးတွေကြား လမ်းသလားနေကြတာများဆိုတာ။ စားသောက်ထားတာများဆိုတာလည်း ၀ဖီးလို့။ ကိုယ်လည်း စားသောက်ဆိုင်ထဲ မ၀င်ချင်ဘဲ ပြန်တောင်လှည့်ချင်တာ။ ဒါပေမယ့်လည်း အမျိုးတွေစုံနေချိန် ဘာလို့ပြန်သွားလဲ ကြွက်မြင်လို့ ပြန်သွားတယ်ဆိုရင်လည်း တစ်မျိုးကြီးဖြစ်နေမှာဆိုတော့... ဒါဟာ မြင်လို့ သိတာ၊ အမြဲတမ်းဖြစ်နေတဲ့အရာတွေကို မမြင်တဲ့အခါ မသိဘူး။ မသိတော့ မဖြစ်ဘူးထင်တာပဲလေလို့ ကိုယ့်ကိုကိုယ်ပဲ စိတ်ဖြေပြီး စားသောက်ဆိုင်မှာ အဲဒီညက မီးမှောင်မှောင် လမ်းကြားထဲက ပါတီပေးနေတဲ့ ကြွက်တစ်အုပ်ကို မြင်ယောင်လိုက် hot pot အိုးထဲက ကြွက်နားရွက်မှိုလေးတစ်ခု ၀ါးလိုက်နဲ့ နေခဲ့လိုက်တယ်။
အဲသလိုနဲ့ ကြွက်ကို ကနေဒါမှာ စ မြင်ဖူးခဲ့တာပေါ့...
ကိုယ်လည်း ကြွက်တစ်ကောင်ကောင်များ အဲဒီ ခေါင်မိုးအစပ်ကြားက မြောင်းထဲ ခိုနေလား၊ ပရုတ်လုံးအနံ့နဲ့ ခြောက်လှန့်မှ ဆိုပြီး ပရုတ်လုံးရှာပုံတော်ထွက်တာ ပရုတ်လုံးတွေ့လာတယ်။ အဲဒါနဲ့ ပရုတ်လုံးကို ချေရုံမက ginger ကို လည်း ပါးပါးလေးတွေ လှီး၊ ငရုတ်ကောင်းမှုန့်ပါ ပါတယ်။ အဲဒါတွေအကုန်လုံးကို ခေါင်မိုးစပ်မြောင်းထဲမှာ ထည့်ထားတာပေါ့။ တစ်ယောက်တည်း အလုပ်ရှုပ်နေတာ ခုံနဲ့တက်လို့ကလည်း မမှီတော့ တုတ်တံနဲ့ တင်ရတာ။
အဲသလိုလုပ်ပြီး တစ်ရက်နှစ်ရက်လောက် ချေးမည်းမည်းလေးတွေ မတွေ့တော့ဘူး။ ကြွက်တော့ ပြေးလေပြီဆိုပြီး ပျော်လို့မှ မဆုံးသေး ချေးမည်းမည်းလေးတွေက လှေကားပေါ်မှာ မရှိတော့ပေမယ့် နေရာက ရွေ့သွားတာ။ patio ဟိုးဘက်ထောင့်မှာ ချေးလေးတွေ တွေ့ပြန်ရော။ ကိုယ်လည်း စိတ်ညစ်ပြီး မော့ပြီးရှာတာမှာ ခြေထောက်သေးသေးလေးနဲ့ မည်းမည်းအကောင်လေးတွေ့တော့ အသည်းတွေယားပြီး တစ်အိမ်လုံးကို လာကြည့်ကြပါဦးဆိုပြီး စစ်ကူတောင်း။ အားလုံးကလည်း ၀ိုင်းအုံမော့ကြည့်ပြီး ဒါကြွက်ပဲဆိုပြီး အတည်ပြု။ ကိုယ်လည်း ရေပိုက်နဲ့ ထိုးမှဖြစ်မယ် ရေပိုက်နဲ့ထိုးပြန်ရင်လည်း ခုံတွေအကုန်စိုမယ်ဆိုတော့ အကုန်လုံးက ခုံတွေရွေ့ ရှုပ်ရှက်ခတ်။ လိုတိုရှင်းပြောရရင် ရေပိုက်နဲ့ ထိုးတာမှာ အကောင်လေးကလည်း မသွားဘူး။ တောင့်ခံ။ ခေါင်းမိုးအစပ်ကြားက မြောင်းထဲ ဟိုရွေ့ဒီရွေ့ သူက။ သူ့ကို သေမှာလည်းစိုး။
နောက်ဆုံး အကောင်လေးက ရေဒဏ်မခံနိုင်တော့ "ပလုပ်" ဆို ပြုတ်ကျလာတာ ကိုယ်က မကြည့်ရဲတော့ အိမ်သားတွေက ၀ိုင်းကြည့်ကြတယ်။ အဲဒီမှာ ကြွက် မဟုတ်ဘဲ လင်းနို့လေး ဖြစ်နေတာ။ ဘာလုပ်ရမှန်းမသိ အားလုံးက ၀ိုင်းကြည့်နေတုန်း သူက "ဖလပ် ဖလပ်"နဲ့ အိမ်နောက်က ထင်းရူးပင်ပေါ် ပျံပြေးပါလေရော...
လင်းနို့လည်း သစ်ပင်ပေါ်ပြောင်းသွားပြီလေဆိုပြီး အားလုံးမှာလည်း ခုံတွေပြန်ရွေ့ နေလာတာမှာ သုံးရက်ပဲ ခံတယ်။ လင်းနို့ချေးတွေ ကိုယ့်မှာ တံမြက်စည်းလှည်းရပြန်ရော... တံမြက်စည်းလှည်းလိုက်၊ ပရုတ်လုံးထားလိုက်၊ ရေနဲ့ထိုးလိုက်နဲ့ လင်းနို့နဲ့ကိုယ် ရန်ဖြစ်လိုက် လက်လျော့လိုက်နဲ့ ၁၀ နှစ်တောင် ကြာသွားခဲ့တယ်။ ကိုယ်လည်း ထုံးစံတိုင်း လင်းနို့အကြောင်းတွေ ဖတ်တာ ဖတ်တာမှာ လင်းနို့ကျွမ်းကျင်သူတောင် ဖြစ်မတတ်ပဲရယ်။ ဒီလိုနဲ့ လင်းနို့နဲ့ကိုယ်ဟာ love-hate relationship နဲ့ နေလာတာ တစ်နေ့တော့ လင်းနို့ချေးကို တံမြက်စည်းနဲ့ လှည်းရတဲ့ ဘ၀ကနေ လွတ်မှဖြစ်မယ်လို့ ကိုယ် ဆုံးဖြတ်လိုက်တယ်။
အဲဒါနဲ့ ရေနဲ့ သူ့ကိုထိုးချပြီး သူပြုတ်ကျလာတဲ့အခါမှာ အမှိုက်အိတ်အမည်းနဲ့ အုပ်၊ အသာလေးချည်ပြီး.......
ဖိနပ်နဲ့ရိုက်ပြီး....သတ်ပစ်လိုက်ပါတော့တယ်.........
...............
..................
လို့ မထင်ပါနဲ့။
အမှိုက်အိတ်အမည်းနဲ့အုပ်ချည်ထားချိန် သူက "ဖလပ်ဖလပ်" ပျံနေသေးတာ...
အဲဒါကို ကားနောက်ခန်းထဲထည့်ပြီး ၁နာရီလောက်မောင်းရတဲ့ ယူအက်စ်နဲ့ ကနေဒါနယ်စပ်နားက တောအုပ်တစ်ခုထဲ သွားချပေးလိုက်တယ်။ အဲလိုသယ်နေချိန် လင်းနို့အသက်ရှူမွှန်းမယ်ဆိုပြီး ကိုယ့်ကလေးတွေရဲ့ အဆူကိုလည်း ခံရသေးတာ။
အဲသလိုနဲ့ ရေစိုနေတဲ့ မုန်းစရာ စုတ်ချွန်းချွန်းလင်းနို့လေး တောစပ်ကနေ တောအုပ်ထဲကို အတောင်တွေကို အားပြုလို့ ချိနဲ့နဲ့ နဲ့ ၀င်သွားတော့.. သနားစိတ်နဲ့ ဇီးကွက်တို့ အခြား အကောင်တွေလက်က ဒီည လွတ်ပါစေလို့ ပန်းနုသွေးလိုက်တယ်ပေ့ါ (ဟုတ်လား အဲဒီ usage? )
ကလေးတွေကလည်း လင်းနို့ကို သနားလို့တဲ့ ကိုယ်ဟာလုပ်ရက်သူကြီးပေါ့။ လင်းနို့က သူ့ဟာသူနေတာ၊ နောက် ဒါဟာ သူ့အိမ်ဖြစ်နေပြီ၊ ဒါကို တောထဲသွားပစ်တာဟာ ရက်စက်လှချည်သလေးဘာလေး ၀ိုင်းပြောတော့ ကိုယ်တောင် တစ်ချက်တွေ၀ေသွားမိသေးတယ်။ ပြီးမှ မင်းတို့ လင်းနို့အီးကို နေ့စဥ်တံမြက်စည်းလှဲ မလားဆိုမှ ငြိမ်သွားကြတာ။
အဲသလိုနဲ့ ရင်တမမနဲ့ လင်းနို့ပြန်မလာပါစေနဲ့လို့ ဆုတောင်းနေတာ
လအနည်းငယ်ကြာသွားတယ်။ ပြန်မလာဘူး။
ကိုယ်လည်းပျော်တာပေါ့ ...
လင်းနို့ချေး ကင်းစင်နေ့များပေါ့......
အပျော်လေးတွေက မကြာလိုက်ပါဘူး.....
သူ ပြန်လာခဲ့တယ်။
ဟုတ်တယ်......
သူ ပျံလာခဲ့တယ်။
လင်းနို့တွေဟာ ရေဆန်ငါးတွေလို၊ လိပ်ပြာတွေလို၊ ဆောင်းခိုငှက်တွေလို မိုင်ထောင်ချီပြီး ပြန်လာသတဲ့.........
အိမ့်ချမ်းမြေ့ဟာ...
အကောင်ပလောင်တွေကို စိတ်ဝင်စားတယ်
ချစ်ပါတယ်။
လူတွေထက် ပန်းပင်တွေနဲ့ တိရိစ္ဆာန်တွေနဲ့ ပိုအဆင်ပြေတယ်ဆိုရင်လည်း မှန်ပါတယ်။
ဒါပေမယ့် သူတို့ချေးကို မကြုံးရသမျှ အဆင်ပြေတာလေ။
ဒီလိုနဲ့ ကိုယ်လက်လျော့လိုက်တယ်...
မင်းလည်းနေ... ငါလည်း မင်းချေးကို ၀ဋ်ရှိသမျှ ကြုံးမယ်လို့.....
၁၀နှစ်ကျော် ၁၂ ရောက်လာတဲ့အခါမှာတော့.....
လင်းနို့တစ်ကောင်ဟာ ဒီလောက်အသက်ရှည်ရသလားရယ်လို့ စိတ်က ဖြစ်လာတယ်...
ဒီလင်းနို့ကို သက်တမ်းကုန်ဆုံးစေချင်မိတယ်။ အဟုတ်ပါပဲ။
အဲသလို စိတ်ဖြစ်ရုံလေးပဲ ရှိသေးချိန်... သတိထားမိတာ..
ချေးက ပိုပိုများလာတယ်..
ကိုယ်မော့အကြည့် ထင်ထားတဲ့အတိုင်းပါပဲ........
သူ့မှာ ကြင်ယာနဲ့.. နောက်တစ်ကောင်ပါတိုးလာတာ....
နှစ်ကောင်စာ ချေးကို ကြုံးရတဲ့ဘ၀....
တစ်နေ့ကတော့ SPCA (Society for the Prevention of Cruelty of Animals) ကို အကူညီတောင်းဖို့ ဖုန်းဆက်လိုက်တယ်။ လာယူပါတော့လို့ ၁၂နှစ်နီးပါးတူတူနေလာကြလို့ မိသားစုလိုဖြစ်နေပမယ့် သူ့အီးအီး ဆက်မကြုံးနိုင်တော့ဘူးလို့။ လက်အိတ်ဖိုးနဲ့တင် မွဲတော့မယ်လို့..
SPCA က ဘာပြောလဲဆိုတော့ သူတို့က ခွေးကြောင်ကို အဓိကထား ကိုင်တာတဲ့။ Wildlife Rehab ကိုဆက်ဆိုလို့ Wildlife Rehab ကိုဖုန်းခေါ်၊ Wildlife Rehab က နို့တိုက်သတ္တ၀ါကယ်ဆယ်ရေးကမှ လင်းနို့ကို ကိုင်တာဆိုလို့ တစ်ခါ ဆက်။ သူတို့ ဟိုလူဒီလူလွှဲချသမျှ ဖုန်း ငါးလုံးလောက်ဆက်ပြီး နောက်ဆုံး animal rehab တစ်ခုက အကြံပေးတယ် pest control ကိုသာ ခေါ်တော့တဲ့။
ကိုယ်လည်းအဲဒီမှာ စိတ်ရှည်လာတာတွေ မရှည်နိုင်ခဲ့တော့ဘူး။
pest control ခေါ်ရင် လင်းနို့ကို သတ် မှာ ဖြစ်ကြောင်း၊ ခုက အိမ်မှာ ၂ကောင်တောင်ဖြစ်နေပြီ ဖြစ်ကြောင်း။ ကနေဒါမှာ လင်းနို့ဟာ မျိုးတုန်းပျောက်ကွယ်တော့မယ့် species ဖြစ်လို့ လင်းနို့ထိခိုက်နာကျင်ရင် တရားတောင်စွဲနိုင်တယ်ဆိုလို့ သူတို့ကို မထိရက် မထိရဲ နေလာရတာ ဖြစ်ကြောင်း။ (တကယ်က ကနေဒါမှာသာ မျိုးတုန်းပျောက်ကွယ်တော့မယ့် species ဖြစ်နေတာ အာရှမှာ အပုံလိုက် လိုချင်ရင် ကွန်တိန်နာနဲ့အပြည့် အင်ပို့ပေးမယ်လို့တောင် ပြောချင်တာကို ထိန်းထားခဲ့ပါတယ်။) နောက်ဆုံး အေးဂျင့်က သူ့ကို ခွင့်လွှတ်ပါ.. မကူညီနိုင်ပါဘူးတဲ့ pest control သာခေါ်ပါတဲ့။
ဒါဆို လင်းနို့ဟာ မျိုးတုန်းပျောက်ကွယ်တော့မယ့် species ပါလို့ မင်းတို့ website တွေမှာ ဘာဖြစ်လို့ ရေးထားသေးလဲလို့ တစ်ချက်တော့ မေးလိုက်ပြီး ကိုယ်လည်း ဖုန်းချလိုက်တော့တယ်။
အဲသလိုနဲ့ ကိုယ်ဟာ...
ခေါင်မိုးအစပ်ကြား မြောင်းထဲက လင်းနို့ကို
ဒီအတိုင်းပဲ ထိုင်ကြည့်နေခဲ့ပါတယ်။

No comments:

Post a Comment