စာရေးသူအစ်မတစ်ယောက်က သူ့ရဲ့ စာအုပ်လေးနှစ်အုပ်ကို ကိုယ့်အတွက်လက်ဆောင်အဖြစ်နဲ့
ပေးပို့လာခဲ့တာ ကြာပါပြီ။ အဲဒီအထဲက တစ်အုပ်ကို စာအုပ်ရီဗြူး ရေးပေးဖို့ပြောလာခဲ့တယ်။
ဒီရက်တွေမှာ စာတွေရေးဖို့မဆိုထားနဲ့ စာအုပ်ရီဗြူးရေးဖို့တောင် ကိုယ့်နှလုံးသားက မနူးညံ့
မသိမ်မွေ့နေခဲ့တာပဲ။
နှလုံးသားက ဂျပ်ခဲကြီးလို
ဖြစ်နေတဲ့အချိန် ဘယ်ကဘယ်လို စရမယ်တောင် မသိဘူးဖြစ်နေခဲ့တာပေ့ါ။
ဒါနဲ့အစ်မရဲ့ blog ကို ခြေဦးလှည့်လိုက်တယ်။ သူ့ blog လည်း တော်တော်လေး ဖုန်တက်နေပြီ။ ရှစ်နှစ်လောက်ကို ရှိနေပြီထင်ရဲ့။ အစ်မရဲ့ စာဟောင်းတွေ လိုက်ဖတ်ရင်း ကိုယ့်နှလုံးသား အရင်လို နူးညံ့ချင်သလိုလိုဖြစ်လာတာ။
ဒါတောင်မှ
အစ်မရဲ့ blog ပေါ်က စာတွေက လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ စာတွေ။
သူ့စာလေးတွေကို အွန်လိုင်းပေါ်ကနေ ကိုယ်ဖတ်ခဲ့တာ
သက္ကရာဇ် ၂၀၀၆ သို့မဟုတ် ၂၀၀၈ ခုနှစ်တွေကတည်းကလို့
ဆိုရမယ်။ သူနဲ့ဘယ်တုန်းက စသိလည်း တိတိကျကျ မမှတ်မိတော့ပေမယ့် အရှေးဦးဆုံးက သူပြောခဲ့
(မန့်) ခဲ့တဲ့ စကားလေးတစ်ခွန်းကိုတော့ အခုထိ မှတ်မိနေသေးတာ။
"မလေး ဘလောက်ပေါ်မှာ
အစ်မစာလာလာဖတ်ရင်း မလေးတင်ထားတဲ့ သီချင်းလေးတွေ အမြဲနားထောင်ဖြစ်တယ်" ဆိုတာ။ "အဲဒီသီချင်းလေးတွေ
အစ်မ အရမ်းကြိုက်တယ်" ဆိုတဲ့ စကားလေး။ သူရဲ့စာတွေက ကိုယ်ခုနကပြောသလို လက်တွေ့ဘ၀တွေနဲ့
နီးစပ်တယ်။ ကိုယ်တွေက blog ပေါ်စတက်လာတာ အနုအရွအလွမ်းအဆွေးတွေနဲ့ စတက်လာတာ။ လက်တွေ့ဘ၀ကို အနုဘက် အလွမ်းဘက်ဆို ဆွဲရေးထားတဲ့
စာမျိုးတွေ။ အစ်မကတော့ စိတ်ကူးယဥ်ဆန်တဲ့ စာတွေကို သိပ်မရေးခဲ့ဘူး။ သူ့စာတွေက မာ တယ်ပေါ့။
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတော့ သူ အနုအရွ ကဗျာလေးတွေ ခပ်စိတ်စိတ်
တင်လာခဲ့တယ်။ ရေးသားဟန်တွေ ကွဲထွက်လာတာပေ့ါ။ အမှန်ပြောရရင် ကိုယ်တောင် အစ်မ ဘယ်လိုဖြစ်လို့
ဒီလောက်ကြီးနူးညံ့တာတွေ ရေးတင်နေတာပါလိမ့်ပေါ့။ Character typecasting သဘောမျိုးဖြစ်နေတာမျိုး။ ဥပမာ Richard Gere ကို Rambo ကားရိုက်ခိုင်းတာမျိုး၊
Angelina Jolie ကို ဂျိမ်းအော်စတင်နေရာမှာ သရုပ်ဆောင်ခိုင်းသလိုမျိုး။ စာရေးသူဆိုတာ
သူရေးချင်တဲ့ genreကို ရေးလို့ရတယ်၊ ရေးသူနဲ့ ရေးတဲ့စာတွေကို မရောလိုက်ပါနဲ့လို့ အထပ်ထပ်ပြောခဲ့ဖူးတဲ့
ကိုယ်တိုင်တောင်မှာ Character typecasting ထဲက ထွက်လို့မရတဲ့ အခိုက်အတန့်လေးတွေ ရှိတယ်ဆိုရမယ်။
ဒီလိုနဲ့ အန်တီတင့် က ဦးစီးပြီး blogger တွေ စုထုတ်တဲ့ စာအုပ်ပွဲနေ့မှာ အစ်မ စကားတက်ပြောမှ ဒီလို နူးညံ့သိမ်မွေ့တဲ့ စာလေးတွေ ကဗျာလေးတွေ သူဘာလို့ ရေးတာလည်းဆိုတဲ့အကြောင်းကို ကိုယ်သိခဲ့ရတယ်။ (ကိုယ်ကတော့ အ၀ေးကနေပြီးတော့ပဲ သူတို့ LIVE လွှင့်တာကို ကြည့်ခဲ့တာပါ)။ သူဟာ ငယ်ဘ၀ကို miss out ဖြစ်ခဲ့ဖူးသူတွေထဲက တစ်ယောက်လို့ ဆိုရမယ်။ သူ့မှာ “အခွင့်” တွေ မရှိခဲ့ဘူး။ အလွမ်းအဆွေး နူးညံ့ညင်သာမှုတွေကို ဖယ်ခွာထားခဲ့၊ မေ့ထားခဲ့ရပြီး အဆင်ပြေလာခဲ့တဲ့ တစ်နေ့မှာမှ လူသားတစ်ဦးရဲ့ နူးညံ့ညင်သာတဲ့ လွမ်းတတ်ဆွေးတတ်တဲ့ အပိုင်းကို ဖော်ထုတ်ခွင့်ရခဲ့တာ။ စာအုပ်ပွဲနေ့မှာ သူပြောခဲ့တယ်။ သူအဲသလိုတွေရေးလို့ ရူးနေတာလားလို့တောင် သူ့မိတ်ဆွေအချို့က ပြောခဲ့တယ်တဲ့။
လူတစ်ယောက်မှာ လွမ်းဆွေးခွင့်၊ နူးညံ့ခွင့်၊ သာယာခွင့် မရှိတော့ဘူးတဲ့လား။ ဘယ် genre ကိုမှ ရေးရပါမယ်လို့ ဘယ်သူတွေက ဘောင်ခတ်သတ်မှတ်ထားကြတာပါလဲ။ ကိုယ်တွေးမိတာ……။
အခု...
“တိမ်သီတဲ့ကြိုး” ကို ရီဗြူးရေးတယ်ဆိုတာထက် ကိုယ့်ရင်ကို မှတ်မှတ်ထင်ထင် လာထိတဲ့ ၀ါကျလေးတွေထဲက အချို့ကို ကိုယ်ရေးချချင်မိတယ်။
ခံစားကြည့်လိုက်ကြပါနော်…..
💧 မင်းနဲ့အတူရှိခွင့်ရနေချိန်တွေမှာ အနှစ်မဲ့လူတွေကို မတွေ့ရတော့ဘူး။
စူးရှလောင်မြိုက်တဲ့ သီချင်းတွေကို မကြားရတော့ဘူး။ ဒေါသတွေနဲ့ လောင်မြိုက်နေတဲ့ အော်ဟစ်သံတွေ
မရှိတော့ဘူး။ (လေညှင်းလေး)
🍃အစဥ်တစိုက်ဖွင့်ထားတဲ့ ပြတင်းတံခါးမှာ ဘ၀ကို
ချိတ်ဆွဲထားလိုက်တယ်။………..။ ကြီးကျယ်မြင့်မြတ်မှုတွေ ငါ့ဆီမှာ မရှိပါဘူး။ ငါပေးနိုင်တဲ့အထဲလည်း
အဲဒါတွေပါမယ် မပြောခဲ့မိဘူး။ (တိတ်တိတ်ဆိတ်ဆိတ်)
🍁 ကိုယ်ချစ်တဲ့အချစ်က မင်းကို အနှောင့်အယှက် ကင်းစေပါတယ်။ (တိုင်တည်ဖူးတဲ့ သစ္စာတွေ)
🌸အမျှအတန်း၀ေပြီး မေတ္တာပို့တဲ့အခါမှာတော့ ထုံးစံအတိုင်း “မင်းပျော်ရွှင်ပါစေ၊
စိတ်၏ချမ်းသာြခင်း ကိုယ်၏ကျမန်းမာြခင်း ပြည့်စုံပါစေ” လို့…….(ပျော်ရွှင်ပါစေ ဆုတောင်းပြီးမှ)
💦တ၀ေါ၀ေါရွာချတဲ့ မိုးရေတွေထဲ ကိုယ်ပါခဲ့ရင် မင်းဆံစမှာ ယီးလေးခိုလို့
ကျန်နေရစ်ခဲ့မယ်။ ကိုယ့်ကို သပ်မချလိုက်ပါနဲ့။ မင်းကိုယ်ငွေ့နဲ့သာ အငွေ့ပျံ ပျောက်ဆုံးသွားချင်သူပါ။
(ကိုယ်က မိုးရေစက်)
💧ကျွန်မတို့ မိတ်ဆွေအချင်းချင်း၊ သူငယ်ချင်းတွေအချင်းချင်း၊
ချစ်ကြသူတွေအချင်းချင်းရဲ့ တွေ့ဆုံမှုတိုင်းကို နောက်ဆုံးလို့ စိတ်ကူးထဲမှာထားပြီး
ဆက်ဆံပေါင်းသင်းကြမယ်ဆိုရင်…… (နောက်ဆုံး)
💚ကျွန်မက ခြောက်သယောင်းလိုက်နေတဲ့ သစ်ရွက်ကြွေလိုပါပဲ။ သစ်ပင်ကြီးဆီ
ဘယ်တော့မှ ပြန်မရောက်နိုင်တဲ့ စွန့်ပစ်ခံ ဘ၀ပေါ့။ (ကျွန်မက သစ်ရွက်ကြွေ)
🌺ချမပြောြဖစ်ခဲ့တဲ့ စကားလုံးတွေကို လေထဲပစ်လွှင့်လိုက်တယ်။
မင်း ဖမ်းယူနားဆင်နိုင်မယ်လို့ ယုံကြည်ထားချင်တယ်။ (မနှင်စေချင်တဲ့ စိတ်နဲ့ ရေးတဲ့စာ)
💦 မိုးရေတွေ စိုနေတဲ့ ကတ္တရာလမ်းမပေါ်မှာ ခရေပွင့်တွေ ကြွေကျနေတယ်။
(သတိရတယ် မြခရေ)
🌸 စည်းမျဥ်းတွေ ဥပဒေသတွေနဲ့အတူ အပြစ်ဆိုမယ့် စကားသံတွေ၊ အပြစ်မြင်တဲ့
မျက်လုံးအကြည့်တွေ ကင်းလွတ်ရာနေရာတစ်ခုအဖြစ်….. (ပင်လယ်တွေဆီ သွားကြမယ်)
🌸“ယခုခေါ်ဆိုသော ဖုန်းနဲ့ဆက်သွယ်မှု ရရှိနိုင်ရန် ခေတ္တကိုင်ထားပြီး
စောင့်ထားပေးပါရှင် ဆိုတံ မိန်းမအသံသာ နေ့တိုင်းကြားနေရ၊ ကိုယ်စိတ်ကုန်လာတယ်။ (ဖုန်းတစ္ဆေ)
💚သတိရနေဖို့ဆိုတာ လွယ်ကူတဲ့ ဆက်စပ်မှုတော့ မဟုတ်ဘူးနော်။ ဖျတ်ခနဲ့
သတိရနိုင်တဲ့ လေးနက်မှုတွေ ရှိရမယ်။ မမေ့နိုင်စရာ အကြောင်းအရာတွေ ရှိရမယ်။ (သတိရတဲ့အကောင်)
🍃ကျွန်မအကျွမ်းကျင်ဆုံးက ပျော်ရွှင်သူအဖြစ် ဟန်ဆောင်ခြင်းပါပဲ။
ကဲ………
ကျွန်မကိုယ်ကျွန်မ သိပ်မုန်းတယ်။ (အမုန်း)
🌸တိတ်ဆိတ်နေတဲ့ ဘ၀တွေက ပြောပြနေတဲ့စကားလုံးတွေကို မေတ္တာတရားနဲ့သာ
နားဆင်နိုင်ပါတယ်နော်။ (ပန်းခြင်းကလေး ရင်မှာစေတယ်)
🍁ဒီအခြေအနေဆိုးကြီးထဲမှာ ကိုယ့်မာနထက်တောင် ခင်ဗျားကို ပိုချစ်ခဲ့တယ်…..
(မေတ္တာနွေးနွေး)
🍃 တစ်စုံတစ်ယောက်အပေါ်မှာ တစ်စုံတစ်ယောက်က အရမ်းကောင်းခဲ့မိတဲ့အခါ
တန်ဖိုးမထားတဲ့အပြင် မယုံကြည်မှုကိုပါ ရရှိတတ်ပါတယ်။ အလကားရတဲ့ ပစ္စည်းကို တန်ဖိုးထားဖို့
သတိမရတတ်ကြပါဘူး။ (မယုံကြည်နိုင်သော)
“တိမ်သီတဲ့ကြိုး”
ဟာ…….
ချစ်တတ်၊ ကြင်တတ်၊ မမုန်းမေ့တတ်သူများအတွက်…..။
ချစ်တတ်၊ ကြင်တတ်၊ မမုန်းမေ့တတ်သူများအတွက်…….. သာပါတဲ့….
တိမ်တွေသာ အရောင်ပြောင်း ပုံစံပြောင်းသွားပေမယ့်…….
သီထားတဲ့ ကြိုးလေးကတော့ ဆွေးရိသွားမယ် ထင်ပါသလား……..
မလေးအိမ့်ချမ်းမြေ့
No comments:
Post a Comment