Wednesday, April 11, 2018

မျိုးချစ်နဲ့ ကျော်ဇံ ( ဂျူးရဲ့ ဖေဖေ့သူငယ်ချင်း ဝတ္ထုမှ မျိုးချစ်ကိုသုံးသပ်ခြင်း)

ဖတ်ရတာ နည်းနည်းတော့ ရှည်မယ်ဆိုတော့ အားလည်းနာတယ်၊ မတင်တော့ဘူးလို့လည်းစိတ်ကူးတယ်။ ရေးနေရင်း ကွန်ပြူတာက အလိုလိုပိတ်သွားတော့ မတင်တော့ဘူးဆိုစဉ်းစားနေရင်း ကွန်ပြူတာပြန်ဖွင့်တော့ recovery ပြန်ရတာနဲ့ ရေးထားတာ နှမျောလို့ ဖတ်ချင်သူတွေဖတ်ဖို့ တင်မယ်ဆုံးဖြတ်လိုက်တယ်။

ဂျူးရဲ့ အမှတ်တရကို ခိုးဖတ်ဖူးသူတွေထဲ တစ်ယောက်အပါအဝင်ဖြစ်သူမို့လို့လည်း ရေးချင်မိတာ။ ဘာလို့ခိုးဖတ်လဲဆိုတော့ အဲဒီခေတ်တုန်းက သူငယ်ချင်းမိန်းကလေးတွေကြားမှာ LT ဆိုပြီး ကြိတ်ကြိတ်ဖြစ်ကြတော့ ဘာလဲ LT ဆိုတော့ သူငယ်ချင်းတွေက နင်ဖတ်ကြည့်ဆိုတာနဲ့ အဒေါ့်စာအုပ်ကို သူမရှိတုန်း စောင်ခေါင်းမြီးခြုံခိုးဖတ်တာ တစ်လုံးမှတောင် နားမလည်ဘူး၊ ဘာ LT မှလည်း မတွေ့ဘူးပေါ့။ ခုထိနားလည်လားဆိုတော့လည်း ပြန်စဉ်းစားတော့ ဝေဝေဝါးဝါးတွေ။ ပြန်ဖတ်ကြည့်ဖို့လည်း အရင်လိုငယ်စိတ်မရှိတော့ အချစ်အကြောင်းလား…… ပျင်းတယ် ဖြစ်သွားတဲ့သဘော။ အဲသလို ဂျူးနဲ့ပတ်သက်ပြီး အမှတ်တရလေးရှိတာကြောင့် မျိုးချစ်နဲ့ ကျော်ဇံကိစ္စ ဆက်ပြောမယ်စိတ်ကူးတယ်။


Truth depends upon time, place and perspectives.
အဲဒီက စပါမယ်။
မျိုးချစ်နှင့် ကျော်ဇံ ကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ကော့မန့်အချို့ကြောင့် research ပေပါအချို့ ရှာဖွေဖတ်ကြည့်မိတယ်။ ဆွေးနွေးချင်တာက နှစ်ပိုင်းပါ။ တစ်ပိုင်းက societal effect ကြောင့် ဂေးတွေပိုများလာရခြင်း (ဂေးခေတ်)။ နောက်တစ်ပိုင်းက မျိုးချစ်နှင့် ကျော်ဇံဟာ လိင်တူချစ်သူများ ဟုတ်-မဟုတ်။


Monday, February 26, 2018

နှစ်လုံးသား ခုနှစ်လွှာ

သိစိတ်တွေထဲက အတွေးအခေါ်တွေထဲမှာ
အစစ်အမှန်ထဲကဆိုတာထက် စိတ်ကူးထဲက
လက်တွေ့မကျတဲ့ ဘဝထဲမှာ....

ဟုတ်တယ်....

အချစ်ဆိုတဲ့အရာတစ်ခုနဲ့
လက်တွေ့ မဆန်လွန်းစွာ
တစ်ယောက်တည်း...
ရူးမူးစွာချစ်နေမိခြင်းပါပဲ....

မင်းနဲ့သူ့ကြားကလို
ခိုင်ခံ့မှုတွေ...
အတိတ်တွေထဲက ရင်းနှီးခဲ့မှုတွေ....
ပစ္စုပန်ထဲက နွေးထွေးမှုတွေ...
အနာဂတ်ထဲက မျှော်လင့်နိုင်စရာအကြောင်းတွေနဲ့....
ဝေးလွန်းလှသူတစ်ယောက်ပါ... အချစ်ရယ်...

ကိုယ်ဟာ....
လွမ်းလို့လွမ်းကြောင်း
လွမ်းမှုသက်သေ
အရိပ်အရောင်လေးတောင်မှ
မပြနိုင်သူတစ်ယောက်မို့...
နှစ်လုံးသားခုနှစ်လွှာထဲမှာ
စိတ်ကူးယဉ်ဆန်စွာ
ဘယ်သူနဲ့မှ တွဲဖက်မထားတဲ့ အချစ်ဆိုသောအရာနဲ့ ....
တစ်ယောက်တည်းသာ ..ချစ် ကျွမ်း ဝင် နေ မိ သူ။

Tuesday, February 13, 2018

အလွမ်းနှင်းပွင့်

အလွမ်းနှင်းပွင့်တွေက
 တောင်တန်းကြီးတဝိုက်မှာ..
ရုတ်ရုတ်သဲသဲနဲ့ အိန္ဒြေမရ တိုက်ခတ်နေတာတောင်မှ..

ဒီကျောက်ဆောင်ကျောက်သားဆိုင်ကြီးက..
နေနိုင်လွန်းစွာ မျက်လွှာချနေရက်တယ်ကွယ်...

မောင်........
.................
နေနိုင်ရက်တယ်...

Friday, December 22, 2017

မိတော နှင့် ခရစ်စမတ် shopping

မိတော ဒီနေ့ shopping ထွက်သည်။ နေ့စဉ်လိုလို မပြီးနိုင်မစီးနိုင် ထွက်နေရသည်ကို မကျေနပ်။ 
ကနေ့ပြီးရင်တော့ ပြီးလောက်ပြီဟု မျှော်လင့်ထား။ နှင်းမှုန်လေးများက တဖွဲဖွဲကျနေသော်လည်း သိပ်မအေးလှသဖြင့် ကားပြတင်းကိုအဖွင့် တိုးဝင်လာသော အက်ရှရှလေကို တဝကြီးရှုပစ်လိုက်ရင်း ရေဒီယိုသီချင်းကို
volume အနည်းငယ်မြှင့်လိုက်မိ။

I'll have a Blue Christmas without you

I'll be so blue just thinking about you

Decorations of red on a green Christmas tree

Won't be the same dear, if you're not here with me…..

အဲဗစ်ပရက်စလီ၏ အပြာရောင်ခရစ်စမတ်သီချင်းက ထွက်ပေါ်လာ။

မင်းမရှိတဲ့ ခရစ်စမတ်ရက်တွေဟာတော့ အပြာရောင်ရက်တွေ (စိတ်ဓာတ်ကျစရာရက်တွေ) ပဲဖြစ်တော့မယ်

အနီနဲ့အစိမ်းရောင်အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်တွေဟာလည်း မင်းမရှိလို့ အရင်နှစ်တွေကနဲ့ ဘယ်လိုမှ မတူနိုင်ဘူး… ဆိုသည့် ဆွေးဆွေးမြေ့မြေ့သီချင်းသံ။

အရင်လိုရက်တွေဆိုရင်ဖြင့် မိတောပါ လိုက်ဆွေးလိုက်မည်ဖြစ်သော်လည်း အလွန်မုန်းသော shopping ကို သွားနေရသဖြင့် စိတ်ကတိုနေမိ။

ဒီရေဒီယိုစတေရှင်တွေလုပ်တာ ပရက်စလေခမျာလည်း တစ်နှစ်တစ်ခါပဲ သီချင်းဆိုရရှာတယ်’

ဆိုလိုက်ရင်လည်း ဒီအပြာရောင်ခရစ်စမတ်သီချင်းကနေကို မတက်ဘူး….. ဟွန်း..’

စိတ်ထဲကပြောမိသည်မှာ နှုတ်ကပါအသံထွက်သွား…။

Tuesday, July 11, 2017

Granite တောင်တန်းဆီသို့



ဟိုးတစ်နှစ်က တက်ခဲ့တဲ့တောင်ကို သတိရနေမိလို့ရယ်။
ပထမပိုင်းမှာတော့ ဓာတ်ပုံရိုက်နိုင်သေးတယ်။ အောက်ခြေမှာ ရေတံခွန်တွေနဲ့ သိပ်လှတာပဲ။ ဒါပေမယ့် ပိုပိုမြင့်လာလေ နံရံကို သံကြိုးနဲ့တွယ်တက်ရတဲ့ နေရာတွေရောက်တော့ ဓာတ်ပုံရိုက်ဖို့ မစဉ်းစားနိုင်တော့ဘူး။ ကိုယ့်ကိုကိုယ်တောင် မနည်းသယ်နေရတာ။ ဒီကြားထဲမှာ စိတ်ပူတတ်တဲ့ ညီမလေးက နာရီဝက်တစ်ခါ ဖုန်းခေါ်တယ်။ ဒီမှာက မနည်းတက်နေရပါတယ်ဆို သူ့ကို နာရီဝက်နေလို့မှ ဖုန်းမခေါ်ရင် text မပို့ရင် တဂွီဂွီခေါ်ပြီ။ ချက်ချင်းဘာလို့ မကိုင်လဲ လုပ်ချင်သေးတာ သူက၊ ဒီမှာက မနည်းအသက် မ တက်နေရတာ လက်တွေရဲရဲနီ သံကြိုးကို ဆွဲထားရချိန်၊ ခြေမချော်အောင် ကျောက်ကြားလေးတွေကြား ကုတ်ထားချိန်မှာ သူ့ဖုန်းကို ချက်ချင်းမကိုင်ရဘူးလား လုပ်သေးတာ။ သူက တောင်တက်တာ လုံးဝမကြိုက်ဘူး။ အဓိပ္ပာယ်မရှိဘူးမြင်တယ်။ သိပ်တက်ချင်ရင် ဟယ်လီကော်ပတာနဲ့တက်တဲ့ ဟယ်လီကော်ပတာ ငှားပေးမယ်ဆိုတယ်။
ကိုယ်က တောင်တက်ချင်တာလေ.. ဟယ်လီကော်ပတာစီးချင်တာမှ မဟုတ်ဘဲ။
ကိုယ့်မှာ အဲလိုတောင်တက်ရတဲ့ ဒုက္ခတစ်ခု သူ့ဖုန်းကိုဖြေရတာ ဒုက္ခတစ်ခုနဲ့ ဘာဓာတ်ပုံမှ မရိုက်နိုင်။ သူက ပြောသေးတယ်.. ကိုယ်တောင်တက်ရင် သူ့မှာ အလုပ်မလုပ်နိုင်ဘူး စိတ်တွေပူနေရတာနဲ့ ရုံးမှာ အာရုံမစိုက်နိုင်လို့ စိတ်သိပ်အနှောက်အယှက်ဖြစ်တယ်ဆိုပဲ။ သြော်...... .. လို့ပဲ တစ်ခွန်းပဲ ပြောလိုက်တော့တယ်။ သူကပြောသေးတာ.. တောင်ပေါ်က ရှုခင်းတွေသိပ်လှလို့ ကြည့်ချင်ရင် ပြက္ခဒိန်တွေအထပ်လိုက် ဝယ်ပေးမယ် ဆိုသေးတယ်။ 

Tuesday, June 13, 2017

အိမ်အကူချင်း အတူတူ


မြန်မာပြည်မှာ လူတိုင်းနီးပါး လက်ကိုင်ဖုန်းကိုင်နိုင်ကြတော့ သတင်းတွေမြင်ရကြားရမှာပဲ။ ကိုယ့်နီးစပ်ရာဆွေမျိုးသားချင်းတွေကိုသာ သတိပေးကြပါတော့...


နိုင်ငံခြားဆိုတာ ရေချိုချောင်းမဟုတ်ဘူး။ လှိုင်းလုံးတွေပြင်းထန်ပြီး အသားစားငါးမန်းတွေကျင်လည်တဲ့ ပင်လယ်ပြင်ရိုင်းတစ်ခုမို့ ကိုယ်ရောစိတ်ပါကြံ့ခိုင်ပြီး ရေကူးသန်မှ အဆင်သင့်ဖြစ်မှ ထွက်လာကြပါလို့..
ပင်လယ်ထဲစွန့်စား ခုန်ချပြီးမှ ရေချိုချောင်းကို ပြန်ချင်ရင်တောင် ထင်သလောက်မလွယ်ဘူးဆိုတဲ့အကြောင်း..
ဘယ်သူ့ကိုမှ မယုံဖို့အကြောင်းနဲ့
Money is not everything မို့လို့
စိတ်မနိုင်၊ မသေချာ၊ equipped မဖြစ်ရင် ထွက်မလာကြပါနဲ့..
မိဘတွေကလည်း ကလေးတွေကို တိုင်းပြည်အပြင်လွှတ်ပြီး မခိုင်းစားကြပါနဲ့လို့
ပြောပေးကြပါ....


ဒီဘက်တွေမှာက အိမ်အကူဆိုတာကို အပြန်အလှန် respect ပေးရတယ်။ သတ်မှတ်ချိန် ၈နာရီကျော်ရင် အိုဗာတိုင်ပေးရတယ်။ အိမ်ဖော်တစ်ယောက်လစာ တစ်လဒေါ်လာနှစ်ထောင်ကျော်တယ်။ မကြာခင် သူတို့ တစ်နာရီ၁၅ဒေါ်လာရတော့မယ်။
Employment insurance, Canadian ပင်စင် အကုန်ရသေးတယ်။
အိမ်ရှင်ဟာ တစ်နှစ်သိန်းကျော်ဝင်ငွေ မရှိဘဲအိမ်ဖော်ငှါး လို့ မရဘူး။ အစိုးရထံမှာ အခွန်ငွေထမ်းဆောင်ထားကြောင်းစာရွက်အထောက်ထားပြပြီးမှ အိမ်ဖော်ဌားလို့ရတယ်။ ဒီတိုင်းကောက်ငှါးလို့မရဘူး။ revenue canada မှာ business account ဖွင့်ရသေးတယ်။ အစိုးရက အကုန်ထိန်းချုပ်ထားတာ။
အိမ်အကူတွက် အိပ်ခန်း ရေချိုးခန်းသပ်သပ် မရှိလို့ မရဘူး။ ကွန်ပြူတာ တီဗွီပါပေးရတယ်။
တတ်နိုင်သူတွေ အိမ်ဖော်ကို ကားပါပေးထားတယ်။
တစ်နှစ်တစ်ခါ တိုင်းပြည်ပြန်ဖို့ လေယာဉ်လက်မှတ်ဖိုးပါထုတ်ပေးရတယ်။
အချို့အိမ်ဖော်တွေများ အိမ်ရှင်မထက်တောင်သားနားပြီး ဖိနပ်အရံ သုံးလေးဆယ်ပိုင်တယ်။
ပရိုဖက်ရှင်နယ်လည်း ကျတယ်။ အိမ်ဖော်ဘဝကနေ accountant ဖြစ်သွားသူ၊ ဟိုတယ်မာန်နေဂျာဖြစ်သွားသူတွေ ရှိတယ်။
အိမ်ရှင်မတွေကလည်း အရင်တုန်းက နင်ငါ့အိမ်ဖော်ပဲလို့ စိတ်လုံးဝရှိမှာမဟုတ်ဘူး။


ဒီဘက်တွေမှာလူတွေ့ရင်...
နင်ကဗမာလား.. ငါ့မှာဗမာအိမ်ဖော်ရှိတယ်လေ။
နင်ကတရုတ်လား.. ငါတို့ကဗမာတွေလေ ငါ့မှာတရုတ်အိမ်ဖော်ထားတာ.. လို့
ဘယ်သူကမှလည်း ဖိလိပိုင်အိမ်ဖော်၊ တရုတ်အိမ်ဖော်၊ ကိုရီးယားအိမ်ဖော်ထားတယ် ကြွားမနေဘူး။
ကိုယ်အပြင်ထွက် ရုံးအလုပ်လုပ်သလို သူတို့ကလည်းသူတို့အလုပ်လုပ်တာ။ နိမ့်တာတွေမြင့်တာတွေ မရှိဘူး။


လူ့အခွင့်ရေးဆိုတာ ဘာမှမသိ.. အာရှမှာသာ ဆရာကြီးလုပ်နိုင်တဲ့၊ ဒီရောက်ရင် အဂ်လိပ်စကားတောင် ကောင်းကောင်းမတတ်တဲ့ ဘာမဟုတ်တဲ့ ကိုရီးယားတို့ တရုတ်တို့.. ဘာတို့.. ဆီမှာ ကိုယ့်လူမျိုးတွေအနှိမ်ခံရပြီး အိမ်ဖော်လုပ်နေရတာ မဖြစ်သင့်ဘူး။

Comments
Ye Myint
Ye Myint ဒီစာလေးရေးပေးတာတန်ဖိုးကြီးပါတယ်
နိုင်ငံခြားကိုနတ်ပြည်လို့ထင်နေကြတဲ့သူတွေအခြေခံမရှီဘဲနိုင်ငံခြားကိုဘဝလွတ်မြောက်ရေးအတွက်သွားခြင်သူတွေသတိပြုကြရမှာပါ
LikeShow more reactions
· Reply · 5 hrs
Min Min Latt
Min Min Latt ရှဲပြီ မိ​တော​ရေ...😢😢😫
LikeShow more reactions
· Reply · 5 hrs
Nu Yin
Nu Yin ရှယ်ခွင့်ပြုပါရှင် ..
LikeShow more reactions
· Reply · 2 hrs
သဲတုန်လေး မေ မေ
သဲတုန်လေး မေ မေ ရှဲမယ်​​နော်​ ဆရာမ
LikeShow more reactions
· Reply · 2 hrs

Monday, June 12, 2017

ရာသီခွင်များရဲ့ အားနည်းချက်များ

လူတွေဟာ ကိုယ့်ရဲ့ကောင်းကွက်လေးတွေကိုပဲ ဖတ်မိကြတာများမှာပါ။ ဒါကတော့ ဆိုးကွက် သို့မဟုတ် အားနည်းချက်တွေပေါ့။ မှန်တာ မှားတာကတော့ တစ်ဦးချင်းအပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ အကုန်လည်း မမှန်နိုင်သလို၊ အကုန်လည်း မမှားနိုင်ဘူးပေါ့နော်။ မလေးတော့ အပျော်သဘောနဲ့ ဖတ်ကြည့်လိုက်ပြီး ကျန်သူတွေလည်း ဖတ်လို့ရအောင် မြန်မာလို ပြန်ရေးပေးလိုက်တယ်။ တစ်ယောက်မှကို မလွတ်ဘူး။ မွေးနေ့တွေလည်း မသိပါဘူးလို့။
မကြိုက်ရင် အော်ရီဂျင်နယ်ရေးသူကိုပဲ စိတ်ဆိုးကြနော်...။

🍇 Gemini the shallow (မေထုန်ရာသီဖွား အပေါ်ယံသမားများ)
မင်းတို့ကတော့ ဗဟုသုတရှာမှီးတယ်၊ စာတွေဖတ်တယ်၊ ခရီးတွေထွက်တယ်။ ဒါကြောင့် ကိုယ်ကို ဗဟုသုတအရမ်းများတယ်လို့ ဂုဏ်ယူတတ်ကြတယ်။ ဒါပေမယ့်လည်း လူဆိုတာ အကုန်လုံးကို အလုံးစုံ မသိနိုင်ဘူး။ ကိုယ်သိသမျှတိုင်းကို လူတိုင်းကိုလိုက်ပြောတဲ့အခါမှာလည်း လူတွေက ဗဟုသုတပြည့်စုံတယ်လို့ မမြင်တော့ဘဲ၊ လူအထင်ကြီးအောင် လျှောက်ပြောနေတဲ့ အပြောသမားတွေလို့ မြင်လာကြလိမ့်မယ်။ ဒါ့အပြင် မျက်နှာနှစ်ဘက်နဲ့လူတွေလို့ သတ်မှတ်ခံရတတ်တယ်။ “shallow” လို့ မြင်လာကြလိမ့်မယ်။ ဒါကြောင့် နောက်တစ်ခါမှာ လူတွေကြားထဲရောက်ရင် ကိုယ့်ကိုကိုယ် “expert knowledge” ပုံစံမျိုးမဖြစ်အောင် စကားနည်းနည်းပြောပြီး များများနားထောင်တတ်တဲ့ အကျင့်ကို လုပ်ပါ။


🌴 Cancer the whiner (ကရကဋ်ရာသီဖွား ငြီးငြူကြသူများ)
မိဘ၊ ဆွေမျိုး မောင်နှမတွေကို အရမ်းဂရုစိုက်တယ်။ သူတို့နဲ့ပတ်သက်လာရင် ခံစားလွယ်တယ်။ ဒါပေမယ့် လိုတာထက်ပိုတဲ့အခါ စိတ်ခံစားလွယ်သူတွေဖြစ်တယ်။ ဘယ်သူကမှ ငြီးငြူတတ်သူကို မကြိုက်ဘူး။ ကိုယ့်စိတ်ကို ထိန်းနိုင်ရမယ်။ အထူးသဖြင့် ကိုယ်ချစ်ခင်သူတွေနဲ့ ပတ်သက်လာတဲ့အခါ သိပ်မခံစားပါနဲ့။ အရာရာကို အကုန်လိုက်ပြီးခံစားတဲ့အခါ၊ ငြီးငြူစူပြီး မကျေနပ်တွေဖြစ်လာတဲ့အခါ လူတွေက သင့်ကို ဘာမဆို complain ပဲလုပ်နေတာပဲလို့ မြင်လာလိမ့်မယ်။

🍁 Leo the bossy (သိဟ်ရာသီဖွား ဆရာကြီးများ)
မင်းကတော့ မင်းကိုမင်း သိပ်ချစ်တဲ့သူပဲ။ မင်းရဲ့ကောင်းတဲ့အရည်အချင်းတွေကိုလည်း သိပ်ဂုဏ်ယူတတ်သူ။ သူများတွေက မင်းရဲ့ဂုဏ်သတ္တိတွေကို မကြိုက်ရင်လည်း မင်းက အေးဆေးပါပဲ။ ဒါပေမယ့် လီယိုရေ... မင်းကတော့ မင်းကိုမင်း မွေးကတည်းက ခေါင်းဆောင်မှုအရည်အချင်းတွေနဲ့ မွေးဖွားလာတာလို့ မြင်ပေမယ့် အချို့လူတွေကတော့ မင်းကို ဆရာကြီးလုပ်နေတယ်လို့ ထင်ကြတယ်။ နောက်တစ်ခါတော့ လူတွေကို လက်ညှိုးထိုးပြီး ဘာလုပ်ဘာလုပ်ပါလို့ လူတွေကို မခိုင်းပါနဲ့။ ခေါင်းဆောင်တစ်ယောက်လိုကျင့်ကြံပါ.. ဒါပေမယ့် ခြေတစ်လှမ်းဆုတ်ပြီး စောင့်ကြည့်တတ်အောင် ကြိုးစားပါ။