Tuesday, April 26, 2016

မိခင်ဧရာဝတီအတွက် ရေးတဲ့စာ


ကျောက်မီးသွေးမှ စွမ်းအင်အလွန်အကျွံထုတ် လုပ်မှုကြောင့် တရုတ်နိုင်ငံရဲ့ လေထုထဲမှာ အဆိပ်ငွေ့တွေ ပျံ့နှံ့လာခဲ့တယ်။ တရုတ်လူမျိုး ၁ ဒသမ ၂ဘီလီယံဟာ CO2 အဆိပ်ငွေ့တွေကို ရှူရှိုက်နေခဲ့ရတယ်။ ရေအားကိုအသုံးပြုပြီး စွမ်းအင်ထုတ်လုပ်ခြင်းဟာ ကျောက်မီးသွေးကို အသုံးပြုပြီး စွမ်းအင်ထုတ်လုပ်ခြင်းလောက် CO2 အဆိပ်မသင့်တာကတစ်ကြောင်း၊ UN နဲ့ အခြားတိုင်းပြည်များက ဖိအားပေးမှုက တစ်ကြောင်း၊ ကျောက်မီးသွေးအစား ရေ အရင်းအမြစ်ကိုသုံးပြီး စွမ်းအင်ထုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရုတ်ပြည်ဟာ ဆည်ကြီးတွေ ကို အကြီးအကျယ်တည်ဆောက်ခဲ့ကြတယ်။ တရုတ်ပြည်ဟာ ခရစ်နှစ်၂ဝ၂ဝမှာ ရေအားမှ စွမ်းအင် ၃၅ဝ ဂစ်ဂါဝပ်ထုတ်လုပ်မယ်လို့ ရည်ရွယ်ထားတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန် သုံးနိုင်ငံပေါင်းမှာရှိတဲ့ ဆည်အရေအတွက်ထက်တောင် များပြားလှတဲ့ ဆည်ပေါင်းရှစ်သောင်းကျော် တရုတ်ပြည်မှာ ရှိခဲ့ပြီးဖြစ်ပေမယ့်လည်း ခရစ်နှစ် ၂ဝ၂ဝမှာ စွမ်းအင် ၃၅ဝ ဂစ်ဂါဝပ် ပြည့်ဖို့အတွက် အခြားတိုင်းပြည်တွေရဲ့ မြစ်ချောင်းအင်းအိုင် တွေကိုပါ လက်ဝါးကြီးအုပ်ဖို့ ကြိုးစားလာကြတယ်။
 


 


မြစ်ဝါမြစ်

မြစ်ဝါမြစ်ဟာ ယန်စီမြစ်ပြီးရင် တရုတ်ပြည်ရဲ့ ဒုတိယအရှည်ဆုံး၊ ကမ္ဘာ့မြစ်တွေထဲ ဆဋ္ဌမမြောက်အရှည်ဆုံးမြစ်။ တရုတ်သမိုင်းနဲ့ယဉ်ကျေးမှုတွေ ယှက်နွှယ်နေတဲ့မြစ်။ ၁၉၇၂ ခုနှစ်ကစပြီး မြစ်ရေတွေဟာ ပင်လယ်ထိအောင် မစီးဆင်းနိုင်တော့ဘဲ ခဏခဏ ခန်းခြောက်ရပါတယ်တဲ့။ အကြောင်းရင်းကတော့ မြစ်ထဲကရေတွေကို အလွန်အကျွံသွယ်ယူသုံးစွဲလို့ဖြစ်တယ်။ ၁၉၉၇ ခုနှစ်မှာ မြစ်ဝါမြစ်ဟာ ရက်ပေါင်း ၂၃ဝ တိုင်တိုင် ရေမစီးခဲ့ဘူး။ ဒါကြောင့် လယ်ယာမြေတွေ အများကြီးပျက်စီးခဲ့ရတယ်။ တရုတ်အစိုးရဟာ မြစ်ဝါမြစ်ကို ပြန်ကယ်ဆယ်ဖို့ အကြီးအကျယ် ကြိုးစားနေရတယ်။ အရင်တုန်းကတော့ လယ်ယာမြေတွေ၊ စက်ရုံတွေအတွက် မြစ်ထဲ က ရေတွေကိုသွယ်ပြီး သုံးချင်တိုင်းသုံးခဲ့ပေမယ့် လည်း ယခုအခါမှာ ရေမစီးတော့တဲ့အတွက် ကမ်းနားနေ လယ်သမားတွေကို ရေတောင် မပေးနိုင်တော့ပါဘူး။

မြစ်ဝါမြစ်ဟာ နုန်းမြေတွေအများကြီး သယ်ဆောင်တဲ့မြစ်လည်းဖြစ်တယ်။ နုန်း အနည်ကျနှုန်းကလည်း အလွန်မြင့်၊ မြန်တဲ့အတွက် မြစ်ကြမ်းပြင်ဟာ အလျင်အမြန် မြင့်တက်လာတယ်။ မြစ်ဝါမြစ်တစ်လျှောက်မှာ ဆောက်ထားတဲ့ ဆည်တွေရဲ့ သက်တမ်းတွေ ဟာလည်း နှစ် ၂ဝဝ လို့ ခန့်မှန်းဆောက်ထားပေမယ့် နုန်းကျနှုန်းမြန်တဲ့အတွက် ဆည်သက်တမ်းဟာ ခန့်မှန်းထားတာထက်ပိုပြီး တိုလာနေတယ်။ ဆည်တွေရဲ့သက်တမ်းဟာ ခန့်မှန်းခြေထက်တိုတဲ့အတွက် စီးပွားရေး ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ရပါတယ်။

မြစ်ဝါမြစ်ရဲ့ လက်ရှိရေအနက်ဟာ လွန်ခဲ့ တဲ့ အနှစ်ငါးဆယ်တုန်းက ရေမျက်နှာပြင်ရဲ့ သုံးပုံတစ်ပုံပဲ ကျန်ရှိပါတော့တယ်။ ပရော်ဖက်ဆာ ချောင်မင်းမင်းဟာ တာဝန်ရှိသူတွေရဲ့ စီမံကွပ်ကဲမှု ညံ့ဖျင်းမှုနဲ့ အစိုးရက တိတိကျကျ တာဝန်မယူမှုကြောင့် မြစ်ဝါမြစ်ရဲ့ အမည်ကို ''တရုတ်ပြည်ရဲ့ဝမ်းနည်းခြင်း'' လို့တောင် အမည်ပြောင်းသင့်နေပြီလို့ ဆိုတယ်။

ယန်စီမြစ်

ယန်စီမြစ်ဟာလည်း မြစ်ရေခန်းခြောက်ခြင်း အန္တရာယ်နဲ့ ရင်ဆိုင်နေရပါပြီ။ ၂ဝ၁၂ ခုနှစ် ကစပြီး နွေရာသီဆိုရင် ယန်စီမြစ်ရေဟာ ၃၂ ပေ အနက်ပဲရှိတော့တယ်။ တာဝန်ရှိသူတွေ ကတော့ မိုးခေါင်ရေရှားမှုလို့ လွှဲချပေမယ့် ကျွမ်းကျင်သူများနဲ့ တရုတ်ပြည်သူလူထု ကတော့ Three Gorges ဆည်ကြီးကြောင့်လို့ ဆိုကြတယ်။ တာဘိုင်စက်ကြီးတွေ လည်ပတ်ဖို့ ရေတွေကို သုံးနေချိန်မှာ ယန်စီမြစ်ကြီးကတော့ အကြီးအကျယ်ရေငတ်နေရပါပြီ။ ယန်စီမြစ်ရဲ့ ငါးဖမ်းလုပ်ငန်းဟာ ရပ်ဆိုင်းရတော့မယ်။ မြစ်ထဲရေမရှိလို့ ငါးတွေသေရပြီး ငါးသေတွေဟာ မြစ်ကမ်းပေါ်မှာ အစုလိုက်အပြုံလိုက် သောင်တင်နေရပြီ။

ယန်စီမြစ်ကမ်းပါးပေါ်က ယီချန်ဒေသ

ယန်စီမြစ်ထဲက wild Chinese sturgeon ငါးမျိုးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၁၄ဝ ထဲက မျိုးဆက်လာတဲ့ငါးတွေဖြစ်ပေမယ့် အလွန်အကျွံဆောက်ထားတဲ့ ဆည်တွေ၊ မြစ်ထဲက များပြားလှလွန်းတဲ့ သဘောင်္တွေ၊ ရေထုညစ်ညမ်းလာမှုတွေကြောင့် နှစ်သန်း ၁၄ဝ ထဲက ရှိခဲ့တဲ့ ဒီငါးကြီးတွေဟာ ၂ဝ၁၃ ခုနှစ်မှစကာ မျိုးပွားနှုန်းက မရှိတော့သလောက် ဖြစ်လာရပြီး မကြာခင်မှာ ပျောက်ဆုံးသွား တော့မှာဖြစ်ကြောင်း Chinese Academy of Fishery Sciences မှ သုတေသီတို့က ဆိုထားပါတယ်။ ဟူဘိုင်းပြည်နယ်မှာ မြင်နေကျ ငါးဥတွေ လုံးဝမတွေ့ရတော့တဲ့ အပြင် ငါးပေါက်လေးတွေ ပျော်မြူးနေကျ သြဂုတ်လတွေမှာလည်း မြစ်ကြီးဟာ ခြောက်ကပ်တိတ်ဆိတ်နေပြီလို့ ဆိုတယ်။

၁၉၈ဝ ခုနှစ်များမှာ ကောင်ရေ ထောင် ပေါင်းများစွာရှိခဲ့တဲ့ ယန်စီမြစ်ထဲမှ wild Chinese sturgeon အခုတော့ အကောင်ရေ ၁ဝဝ ခန့်ပဲ ကျန်တော့တယ်။ ရှားပါးငါးမျိုးတွေ အကောင်ရေကျလာရတဲ့အထဲ မြစ်ထဲမှ အပျော်စီးသဘောင်္တွေရဲ့ ပန်ကာတွေ၊ မော်တာတွေနဲ့ တိုက်မိပြီး ငါးတွေသေဆုံး ကြရတာတွေရှိသလို ငါးဖမ်းသမားတွေရဲ့ ပိုက်ကွန်တွေထဲ ပိတ်မိပြီး သေဆုံးကြရရှာတယ်။ ဒါ့အပြင် ယန်စီမြစ်ထဲက ယန်စီလင်းပိုင် ကောင်ရေဟာလည်း ၁၉၈ဝ ပြည့်နှစ်မှ ၂ဝဝ၆ ခုနှစ်အတွင်းမှာ ၉၉ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းလာပြီး မိကျောင်းကောင်ရေဟာလည်း ၁၉၅၅ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း ၉၇ ရာခိုင်နှုန်း ကျဆင်းလာခဲ့ရပါပြီ။ ဒါတွေ အားလုံးဟာ စီးပွားရေးအလွန်အကျွံ တိုးတက်ချင်လွန်းခြင်း၊ ပတ်ဝန်းကျင်သဘာဝကို မထိန်းသိမ်းခြင်းတို့ရဲ့ ရလဒ်တွေပဲဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။

Poyang lake (ပိုယန်းကန်)

တရုတ်ပြည်ရဲ့သိပ်လှတဲ့ ပိုယန်းကန်ကြီး ဟာလည်း Three Gorges ဆည်ကြီးက ရေမလွှတ်လို့ ခန်းခြောက်လာခဲ့ရပါပြီ။ ကန်ကြီးဟာ နွေရာသီမှာ ရှားပါးငှက်တွေ သားပေါက်ပွားတဲ့ နေရာဖြစ်ပေမယ့် ရေကခန်း၊ ငါးကမရှိလို့ ငှက်တွေလည်း နေစရာ မရှိတော့ပါဘူး။ အဲဒီတော့မှ တရုတ်အစိုးရဟာ ငှက်တွေပြန်လာအောင် ပြောင်းဖူးစေ့၊ ပုစွန် သေးလေးတွေနဲ့ ငါးသေးသေးလေးတွေကို ရေစပ်စပ်ပဲ ကျန်တော့တဲ့ ကန်ကြမ်းပြင်ပေါ်ကို လေယာဉ်ပျံနဲ့ ဖုတ်ပူမီးတိုက် ကြဲချနေကြရ ပါတယ်။ ကန်ထဲမှာရှိတဲ့ တရုတ်ပြည်ရဲ့ ရှားပါးတဲ့ ငါးတွေဟာလည်း ကန်ကြီးနဲ့အတူ တဖြည်း ဖြည်း ပျောက်ကွယ်လာနေရပါပြီ။

မြစ်ဝါ၊ ယန်စီ၊ ယီချန်ဒေသနဲ့ ပိုယန်းကန် တို့ဟာ နှမ်းစေ့ပမာသော ဥပမာအချို့သာဖြစ်တယ်။ အမှန်တော့ တရုတ်နိုင်ငံရဲ့ မြေပုံပေါ်ကနေ မြစ်ကြီးတွေဟာ တဖြည်းဖြည်း ပျောက်ဆုံးလာနေပါပြီ။ အခုချိန်မှာဆိုရင် တရုတ်တွေရဲ့မြေပုံပေါ်ကနေ မြစ်ပေါင်းနှစ်သောင်းရှစ်ထောင် ပျောက်ဆုံးသွားပါပြီ။

ဘာဖြစ်လို့ ပျောက်ဆုံးရလဲဆိုတော့ တရုတ်ပြည်ဟာ တိုးတက်ချင်လွန်းတာ အန္တရာယ်ကိုတောင် မမြင်နိုင်တော့ဘဲ သဘာဝကပေးတဲ့ အရင်းအမြစ်တွေကို အလွန်အကျွံသုံးစွဲနေလို့ဖြစ်တယ်လို့ “result of the nation’s break neck economic development” တရုတ်အစိုးရပိုင် အစီရင် ခံစာကကို ဆိုထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ရေအရင်းအမြစ် ဝန်ကြီးဌာနရဲ့အစီရင်ခံစာအရ တရုတ်ပြည်ရဲ့ ရေအရင်းအမြစ်ဟာ အနှစ် ၆ဝ အတွင်းမှာ တစ်ဝက်ပဲ ရှိတော့တယ်လို့ ဆိုထားပါတယ်။ လူရှစ်သိန်းအားနဲ့ ရေအရင်းအမြစ်အပေါ် လေ့လာတွက်ချက်မှုတွေလုပ်အပြီး ရလာတဲ့ ရလဒ်ဟာလည်း တရုတ်အစိုးရခန့်မှန်းထားတာနဲ့ ကွဲလွဲမှုများစွာ ရှိနေတယ်လို့လည်း ဆိုပါတယ်။ တရုတ်အစိုးရက ၂ဝ၁၁ ခုနှစ် အကုန်မှာ တရုတ်ပြည်မှာ မြစ်ကြီးပေါင်း ငါးသောင်းရှိမယ်လို့ ခန့်မှန်းထားပေမယ့် တကယ်တမ်းမှာတော့ တရုတ်ပြည်မှာ မြစ် ၂၂၉ဝ၉ စင်းပဲ ရှိတော့တယ်လို့ ဆိုကြပါတယ်။ တရုတ်ပြည်ဟာ စီးပွားရေးတိုးတက်မှုအတွက် အဖိုးအခ ကြီးကြီးမားမားပေးခဲ့ကြရတယ်လို့ ဆိုနေကြတယ်။ ပေးလိုက်ရတဲ့ အဖိုးအခ ကတော့ ပြန်မရနိုင်တော့တဲ့ ရေတွေ၊ ခန်းသွားတဲ့ မြစ်တွေနဲ့ တန်ဖိုးရှိတဲ့ မြေဆီလွှာ တွေ၊ ငါး၊ ငှက်မျိုးစုံနဲ့ လူတွေရဲ့အသက်တွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆည်ကြီးတွေကို အလွန်အကျွံဆောက်တဲ့အတွက် တရုတ်ပြည်သူအများစု ပေးဆပ်ရတာချည်းပဲ မဟုတ်ပါဘူး။ ကမ္ဘာ့လူထုဟာလည်း တရုတ်ပြည် စက်ရုံအလုပ်ရုံတွေမှ ရေထဲကို စွန့်ပစ်လိုက်တဲ့ အညစ်အကြေးတွေ၊ လေထဲကိုထုတ်လွှတ်လိုက်တဲ့ အဆိပ်ငွေ့တွေ ကြားထဲမှာ မွန်းကျပ်နေပါပြီ။ ကမ္ဘာသားတွေ ဆိုရာမှာ တရုတ်ပြည်သူပြည်သားတွေပါ အပါအဝင်ဖြစ်ပါတယ်။ အဆိပ်သင့်ရေတွေနဲ့ အဆိပ်သင့်လေထုဟာ တရုတ်ပြည်သူ ပြည်သားတွေကိုပါ အဆိပ်သင့်နေတာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးကို အဆိပ်သင့် လာတာဖြစ်ပါတယ်။

ဆည်တွေဆောက်ခြင်းရဲ့ဆိုးကျိုးတွေထဲ ကတစ်ခုက မြစ်ရေမှန်မှန်မစီးခြင်း၊ မြစ်က ရေမဝတော့ခြင်းဖြစ်တယ်။ ရေဟာ မှန်မှန် မစီးတော့တဲ့အတွက်၊ ရေထုနည်းသွားတဲ့ အတွက် မြစ်ရေတွေ ညစ်ပတ်လာတယ်။ ရေထုညစ်ညမ်းမှု အကြီးအကျယ်ဖြစ်လာ တယ်။ မြစ်ရေသာမက မြစ်ကြမ်းပြင်က နုန်းမြေသဲမြေတွေပါ အဆိပ်အတောက်ဖြစ်လာ တယ်။ အဲဒီအတွက် မြစ်အနီးအနားကရွာတွေ က လူတွေပါ အဆိပ်သင့်လာပြီး ယန်စီ၊ မြစ်ဝါနဲ့ ပိုယန်းဒေသက ရွာတွေကို ကင်ဆာရွာများလို့တောင် အမည်တပ်လာပြီ။ ရေအဆိပ်သင့်လာတဲ့အတွက် လူတွေဟာ အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါတွေ အများကြီးဖြစ်လာပါပြီ။ ကမ္ဘာအရပ်ရပ်က လူတွေနဲ့ တရုတ်ပြည်သားတွေရဲ့ တောင်းဆို ဆန္ဒပြမှုတွေကြောင့် တရုတ်အစိုးရဟာ သူတို့ရဲ့အပြစ်၊ သူတို့ရဲ့တာဝန်မဲ့မှုကို ဝန်ခံရတော့တဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။

တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်ချင် ဇောဟာ ကမ္ဘာတစ်ခုလုံးကိုပါ ထိခိုက်လာ ရပါပြီ။ စက်ရုံတွေ ဆောက်ချင်သလို ဆောက်ပြီး ထိုစက်ရုံတွေကို လျှပ်စစ်နဲ့အခြားသော စွမ်းအင်တွေပေးဖို့ ဆည်တွေကို ဆောက်ရတာလည်း ရေတွေ၊ မြစ်တွေလည်း ခန်းသလောက်ဖြစ်နေပါပြီ။ တရုတ်နိုင်ငံတွင်း စက်ရုံကြီးတွေက ထုတ်လွှတ်လိုက်တဲ့ မီးခိုးတွေဟာ ဂျပန်၊ ကိုရီးယား၊ ကနေဒါနဲ့ အမေရိကန်အထိပါ ပျံ့လွင့်နေပြီလို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

တရုတ်အစိုးရရဲ့ လေ့လာမှုစာတမ်းတစ်ခု အရ သူတို့နိုင်ငံတွင်းက ရေတွေရဲ့ ၄ဝ ရာခိုင်နှုန်းဟာ အဆိပ်သင့်နေရုံသာမက မြေကြီးအောက်ထဲကရေတွေဟာလည်း ၉ဝရာခိုင်နှုန်း အဆိပ်သင့်နေပါပြီတဲ့။ အဲဒီ အတွက် တရုတ်ပြည်မှ လူပေါင်းသန်း၂ဝဝ ဟာ သောက်ရေသန့်ကို အရေးတကြီး လိုနေပါတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်တွင်းရှိ မြစ်များဟာ ဆည်တွေဆောက်ပြီး ရေကြောင်းပိတ်ဆို့မှုခံရလို့ ရေကောင်းစွာ မစီးနိုင်တော့တဲ့အပြင်၊ မြစ်ထဲ အမှိုက်သရိုက်၊ စက်ရုံအညစ်အကြေးတွေ၊ မိုင်းတွေကထွက်လာတဲ့ အညစ်အကြေးတွေ ကြောင့် သူတို့ရဲ့မြစ်တွေဟာ အဆိပ်သင့် မြစ်ကြီးတွေ ဖြစ်လာနေတာဖြစ်တယ်လို့လည်း ဝန်ခံလာကြပါတယ်။

တရုတ်ပြည်မှာ ရေရှားလာခြင်း၊ ရေ အရင်းအမြစ်လိုလာခြင်းတို့ဟာ အိမ်နီးချင်း တိုင်းပြည်တွေရဲ့ ရေအရင်းအမြစ်တွေကို မျက်စောင်းထိုးစရာ ဖြစ်လာနေပါတယ်။ လူတွေရဲ့အဆိပ်လက်တွေ မထိသေးတဲ့ မြန်မာပြည်ထဲကို ဖြတ်စီးလာတဲ့ သံလွင်၊ လာအိုနယ်စပ်က မဲခေါင်မြစ်၊ မေခ၊ မလိခ တို့ဟာလည်း တရုတ်စီးပွားရေးအရင်းရှင်တို့ရဲ့ စွမ်းအင်ထုတ်ဖို့ မျက်စောင်းထိုးချင်စရာ ဖြစ်လာတယ်။ တရုတ်တွေဟာ သူတို့တိုင်းပြည် အဆိပ်သင့်လာနေတာကို သိနေတယ်။ ရေအောက်က အဆိပ်သင့်ရေတွေအကြောင်း သိနေတယ်။ ဒါ့အပြင် သူတို့တိုင်းပြည်ထဲမှာ ရှိသမျှ မြစ်တွေ၊ ဆည်မြောင်းတွေ၊ သစ်တော၊ ရေအောက်ရေကြော၊ ငလျင်ကြောတွေ အကြောင်း ကောင်းစွာသိတယ်။ မြန်မာပြည် က လူတွေကကော မိမိမြန်မာပြည်အကြောင်း မြေပေါ်မြေအောက်မကျန် အချက်အလက်နဲ့ တိတိကျကျသိပါသလား။ ကိုယ့်တိုင်းပြည် တွင်းမှာရှိတဲ့ မြစ်ချောင်း၊ မြေအောက် ရေကြော၊ မြေကြော၊ ငလျင်ကြော၊ သစ်တော တွေအကြောင်း ကောင်းကောင်းသိပါရဲ့လား ဆိုတဲ့မေးခွန်းဟာ မေးစရာဖြစ်နေပါတယ်။

မြစ်အောက်ဘက်တိုင်းပြည်များ အစတေးခံရခြင်း

တရုတ်ပြည်မှ ဘဏ်များ၊ ကုမ္ပဏီတွေဟာ တရုတ်ပြည်တွင်းမှာ ဆည်များဆောက်ရုံနဲ့ အားမရသေးဘဲ တိုင်းပြည် ၇၄ခုမှာ ဆည်ပေါင်း ၃ဝဝ ကျော်ကို ဆောက်နေတယ်။ အထူးသဖြင့် ဖြားယောင်းလို့ လွယ်ကူတဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာနိုင်ငံတို့ဟာ ရေအရင်း အမြစ်နဲ့ စွမ်းအင်တွေ စုပ်ယူစားသုံးစရာ ကောင်းတဲ့ တိုင်းပြည်တွေဖြစ်နေတယ်။ ဆည်တွေဆောက်ဖို့ သဘာဝပတ်ဝန်းကျင် အချက်အလက်ကောက်ယူမှုများ မပြီးဆုံးသေး ခင်မှာကို တရုတ်ကုမ္ပဏီတွေဟာ ဆည်တွေကို အလျင်အမြန် ဆောက်လေ့ရှိတယ်လို့ လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေက ဆိုပါတယ်။ ဆည်ကြီးတွေဆောက်ပြီးသွားတဲ့အခါ မှာတော့ ဆည်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ စွမ်းအင်နဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ သိသင့်သိထိုက်တဲ့ အချက်အလက်တွေဟာ ပြည်သူလူထုလက်ထဲ ဘယ်တော့မှ ရောက်မလာခဲ့ဘူးလို့လည်း ဆိုကြတယ်။ မြစ်အထက်ဘက်မှာ ဆည်တွေဆောက်တဲ့အတွက် မြစ်အောက်ဘက်ဒေသတွေမှာ အကျိုးမဖြစ်ထွန်း ဘဲ အကျိုးဆုတ်ယုတ်မှုတွေကိုလည်း အကြီးအကျယ် ရင်ဆိုင်နေကြရတယ်လို့လည်း ဆိုတယ်။

မဲခေါင်မြစ်အထက်ပိုင်းမှာ ဆောက်လက်စဆည်ခြောက်ခုရှိပါတယ်။ အဲဒီအထဲ မှာမှ ဆောက်ပြီးသွားတဲ့ ဆည်တစ်ခုကို စတင်ဖွင့်လှစ်တဲ့နေ့ကစပြီး မြစ်ထဲ ရေမှန်မှန် မစီးတော့တဲ့အတွက် မဲခေါင်မြစ်ကို မှီတွယ် နေရတဲ့ တိုင်းပြည်တွေဟာ ရေခန်းခြောက် ခြင်းဒဏ်ကို စတင်ခံနေရပြီဖြစ်တယ်။ ဆည်မဆောက်ခင်ကတော့ လာအိုနိုင်ငံဟာ တရုတ်ပြည်ကို လျှပ်စစ်ရောင်းစားမယ့်အကြံနဲ့ ကျေနပ်နေခဲ့ပေမယ့်လည်း အခုတော့ ထို ဒေသတစ်ဝိုက်ဟာ အကျိုးမခံစားရဘဲဖြစ်နေ ရပြီ။ ထို့အပြင် အာရှရဲ့ထမင်းအိုး (rice bowl) ဒေသကို ရေတွေ အရင်ကလောက် အလျှံပယ် မဝင်တော့တဲ့အတွက် ဆန်ရေ စပါးရှားပါးခြင်းဒဏ်ကို ခံလာရတော့မှာ ဖြစ်တယ်။ ဒါ့အပြင် အယ်နီညိုရဲ့ နှိပ်စက်မှုကို ခံနေရတဲ့အာရှဒေသဟာ တရုတ်ပြည်ရဲ့ ဆည်တွေကြောင့် ရေရှားမှုဒဏ်ကိုပါ ခံနေကြ ရတယ်လို့ ဆိုနေကြပါတယ်။

လာအိုနိုင်ငံသည်လည်း အာရှရဲ့ ဘက်ထရီအိုးလို့ အခေါ်ခံရစေမယ်ဆိုတဲ့ လောဘကြောင့် ရေအရင်းအမြစ်တွေကို ရောင်းစားဖို့ တပြင်ပြင်ဖြစ်နေတယ်။ အခြား နည်းနဲ့တိုးတက်အောင် လုပ်ကြရအောင်၊ ရေအရင်းအမြစ်တွေနဲ့ မြေကြီးတွေကိုတော့ ရောင်းမစားပါနဲ့လို့ တိုင်းသူပြည်သားတွေက တောင်းပန်နေတဲ့ကြားက ဆည်များ၊ မိုင်းများကို ဆောက်မယ်တကဲကဲ ဖြစ်နေတယ်။ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံ စတဲ့ တိုင်းပြည်တွေဟာ သူ့ထက်ငါ အပြိုင်အဆိုင် တိုးတက်ချင်နေတာကိုသိတဲ့ တရုတ်ပြည်ဟာ ဒီအချက်ကို အခွင့်ကောင်းယူပြီး ဆည်တွေ ဆောက်၊ စွမ်းအင်တွေထုတ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေရမယ်ဆိုတဲ့ မက်လုံးတွေနဲ့ စွမ်းအင်အရင်းအမြစ်တွေကို စုပ်ယူဖို့ ပြင်ဆင်နေပါပြီ။

သံလွင်မြစ်ဟာဆိုရင် လူတွေရဲ့ အနှောင့်အယှက်ကို မခံရဘဲ၊ သဘာဝ အတိုင်း ယခုအချိန်ထိ လွတ်လပ်စွာ ရှည်ကြာ စွာ စီးဆင်းနေနိုင်တဲ့ ရှားပါးမြစ်တွေထဲက မြစ်တစ်ခုဖြစ်ပါတယ်။ မြန်မာပြည်မြောက်ပိုင်း က မုတ်သုံတောကြီးတွေဆိုတာလည်း လူတွေရဲ့အဆိပ်လက်တွေနဲ့ အထိမခံရသေး တဲ့ တန်ဖိုးရှိ တောကြီးတွေဖြစ်တယ်။ ထိုမြစ်ကြီးတွေနဲ့ အဖိုးတန်ဒေသတွေ အကြောင်းကို နည်းပညာမတိုးတက်သေးတဲ့ အတွက် မြန်မာပြည်သားတွေဟာ ဂဃနဏ သိချင်မှသိမှာဖြစ်ပေမယ့် အရင်းအမြစ်တွေကို စုပ်ယူစားသုံးချင်သူတွေကတော့ မြစ်ကြီးတွေ နဲ့ တောတွေအကြောင်း၊ မြေကြီးထဲက ဓာတ်သတ္တုတွေအကြောင်းကို အူမချေးခါးမကျန် သိနှင့်နေပြီးဖြစ်လို့ ပါးစပ်တပြင်ပြင်ဖြစ်နေတာ ကြာပါပြီ။ ထိုနေရာမှ ရေတွေကို ဆယ်ထားခြင်းဟာ မြေအောက်တွင်းမှ ရေချို ရေသန့်တွေကို တစ်ဖက်နိုင်ငံကို တစ်နည်း တစ်ဖုံ ကဲ့ယူနေခြင်းလည်းဖြစ်တယ်လို့ ဘူမိဗေဒပညာရှင်တို့က ဆိုကြပါတယ်။

ဆည်တွေ သက်တမ်းကုန်ပြီးရင် ဘာဆက်ဖြစ်ကြမှာလဲ

ဆည်တွေဆောက်ပြီးလို့ သက်တမ်းကုန်ရင် ဘာဆက်ဖြစ်မှာလဲ။ ဆည်တစ်လုံးက သက်တမ်း ၁ဝဝ ကနေ ၃ဝဝ လောက်ရှိတတ်တယ်။ မြစ်ဆုံကဆည်တွေ သက်တမ်း ဘယ်လောက်ခံမလဲ၊ ဆည်တွေသက်တမ်း ကုန်ရင် အကျိုးအပြစ်ကို ဘယ်သူကခံရမှာလဲ၊ ဆည်တစ်လုံးဟာ ပျမ်းမျှအနှစ် ၁၅ဝ ခံတယ် ထား၊ ဒီကြားထဲ ဘယ်သူက စရိတ်ခံပြင်ဆင် ကြရမှလဲ၊ repair ၊ update ၊ maintain ကုန်ကြစရိတ်တွေ ဘယ်သူခံမှာလဲ။ နိုင်ငံတော်က အိတ်စိုက်ရမှာလား။

ဆည်တွေသက်တမ်းကုန်ပြီး ပျက်စီး ယိုယွင်းလာတဲ့အခါ အမေရိကန်နဲ့ ကနေဒါ ဘက်တွေမှာတော့ စနစ်တကျပြန်ဖြိုကြ တယ်။ မြန်မာတွေမှာ စနစ်တကျပြန်ဖြိုဖို့ နည်းပညာရှိပါသလား၊ မည်သူကတစ်ဆင့်ချင်း လာဖြိုပေးမှာလဲ၊ ဆည်တွေကို နည်းစနစ် တကျဖြိုဖျက်ဖို့ မည်သူက ပိုက်ဆံထုတ်ပေး မှာလဲ၊ ဆည်တွေသက်တမ်းကုန်သွားတာ နဲ့အမျှ မြစ်ကြီးတွေပါ ပျက်သွား၊ ကောသွား တတ်တာတွေ တရုတ်ပြည်ရဲ့ ဥပမာတွေကိုလည်း မေ့ထားလို့မဖြစ်ပါ။ မြစ်နဲ့အတူ အခြား biodiversity တွေပျောက်ကွယ်သွားခဲ့ ရင် ဘယ်သူတာဝန်ယူမလဲ၊ ဘယ်သူက အလျော်အစားပြန်ပေးမလဲ။

ဒီကြားထဲ ဆည်ပေါက်ခဲ့ရင်၊ ငလျင်လှုပ်လို့ ဆည်တွေပြိုခဲ့ရင် ပြည်သူတွေ ကျော်လွှား နိုင်ဖို့ disaster recovery plan (DRP) တွေ ပြည်သူ့လက်ထဲ စနစ်တကျရောက်ပါ ပြီလား။ ကျေးရွာတွေ ဘယ်ကိုရွှေ့ရမှာလဲ။ တစ်ခုခုဖြစ်ရင် လူတွေဘယ်လိုပြေးရမယ်၊ ဘယ်လိုကျော်လွှားရမယ်ဆိုတဲ့ လေ့ကျင့်နည်း တွေအတွက် အဖိုးအခတွေကော နိုင်ငံတော် (ပြည်သူ)အိတ်ထဲကပဲ စိုက်ထုတ်ရမှာလား။ တစ်ခုခုဖြစ်လာရင် ပြန်လည်ထူထောင်ရေး တွေအတွက်ကော အစီအစဉ်တွေက ဘာတွေလဲ စသည့်မေးခွန်းများလည်း များစွာဖြေရန် ရှိနေပါတယ်။

အမေရိကန်နိုင်ငံဟာ ဆည်တွေကို လွန်ခဲ့တဲ့ အနှစ် ၁ဝဝ ကျော် ၂ဝဝ လောက် ထဲက ဆောက်ခဲ့ပါတယ်။ အခြားတိုင်းပြည် တွေ ဆည်မဆောက်ခင်ကတည်းက ဆောက် လာကြသူတွေ။ ပုဂ္ဂလိကပိုင် ဆည်တွေ တောင်ရှိပါတယ်။ ဆည်တွေကျိုးပေါက်တဲ့ ဥပမာတွေလည်း များစွာရှိတယ်။ ဆည်ပေါက် ရင် ပိုင်ရှင်တွေ၊ ဆောက်သွားသူတွေ၊ တာဝန်ခံတယ်ဆိုသူတွေ ထိခိုက်သေကျေမှု မရှိဘူး။ မသေရုံမက အမြတ်ငွေတွေ၊ အကျိုး ခံစားခွင့်တွေရသွားပြီ။ အမှန် ဒုက္ခရောက် ရတာ၊ သေကျေကြရတာက သာမန်လူတွေ ဖြစ်တယ်။

အမေရိကန်ပြည်နယ်အချို့ကမြို့တွေ ဆည်ကျိုးလို့ ရေအောက်ရောက်၊ လူတွေ သေမှ Jimmy Carter က ကမန်းကတန်းနဲ့ National Inspection Program တွေ ထုတ်ခဲ့တဲ့သမိုင်းတွေကိုလည်း လေ့လာတွေ့ရှိ နိုင်ပါတယ်။

ဆည်တွေ လုံးဝမဆောက်သင့်ဘူး။ တစ်ခုမှ မရှိသင့်ဘူးလို့ မပြောပါဘူး။ အကျိုး အမြတ် သေချာချင့်ချိန်ရမှာ ဖြစ်တယ်။ မေခ၊ မလိခ မြစ်နှစ်စင်းဟာ စစ်ကိုင်းပြတ်ရွေ့ကြော တွေရဲ့ အနေအထားအရ စီးဆင်း ဖြစ်ပေါ်ခဲ့တဲ့ မြစ်တွေဖြစ်ပြီး ဧရာဝတီ မြစ်ဟာလည်း စစ်ကိုင်းပြတ်ရွေ့အတိုင်း ဘေးချင်းယှဉ်ပြီး စီးနေတဲ့မြစ်ကြီးဖြစ်တယ်လို့ ပညာရှင်တွေကလည်း သတိအတန်တန်ပေး ထားပြီးဖြစ်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့ကြောရဲ့ မြောက်ဘက်ပိုင်းမှာ ကပ်ပြီးတည်ရှိတဲ့ ဧရာဝတီမြစ်ကြောင်းအစဖြစ်တဲ့ မေခ၊ မလိခ မြစ်နှစ်သွယ်ပေါ်မှာ ဆည်ကြီး ခုနစ်ခုနဲ့ မြစ်ခွဲ လေးတွေထဲ တည်ဆောက်မယ့် ဆည်အသေး ခြောက်ခု တည်ဆောက်ရေးလုပ်ငန်းကတော့ မြန်မာနိုင်ငံအနာဂတ်အတွက် အလွန် အန္တရာယ်ကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။

ဆည်တွေဆောက်မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ အခြားနည်းနဲ့ တိုးတက် စရာတွေလည်း အများကြီးရှိပါတယ်။ ဆည်ဆောက်ခြင်းဟာ စွမ်းအင်အရင်းအမြစ်ကို ရောင်းစားခြင်းတစ်နည်းဖြစ်လို့ ပြည်သူအများစု ရွေးကောက်ထားတဲ့အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်ကို အပြီးအပြတ် ချနိုင်ပါစေရန် ဆန္ဒပြုအပ်ပါတယ်။ ။
 
 
ဧပြီ ၂၄၊ ၂၀၁၆ တနင်္ဂနွေအထူးထုတ် - ကြေးမုံသတင်းစာ
 

No comments:

Post a Comment