Thursday, March 3, 2016

မိတောနှင့် တန်းစီခြင်း


(၁)
ရန်ကုန် Ocean မှာ အသီးအနှံ၊ သစ်သီးဖျော်ရည် စသည်.. မကြာခဏဝယ်ဖြစ်တော့ checkout counter မှာ တန်းစီနေတဲ့တစ်ရက် ရှေ့မှာတစ်ယောက်ရှိနေတော့ space ပေးတဲ့အနေနဲ့ နည်းနည်းခပ်ခွာခွာ ရပ်နေမိတယ်။ အဲဒါအနောက်က ရပ်နေတဲ့တစ်ယောက်က အရမ်းလိုက်ကပ်နေတော့ မနေတတ်တော့လို့ ရှေ့ကိုနည်းနည်းတိုးပေးတယ်။ တိုးပေးတိုင်း နောက်က အရမ်းလိုက်ကပ်၊ ရှေ့ကိုတိုးပေးလိုက်၊ နောက်ကကပ်လာလိုက်နဲ့ ရှေ့ကတန်းစီနေသူနဲ့ထိတော့မယ်။ နောက်က အစ်မကြီးကို မိတော လှည့်ကြည့်ပြီး အရမ်းကပ်နေပြီဆိုတာကို အမူအယာနဲ့အချက်ပြမိတာမှာ ပိုဆိုးသွားတယ်။ မိတောရဲ့ ခါးကိုလာကိုင်ပြီး ရှေ့ကိုတိုးဖို့သူက လုပ်သေးတာ။ တစ်ခါမှ ခါးကိုကိုင်တာ မကြုံဖူး၊ ယားကလည်း ယား။ သူ့ကို မျက်လုံးပြူးပြီး တစ်ချက်ထပ်လှည့်ကြည့်တယ်။




အဲဒီအစ်မကြီးကို မိတောက အမူအယာနဲ့ ယဉ်ယဉ်ကျေးကျေး အချက်ပြတာ၊ အဲဒါလည်း မရဘူး။ ရှေ့ကတစ်ယောက်ပြီးသွားလို့ ကောင်တာက တစ်ယောက် လုပ်လက်စလေးတွေ လက်စသပ်ပါစေဦးဆိုပြီး မိတော စောင့်၊ လက်ထဲက ပစ္စည်းလေးတွေ ကောင်တာပေါ်တင်ဖို့ ဟန်ပြင်ရုံရှိသေးတယ်။ သူက မိတောကိုကျော်ပြီး သူ့ပစ္စည်းနှစ်ခုကို တင်လိုက်တယ်။
မိတောလည်း ပါးစပ်အဟောင်းသားနဲ့ သူ့ကို ကြည့်နေတော့.. အံမယ်.. သူက ဆတ်ကနဲမေးငေါ့ပြသေးတာ.. တင်လေပေါ့.. မင်းပစ္စည်းနဲ့ ငါ့ပစ္စည်း အတူတူရောတင်ကြမယ်ဆိုတဲ့ ပုံစံ။
မိတောလည်း ဘာရမလဲ သူ့ပစ္စည်းကိုယူပြီး သူ့ရင်ဘတ်ထဲ ဘုန်းဆို ပြန်ထည့်ပေးလိုက်တယ်။
နောက်တစ်ခါကလည်း အဲလိုပဲ.. ရှေ့ကလူတွေနဲ့ ပူးကပ်မရပ်ချင်တော့ ခွာရပ်တာ.. ခွာတယ်ဆိုတာလည်း သိပ်အဝေးကြီး မဟုတ်ပါဘူး။ ကြားမှာ တစ်တောင်ခွဲစာလောက်ပါ.. အဲဒါကို နောက်ကနေ ဒေါက်မြင့်အထူကြီးနဲ့ ပန်းရောင်လက်လက် သိုးမွှေးပွပွစွယ်တာနဲ့တစ်ယောက်က မိတောကို ကျော်တက်တယ်။ သိုးမွှေးစလေးတွေက တလွှားလွှားနဲ့ လေထဲလွင့်ပျံတာ လှတော့လှသားလို့ ငေးနေမိသေးတာ။ သိုးမွှေးတဖွားဖွား မမက သူ့ပစ္စည်းတွေကို ခပ်တည်တည်ပဲ ကောင်တာပေါ်တင်နေတာ။ ကောင်တာက မိန်းကလေးက ဘာမှ မပြောဘူး။ စောင့်ကြည့်နေသေးတယ်။ အစ်မ အလှည့်မဟုတ်သေးဘူးလို့ ပြောမလားလို့။ တစ်ခွန်းမှ မပြောဘူး။


မိတောလည်း ဗေကေးရှင်းမို့ စိတ်က ပျော်ရွှင်ကြည်လင်နေတာမို့ ဘယ်သူကျော်တက်တက်၊ တွန်းထိုးထိုး ဘာမှမဖြစ်ပေမယ့် အဲဒီတစ်ခါတော့ မပြောလို့ မဖြစ်တော့ဘူးဆိုပြီး … ခပ်ပြုံးပြုံးလေးပဲ.. ကျမ အရင်တန်းစီနေလို့ ကျမအရင်ရှင်းမယ်နော်လို့ ပြောပါတယ်။ မရဘူးရှင်.. သူတို့က မျက်ထောင့်နီနဲ့ ကြည့်သေးတာ… သိုးမွှေးမမဘေးက လယ်သာကိုကိုကပါ စွေစောင်းစောင်းနဲ့ မိတောကို မိုက်ကြည့်ကြည့်နေတာ။
ဒီလောက်ကောင်းကောင်းမွန်မွန်ပြောနေတာ မရတာနဲ့… မိတောလည်း ကိုယ်ကိုမတ်လိုက်ပြီး သူတို့ပစ္စည်းတွေ ဘေးကို အားနဲ့တွန်းရွှေ့လိုက်ပြီး ကိုယ့်ပစ္စည်းတွေ တင်လိုက်တော့မှ နည်းနည်းငြိမ်သွားတယ်။


(၂)
တစ်ခေါက်ကလည်း ဓာတ်ဆီဆိုင်ကတွဲဖွင့်တဲ့ စတိုးဆိုင်လေးမှာ မိတောက အရင်တန်းစီနေတာ နောက်ကရောက်လာတဲ့ ခပ်ချောချောကောင်လေးကို ကောင်တာက ကောင်မလေးက ဂရုစိုက်နေတာ။ မိတောကို ပစ်ထားတာ… မိတောမှာ တန်းလန်းကြီး။ ကောင်လေးက နယ်ကလာတဲ့ ကားတစ်စင်းစင်းရဲ့ စပယ်ယာလေးထင်တယ်။ ဘာလို့လည်းဆိုတော့ သူက စတိုးဆိုင်ထဲမှာ ဖိနပ်စီးမထားဘူး၊ ဖိနပ်ကို အပြင်မှာ ချွတ်ထားခဲ့တယ်။ မိတောလည်း သူ့မျက်နှာကိုကြည့်လိုက် ဖိနပ်မပါတဲ့ သူ့ခြေထောက်ကို ကြည့်လိုက်နဲ့၊ ကောင်လေးကို သနားသလိုလိုဖြစ်သွားပေမယ့် စည်းကမ်းကစည်းကမ်းပဲလေ။
ကောင်တာမမလေး ဘာပြောမလဲ ကြည့်တော့…
အမယ်.. သူတို့နှစ်ယောက်က အကြည်ဆိုက်နေကြသေးတာ။
နိုင်ငံဂျားစကားအရဆိုရင် ဖလက်တွေလုပ်နေကြတာပေါ့ (ဖလက်=flirt)
မိတောလည်း အဟမ်း ဆို ချောင်းဟန့်သေးတယ်။ ကောင်တာမမကလေးက မကြားတော့ဘူးလေ။ ကောင်ချောလေးရဲ့ မျက်လုံးထဲမှာ သူ့အာရုံတွေ အကုန်နစ်မျောကုန်ပြီ။
ကောင်လေးက နောက်က မှန်ဗီရိုထဲက အရက်ပုလင်းထုတ်ပေးဖို့တောင်းတယ်။ မိတောကို ကျော်ပြီး ကောင်တာကို ကိုယ်တစောင်းမှီပြီး အောင်ရဲလင်း ဒီဇိုင်းနဲ့ ..။

ကောင်တာမမလေးက လည်း လှမ်းယူလိုက်ပြီ။ မိတောအတွက် ငွေဖြတ်ဖို့ စက်ထဲအကုန်ရိုက်ထည့်ပြီးနေတာကို တန်းလန်းကြီး ပစ်ထားတာ။
မိတောလည်း သည်းသည်းခံလာမှုတွေက များလာတော့ မရတော့ဘူး။
အစ်မ အရင်ရောက်တာနော် ညီမ လို့ ပြောမိတော့တယ်။
ကောင်တာမမလေးက မိတောကို မကျေနပ်ဖြစ်သွားလား မသိ၊ မျက်လုံးစွေ၊ အံကြိတ်ပြီး လည်ကိုလိမ်ထားတယ်။
တစ်ကယ်ဆို ကောင်တာက မိန်းကလေးတွေကို ထရိန်နင်ပေးထားဖို့ကောင်းတယ်။ customer အချင်းချင်း resolve လုပ်စရာမလိုခင်.. သူတို့အနေနဲ့ ကောင်းကောင်းမွန်မွန်ဝင်ပြောလိုက်ရင် ဈေးဝယ်သူအချင်းချင်း စကားပြောစရာ မလိုတော့ဘူးပေါ့။


(၃)
တန်းစီရကောင်းမသိတာနဲ့ ပတ်သက်လို့ လူတွေဆီက သိပ်မမျော်လင့်ဘူး။ မိတောက အမျိုးတွေ (မြန်မာပြည်မှလူများအားလုံးကို ရည်ညွှန်းသည်) ရှိရာအရပ်သို့ ပြန်တိုင်း နှလုံးသားကို အကြီးကြီးထားပြန်တယ်။ ကိုယ်တိုင်လည်း ဒီလိုပဲဖြစ်ခဲ့သလား…. တန်းစီရကောင်းမှန်းသိခဲ့ရဲ့လားဆိုတဲ့ အတွေးနဲ့။

တစ်ထောင့်ကိုးရာကိုးဆယ့်ငါးတို့ သက္ကရာဇ်၂၀၀၀ ကာလတွေ..မိတော ရန်ကုန်ပြန်စဉ်က လေယာဉ်ကွင်းက ကောင်တာသေးသေးလေးတစ်ခုမှာ အကုန်စုပြုံတိုးရတာ.. တစ်ကယ်ဘုရားစူးပါ။ ခုလို အိနြေ္ဒရရနဲ့ ဒေါက်မြင့်စီးလို့ ရင်ကော့ခေါင်းမော့ပြီး လက်ဆွဲအိတ်ကို ကြော့ကြော့လေးဆွဲလာလို့ မရဘူး။ မီးကမှုန်မှုန်၊ မီးလုံးနားမှာဝဲပျံလေ့ရှိတဲ့ ပိုးဖလံတွေကို ခေါင်းငုံ့ကိုယ်ကိုင်း ရှောင်ခဲ့ရတာ၊ ငယ်ငယ်က ခါးပတ်နက်အထိ သင်တန်းမတက်ခဲ့တာ နောင်တများ ရမိသေးတယ်။ စောင့်ကြိုနေသူတွေကိုလည်း သိပ်တောင် ရယ်မပြရဲ၊ ငါးခူပြုံးလေးနေရတယ်၊ ပါးစပ်ထဲ ပိုးကောင်ဝင်မှာစိုးလို့။
ဒါပေမယ့် အဲဒီမြင်ကွင်းတွေ အနံ့အသက်တွေကို စွဲလန်းရတာပဲ ..ဒါလည်း အမှန်ဘဲ။ အခုလို နိုင်ငံခြားနံ့ နံနေတဲ့ ရန်ကုန်လေယာဉ်ကွင်းနဲ့ အရင်လို မီးရောင်မှိန်မှိန်၊ ပိုးဖလံဝဲဝဲ ရန်ကုန်လေယာဉ်ကွင်း ဘယ်ဟာပိုလွမ်းစရာကောင်းသလဲလို့ မေးရင် .. မိတောရဲ့ အတ္တကို ဦးစားပေးလို့ဖြေရမယ်ဆိုရင်တော့ အရင်က လေယာဉ်ကွင်းက လွမ်းစရာပိုကောင်းတယ်ပေါ့နော်။ လေယာဉ်ကွင်းပုံစံနဲ့ အနံ့အသက်ကိုလွမ်းတာ။ အဲဒီအချိန်တွေတုန်းက အင်မီဂရေးရှင်း အော်ဖစ်ရှာတွေကိုတော့ မလွမ်းပါဘူး။
သေချာပြန်စဉ်းစားကြည့်တော့လည်း သူတို့မှာလည်းပဲ စနစ်တွေရဲ့သားကောင်တွေပဲလို့လည်း မြင်ပါတယ်။ အဲဒီအကြောင်းဆက်မရေးဘူး မိတောရပ်လိုက်မယ် စိတ်ကူးတယ်။ မဟုတ်ရင်… ရယ်စရာရေးတာကနေ စိတ်တိုစရာတွေရေးဖြစ်လာမှာစိုးလို့။

အဲ…
ခုနကစကားကို ပြန်ကောက်ရမယ်ဆိုရင်…
အဲဒီတုန်းက..
အဲဒီနေရာမှာလည်း နောက်ကနေကို တွန်းထိုးပြီး ကျော်တက်ပြီး အင်မီဂရေးရှင်းကို ဝင်ကြတာ။ ရန်ကုန်မြို့ကြီး မှီရာကားနဲ့ထွက်ပြေးတော့မယ့်အတိုင်း။ မိတောက စင်္ကာပူလေကြောင်းလိုင်းနဲ့ စင်္ကာပူက ပတ်ပြန်တာ။ စာအုပ်ကို ကောင်တာပေါ်မှာအရင်တင်ထားတာ .. နောက်ကနေ ရောက်လာတဲ့ ခြင်းတွေ၊ တောင်းတွေ၊ ပလုံးတွေနဲ့ နိုင်ငံဂျားပြန်တွေက မိတောစာအုပ်ပေါ် သူတို့စာအုပ်တွေ ဖတ်ကနဲဖတ်ကနဲ တဗြန်းဗြန်းတင်ကြတာ.. မိတောရဲ့စာအုပ်လေးက အောက်ဆုံး ရောက်သွားတယ်။


မိတောလည်း ဘေးကို အသာလေးဖယ်ပေးရင်း မျက်နှာက မကျည်းစေ့လောက်ပဲ ကျန်တော့တယ်။
ဖယ်မပေးလို့လည်း မရဘူး.. သူတို့က အတင်းတွန်းထိုးဝင်တာ. သူတို့လက်ထဲက ခြင်းတွေ၊ တောင်းတွေကပါ ပါသေးတယ်။
နောက်.. ဖြည့်ရမယ့် ဖောင်တစ်ခုအတွက် ဘေးနားက ရွယ်တူ မိန်းကလေးတစ်ယောက်ကို မြန်မာအချင်းချင်း၊ ကိုယ့်အိမ်ကိုပြန်ရောက်လာကြသူမို့ အားကိုတကြီးနဲ့ ဘောပင်လေးတောင်းမိတယ်။ သူ့ဘေးကတစ်ယောက်က မင်းသမီးကိုရည်းစားစကားလာပြောတဲ့ မင်းသားကို မဲ့ကာရွဲ့ကာနဲ့ ပြန်ရန်ထောင်တဲ့ မြန်မာရုပ်ရှင်ကားတွေထဲက အရံမင်းသမီးတွေ ပုံစံအတိုင်း ပြောတယ်….။
လုံးဝမပေးနဲ့..
ပြောလိုက်.. ဘောပင်မရှိဘူးပြောပစ်လိုက်တဲ့…
မိတောလည်း တော်တော်လေး ဝမ်းနည်းအံ့သြယူကြုံးမရတွေဖြစ်တာ မျက်လုံးပြူးပြီးငေးနေမိတယ်။


ကိုယ့်ပြည်သားအချင်းချင်းလုပ်ရက်လေခြင်းဆို ဒရာမာတောင် လုပ်ဖြစ်ခမန်း။ မိတောလည်း တစ်ကယ့်ကို တောသူမြို့ရောက်ဖြစ်နေတာ။ အင်မီဂရေးရှင်းအော်ဖစ်ရှာကလည်း လှမ်းအော်တယ်။ ဒါဘယ်သူ့စာအုပ်လဲ ဆိုပြီး။ တုန်တုန်ယင်ယင်နဲ့ ကျွန်မစာအုပ်ပါလို့ ခြေဖျားလေးထောက်ပြီး ပြန်အော်ပြောတော့… လာခဲ့လေ.. ဘာရပ်လုပ်နေတာလဲတဲ့။
အဲဒီတုန်းက အရင်ဆုံးကောင်တာရှေ့ရောက်လို့ စာအုပ်ကိုအရင်ဆုံးထပ်ထားလည်း စာအုပ်ကအောက်ဆုံးရောက်သွားလို့ နောက်ဆုံးမှာထွက်လာရတော့တာ…။ အခုတော့ အဲသလိုမဟုတ်တော့ပါဘူး။ အများကြီးတိုးတက်ပြောင်းလဲလာပါပြီ။
ဒီလိုပဲလေ.. ဘဝမှာ အရင်ဆုံးရောက်တိုင်းလည်း အရင်ဆုံးမဖြစ်တာတွေရှိတဲ့သဘော သံဝေဂလေးနဲ့တရားသဘောပဲ ကြည့်မိပါတော့တယ်။


အိမ့်ချမ်းမြေ့
အမှတ်တယကော့မန့်လေးများကို သိမ်းထားခွင့်ပြုပါရှင်..





--


--


----


No comments:

Post a Comment