Tuesday, March 4, 2025

'ဆောင်းအိပ်မက်'

 




ထိုနေ့ညက နှင်းစက်တို့ ထင်းရူးပင်တွေထဲ တဖြောက်ဖြောက် ကျနေသံကို ကြားနေရသည်။ ကြည့်လိုက်တိုင်း ဖွေးဖွေးလှုပ်ဖြူနေသော နှင်းစက်များအောက်တွင် မြို့ပြ၏ ရောင်စုံမီးများက ဖျိုးဖျိုးဖျတ်ဖျတ်။ တောင်ကုန်းအောက်ခြေရှိ အိပ်မောကျနေသော အိမ်ပုလေးတစ်လုံး၏ ခေါင်းတိုင်မှ မီးခိုးများက တလူလူတက်လာနေသည်။
ဆောင်းလေက အလိုက်မသိစွာ ခါးသက်ကြမ်းရှနေလေရော့သလား။
သူမ အိပ်မောကျနေလေရော့သလား။
သူမဘေးနားမှာ တစ်စုံတစ်ယောက်များ ရှိနေလေမည်လား။
အတွေးများစွာနှင့် ခြံထဲသို့ ၀င်လာခဲ့သည်။
အိမ်ဘက်သို့ သွယ်တမ်းနေသော လမ်းတလျှောက်တွင် နှင်းပုံများက အိအိစိုစို။ အိမ်တွင်းမှ မီးရောင်က အိမ်ရှေ့ခန်းပြတင်းကိုဖြတ်ပြီး အပြင်ဘက်ရှိ အကိုင်းကျဲကျဲမေပယ်ပင်ပေါ်သို့ ဖြာကျလာနေသည်။ သူမအိပ်ခန်းဘက်မှာလည်း မီးရောင်က ပြာလဲ့လဲ့။
ခြံထဲက သူမစိုက်ထားသည့် အပင်များကတော့ နှင်းဒဏ်အောက်တွင် အလဲလဲအပြိုပြို။ သူမ၏နွယ်ပန်းမွှေးပင်အတွက် နွေရာသီကာလတစ်ခုတုန်းက ကိုယ်တိုင်စင်ထိုးပေးခဲ့ဖူးသည့် ပန်းစင်ကတော့ ဆွေးမြေ့နေလေပြီ။
ပန်းစင်အောက်က နှင်းပုံထဲတွင် တလက်လက်အရာတစ်ခုကို လှမ်းတွေ့လိုက်ရသည်။
သြော်.... သူမထိုးနေကျ ဆံထိုးလေး.....
သူမ ပန်းစိုက်နေခဲ့စဉ်တုန်းက
ကျခဲ့ဟန်တူလေသည်။
အသာအယာ ဒူးထောက်ထိုင်လိုက်ရင်း ဆံထိုးလေးကို ခပ်ဖွဖွ တို့ကြည့်လိုက်မိရင်း ရင်မှာ တစစ်စစ် နာကျင်လာမိသည်။ နှင်းရိပ်အောက် ငိုက်မျည်းနေသော သစ်ပင်အိုထံမှ ညငှက်တစ်ကောင် နာကြည်းစွာ အော်ဟစ်ပျံထွက်သွားသံကို ကြားလိုက်ရသည်။
 
************