ကိုယ်က ညဘက်တွေမှာ အိမ်နောက်ဘက် သို့မဟုတ် အိမ်ရှေ့၊ အိမ်ဘေး စသည်.. ကောင်းကင်ကြီးကို ထွက်ကြည့်တတ်တယ်။ တစ်ခါတလေ စိတ်ကူးပေါက်ရင် ည ကိုးနာရီလောက် လမ်းထွက်မယ်ဆို ထွက်သွားရင် ထွက်သွားတတ်တာ။ ညဘက် လူရှင်းတဲ့အခါ ကောင်းကင်ကြီးကို စိတ်ကြိုက်မော့ကြည့်လို့ရတယ်။ လူအများစုက ကောင်းကင်ကို မော့ကြည့်တတ်ကြတာ သိပ်မရှိတတ်ဘူး။ ကိုယ်ကတော့ ထင်းရှုးပင်ထိပ်တို့ တောင်ထိပ်တို့ နေ့ညမရှောင် ဟိုငေးဒီငေး မော့ငေးတတ်တယ်။
အဲဒီအခါမှာ တော်ရုံမြင်ရလေ့ မရှိတဲ့ လင်းယုန်တို့ဘာတို့ ထင်းရူးပင်မြင့်ထိပ်မှာ နားနေတတ်တာမျိုး၊ ထူးဆန်းလှပတဲ့ ငှက်တွေကို မြင်ရတတ်တာမျိုး… အဲဒီအခါမှာ နားကြပ်တန်းလန်းနဲ့ အပြေးလေ့ကျင့်နေတဲ့ မိန်းမကြီးငယ်တို့က ကိုယ်မော့ကြည့်နေရာကို လိုက်ကြည့်တတ်တယ်။ ကိုယ်ကလည်း မသိမသာလေး လက်ညှိုးထိုးပြပြီး ပြုံးပြတာပေ့ါ။ လင်းယုန် (bald eagle) ကို မြင်ရပြီဆိုရင် သူတို့က ကပျာကသီ နားကြပ်ကို ဆွဲဖြုတ်၊ ဖုန်းကိုထုတ်ပြီး တဖျတ်ဖျတ် ဓာတ်ပုံရိုက်ကြပါလေရော.. ပြီးတော့ ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောတာပေါ့…
လင်းယုန်တွေ ဒီလောက်ပေါတဲ့မြို့မှာနေပြီး လင်းယုန်ကို
တစ်သက်မှာ တစ်ခါ မတွေ့ဖူးဘူးက ပါသေးတယ်..
ဘယ်တွေ့ဖူးမလဲ... သစ်ပင်ထိပ်ဖျား စိတ်လိုလက်ရ မော့မှ မကြည့်ကြတာပဲကိုးနော...
ဒီလိုငှက်မျိုးကို မြင်ခွင့်ရတာ ကျေးဇူးတင်လိုက်တာ..
ကိုယ့်အတွက် ကံကောင်းတဲ့ နေ့ပဲ… စသဖြင့် ကျေးဇူးတွေ နေရင်းထိုင်ရင်း တင်နေတတ်ကြတာ။
တကယ်က အဲသလိုငှက်တွေက အမြဲရှိနေတယ် လူတွေကသာ ကိုယ့်ဖုန်းကနေ ကိုယ်မျက်နှာမခွာနိုင်ဖြစ်နေတာရယ်…။ အထူးသဖြင့် နွေဦးရောက်လို့ ငှက်ပေါက်လေးတွေမွေးချိန်ဆို စာကလေးတွေ၊ ကျီးကန်းတွေဟာ သိန်းငှက်တို့၊ လင်းယုန်တို့ သူတို့အနားပျံဝဲမှာ အရမ်းကြောက်တတ်ကြတာ။ ဆူညံနေရှာတာ…။ မနက်မနက်ဆိုလည်း သူတို့အချင်းချင်း စကားပြောတတ်ကြသေးတယ်။
ငှက်တွေရဲ့ စကားကို နားလည်တယ်ဆိုတဲ့ ရှေးစကားကို နားလည်သလိုလိုရှိတယ်။ အလုံးလိုက်ကြီးတော့ ပါရမီရှင်ကြီးလို နားလည်တာတော့ ဘယ်ဟုတ်ပါ့မလဲ။ သူတို့အချင်းချင်း သတိပေးသံလား၊ တစ်ဦးနဲ့တစ်ဦး ခေါ်သံလား။ mate ရှာတဲ့အသံလား၊ အသံထွက်တာတို့ သီချင်းဆိုတာတို့ သင်ပေးတာလား အမြဲနားထောင်ရင် သိလာရတာ သိပ်ဆန်းကျယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ လူတွေရဲ့ အသံတွေလိုပေါ့။ စိတ်ဆိုးနေတာလား၊ သီချင်းဆိုနေတာလား၊ ချစ်သူနဲ့ စကားပြောနေတာလား စသည် သိရနိုင်တယ်။ ဥသြငှက်ဆိုရင် ကြင်ယာရှာချိန်ဆို အော်တဲ့ခေါ်တဲ့အသံက တော်တော်လေး distinct ဖြစ်တယ်။ ဥသြငှက်တွေကို ဖမ်းချင်ရင် အဲဒီအသံမျိုး လူတွေကလုပ်ပြီး ဖမ်းတတ်ကြသေးတာ။ သနားဖို့ကောင်းတယ်။
ပြောချင်တာက ညည လမ်းလျှောက်ထွက်ရင်ဖြစ်ဖြစ်၊ အိမ်ရှေ့နှင်းဆီပင်နားရပ်ပြီး ကောင်းကင်ကြီးကို ငေးရင်ပဲဖြစ်ဖြစ် …. တဂတ်ဂတ်နဲ့ ပဲ့တင်သံကြီးကို ကြားရတတ်တယ်။ ကိုယ်တို့အိမ်ကလည်း မြစ်နားနဲ့ ကပ်နေတော့ မြစ်တစ်ဘက်က တောင်တွေကိုတောင် ပဲ့တင်ထပ်ပြီး လာတဲ့အသံ။ အဲဒီအသံကို ကြားရတာ လေးငါးနှစ်လောက်ကို ရှိနေပြီ။ သာယာတဲ့ ညတွေဆို ကိစ္စမရှိဘူး၊ မေ့ထားလို့ရတယ်။ မိုးလေးဖွဲဖွဲရွာတဲ့ ည သို့မဟုတ် လေပြင်းတဲ့ ညတွေမှာ ကြားလာရတဲ့ အဲဒီ ပဲ့တင်သံဟာ ခြောက်ခြားစရာ။ နီးလာလိုက် ဝေးလာလိုက်ပေါ့။
တစ်နေ့ နေ့လည်ခင်းမှာတော့ အပြင်ကအပြင် ပဲ့တင်သံကြီး ကြားပြန်တာနဲ့ အိမ်ထဲကိုဝင် သမီးကိုခေါ်ထုတ်လာပြီး နားထောင်ခိုင်းတော့ သမီးထွက်လာတာနဲ့ ပဲ့တင်သံကြီးက ရပ်သွားတယ်။ သူအိမ်ထဲဝင်တာနဲ့ မြည်လာပြန်ရော။ အဲဒီအသံဘာသံလဲ သိချင်လွန်းသူမို့ အကုန်လုံးကို ထွက်လာခိုင်းပြီး နားထောင်ခိုင်းတာ ဘယ်သူကမှ မကြားဘူး။ မကြားဆို.. သူတို့ထွက်လာတာနဲ့ အဲဒီအသံက ရပ်သွားတာကိုး။ ကြာလာတော့ အိမ်ကလူတွေကပါ ကိုယ့်ကိုတစ်မျိုးထင်လာတာပေါ့။ အဲဒီအသံက ညဘက် ပြတင်းပေါက်ဖွင့်ထားပြီး စာရေးနေရင်လည်း အခန်းထဲထိ ဝင်လာတတ်တော့။
နီးလာလိုက်... ဝေးသွားလိုက်နဲ့..
နောက်ပိုင်း ဒီထောင့်ခန်းမှာတောင် ညဘက်စာမရေးတော့ဘူး။ အိမ်အောက်က ထမင်းစားပွဲမှာ မီးထိန်ထိန်လင်းထွန်းပြီး ရေးရလောက်အောင် ဘယ်သူ့ကိုမှ မပြောပြတော့ဘဲ တစ်ယောက်တည်း စိတ္တဇဖြစ်နေရတာ ကြာပြီရယ်…။
ဒီနေ့တော့ အပြင်ကအပြန် ကားကို ဂိုထောင်ထဲ မသွင်းဘဲ အပြင်မှာပဲ ရပ်ထားပြီး ဘေးကြည့်မှန်တွေ ညစ်ပတ်နေလို့ တစ်ရှုးလေးနဲ့ သုတ်နေတုန်း အဲဒီပဲ့တင်သံဟာ အနားမှာကို ရောက်လာနေတာ။ ပိုလည်းကျယ်လာတယ်။ ကိုယ်လည်း အိမ်ရှေ့လမ်းမထိထွက်ပြီးကိုရပ်ပြီး ဟိုကြည့်ဒီကြည့်ပေါ့။
အဲဒီအချိန်မှာ မျက်လုံးထောင့်မှာ ရိပ်ကနဲ တွေ့လိုက်ရတယ်။ မော့ကြည့်လိုက်တော့ မျက်စောင်းထိုး ဓာတ်တိုင်ပေါ်က electrical box ပေါ်မှာ ခေါင်းလေးပြူတစ်ပြူတစ်နဲ့ ရင်ဘတ်မှာ အနီနဲ့အဝါကြား သစ်တောက်ငှက်ကလေး။ သူက ကိုယ့်ကို ဟိုဒီခေါင်းလှည့်ပြီး ငုံ့ကြည့်နေသေးတာ။ ပြီးတော့ electrical box အဖုံးကို အားကုန်သုံးပြီး သူ့နှုတ်သီးချွန်ချွန်လေးနဲ့ တတောက်တောက်ကို ပေါက်တော့တာပါပဲ။ ပြီးလည်းပြီးတော့ ရွှတ်ကနဲ ပျံပြေးသွားပြီး လမ်းထောင့်က ထင်းရူးပင်ကြီးပေါ် ပြေးဝင်သွားပြီး တတောက်တောက် ဆက်ပေါက်တော့တာပဲ။ အဲဒီမှာ ကိုယ် ရင်းနှီးနေရတဲ့ တဂတ်ဂတ်အသံကြီးက ပဲ့တင်ထပ်ပြီးကို ထွက်လာတော့တာပါပဲ….။
ကိုယ်လည်း တစ်ယောက်တည်း ပြုံးနေမိတော့တယ်။
လေးငါးနှစ်လောက် သိချင်ခဲ့တဲ့ ကိုယ့်ကိုခြောက်ခြားစေခဲ့တဲ့ အဲဒီ တဂတ်ဂတ်နဲ့ ပဲ့တင်သံရဲ့ ပိုင်ရှင်ကို ဒီကနေ့တော့ သိခဲ့ရပြီ…
No comments:
Post a Comment