ဟိုးတစ်ခါတုန်းက အရာရာပေါကြွယ်တဲ့ တိုင်းပြည်ကြီး တစ်ခုရှိသတဲ့။
အဲဒီပေါကြွယ်လှတဲ့ တိုင်းပြည်ကြီးကို အီလိ တို့က စိုးစံကြသတဲ့။
အဲဒီ စိုးစံအီလိတွေဟာ ကန့်လန့်ကာရဲ့ နောက်က ကြီးကျယ်ခမ်းနားလှတဲ့ ထမင်းစားပွဲကြီးတွေမှာ ထမင်းအတူတူစားကြတယ်။
အဲဒီ စိုးစံအီလိတွေဟာ သာမာန်လူတွေ ဝင်ခွင့်မရတဲ့ နန်းတော်ကြီးတွေရဲ့ နောက်က ဂေါက်ကွင်းတွေထဲမှာ ဂေါက်သီးအတူတူ ရိုက်ကြတယ်။
အဲဒီ စိုးစံအီလိတွေဟာ လူတွေ မမြင်နိုင်တဲ့ ဖဲကတ္တီပါ လိုက်ကာတွေ နောက်မှာ နိုင်ငံရေးစကားစစ် ထိုးတတ်ကြသေးတယ်။
အဲဒီ စိုးစံအီလိတွေရဲ့ သားသမီးတွေဟာလည်း အချင်းချင်း ထုတ်စီးတိုးတမ်း၊ ထမင်းချက်တမ်း၊ ပင်ပေါင်၊ တဲနစ်၊ ရေကူးနဲ့ ဂေါက်ကွင်းထဲမှာလည်း ကစားကြသေးတယ်။
အဲဒီ အီလိတွေဟာ တစ်နေ့မှာတော့ နိုင်ငံရေး အစေးမကပ်ကြတော့ဘူး၊
အဲဒီ အီလိတွေဟာ တစ်နေ့မှာတော့ စီးပွားရေ အစေးမကပ်ကြတော့ဘူး။
အီလိတွေဟာ နိုင်ငံကြီးတစ်ခုရဲ့ အဆီအနှစ်ကို ဝေစားမျှစားရာကနေ..
အစေးမကပ်ကြတော့ဘူး။
အဝေမတည့်ကြတော့ဘူး။
ဒီလိုနဲ့ အီလိတို့ဟာ ပြင်းပြတဲ့ အာဏာလုစစ်ပွဲတစ်ပွဲ တစ်ပွဲအတွက် ပြင်ဆင်ကြရတော့တယ်။
သူတို့ဆင်နွှဲမယ့် စစ်ပွဲအတွက် သူတို့အတွက် အသေခံတိုက်ပေးမယ့် စစ်သား/စစ်သမီးတွေကို မျှားကြရတော့တယ်။
အဲဒီမှာ တိုင်းပြည်ထဲက လူတွေကို မျှားဖို့ ငါးမျှားချိတ်ကြီးတွေ တတ်ကြတော့တယ်။
အီလိတစ်အုပ်စုဟာ ငါးမျှားချိတ်တွေမှာ ‘ဒီမိုကရေစီ’ ‘လူ့အခွင့်အရေး’ ‘ညီတူတန်းတူ’ စကားလုံးအကြီးကြီးတွေကို ချိတ်ထားလိုက်ကြတယ်။
နောက်အီလိအုပ်စုကလည်း ‘ရာထူး’၊ ‘အာဏာ’၊ ‘ရပိုင်ခွင့်’ ဆိုတဲ့ စကားလုံးကြီးတွေ ဆွဲထားပေးလိုက်တယ်။
အဲဒီမှာ လူတွေဟာ ဟိုဘက်ဒီဘက် ပြေးသွားကြလိုက်တာ ဘက်တွေကွဲသွားကြတယ်။
ဘယ်အီလိကတော့ ဖြောင့်မတ်တယ်
ဘယ်အီလိကတော့ ယုတ်မာတယ်ဆိုတဲ့ ကိုယ်ပိုင်ခံယူချက် ကိုယ်ပိုင်အတွေးတွေနဲ့
ဟိုဘက်ဒီဘက်ကွဲသွားပြီး ယုံကြည်ချက် ဆိုတဲ့ စာလုံးကြီးကိုထမ်းပိုးလို့ အချင်းချင်း သတ်ဖြတ်ကြတော့တယ်။
ပညာတွေမဲ့ရတယ်၊
မိသားစုတွေကွဲရတယ်၊
သွေးချောင်းစီးရတယ်။
အီလိတွေနေတဲ့ နန်းတော်ကြီးတွေရှေ့မှာ အချင်းချင်းစီးချင်းထိုးနေကြချိန်မှာ…
ကန့်လန့်ကာနောက်က အီလိတွေကတော့ အချင်းချင်း မတည့်တာရှိတဲ့အခါ ရှိသလို၊ အပေးအယူသင့်နေကြတဲ့အခါလည်း ရှိနေတတ်သေးတယ်။
ပုန်ကန်သူ အီလိကြီးတစ်ဦးနဲ့ ပုန်ကန်ခံရသူ အီလိကြီးနောက်တစ်ဦးကလည်း ထမင်းအတူတူစားလို့၊ စစ်တုရင် အတူတူထိုးလို့၊ အအေးခွက် အတူတူသောက်လို့။
hard power တွေ၊ soft power တွေ ဝေပုံချလို့။
ဒါကို မသိနိုင်ကြတဲ့ လူတွေကတော့၊
အီလိတွေက ဖန်တီးပေးထားတဲ့ တိုက်ပွဲထဲ ခံယူချက် ယုံကြည်ချက်ဆိုတာတွေကို ရင်ခွင်ပိုက်လို့
အချင်းချင်း အသေအကြေ ဆော်ကြ နှံကြ။
နန်းတော်ကြီးတွေရှေ့က ကွင်းပြင်မှာတော့…
အီလိတွေက ခေါင်းထဲရိုက်သွင်းပေးထားတဲ့
‘ဒီမိုကရေစီ’ ‘လူ့အခွင့်အရေး’ ‘ညီတူတန်းတူ’
‘အာဏာ’၊ ‘ပါဝါ’၊ ‘အခွင့်အရေး’ ဆိုတဲ့ လက်နက်တွေ ဒိုင်းတွေကိုင်လို့
အိလိတွေရဲ့ ယုံကြည်ချက်ကို ကိုယ့်ယုံကြည်ချက်လို့ ထင်ယောင်ထင်မှားဖြစ်လာကြ၊
အီလိတွေအတွက် အသေခံပေးနေရတာတွေကို ကိုယ့်ဘဝအတွက် တိုက်နေတယ်လို့ ထင်ယောင်လာကြ။
ထောက်ခံတဲ့ ဆိုင်ရာအီလိတွေအတွက် နှစ်ဘက်လုံးက အသက်တွေပေးကြ။
သေကြ၊ ကြေကြ၊ ဘဝတွေပျက်ကြ။
တိုင်းပြည်ဟာ အီလိတွေ တစ်ယောက်ပြီးတစ်ယောက် လက်ထဲမှာ လှည့်ပတ်လို့ လက်ဆင့်ကမ်းခံနေကြ။
လူတွေမှာတော့ စကောထဲမှာ လူးနေတဲ့ ရွေးစေ့တွေလို…
လှည့်ခံ လိမ့်ခံ အသုံးချခံနေရ
ကိုယ့်ဘဝကို မနည်းရပ်တည်နေရ။
အီလိတွေရဲ့ အခြေအနေမှန်ကို မမြင်ကြ။
ဒီအီလိတက်လာလို့ တိုင်းပြည်ကောင်းနိုးနိုး
အတိုက်အခံ အီလိတက်လာလို့ ဘဝတွေပြောင်းနိုးနိုးနဲ့
ကျွဲနှစ်ကောင်ကြားက မြေဇာပင်ဘဝများလို
ပဲကြီးလှော်ကြားထဲက ဆားလို
ဖုန်အလိမ်းလိမ်းကြားမှာ ကမ္ဘာကြီးက မှုန်ရီဝေဝါး
ဘာမှ မသဲကွဲနိုင်တော့ဘူး။
စစ်တလင်းမှာ အချင်းချင်းဗြင်းနေကြချိန်..
လူတွေအမြင်မှာ ရန်သူတွေဖြစ်နေတတ်တဲ့
ကန့်လန့်ကာတွေနောက်က အီလိအုပ်စုကြီးထဲက
ခရိုနီတွေရယ်၊ အာဏာရှင်တွေရယ် အတိုက်ခံခေါင်းဆောင်တွေရယ်ဟာ
အချင်းချင်း အဝေတည့်လိုက်၊ အဝေမတည့်လိုက်
လူတွေရှေ့မှာ ရန်ဖြစ်ပြလိုက်..။
အီလိတစ်အုပ်စုက ဒီမိုကရေစီကို လက်ညှိုးထိုးချိန်
နောက်အီလိတစ်အုပ်စုက စစ်အာဏာရှင်စနစ်ကိုလက်ညှိုးထိုးပြ
ဟော..
ကန့်လန့်ကာနောက်ဝင်သွားချိန်တော့
အဲဒီစိုးစံအီလိတွေဟာ…
တစ်ယောက်အိမ် တစ်ယောက် ဝင်လိုက်ထွက်နေကြချိန်
အာဏာရှင်သမီးတွေနဲ့ တော်လှန်ရေးသမားတွေကလည်း
လူကွယ်ရာမှာ ချစ်ကျွမ်းတွေဝင်ကြ၊
သေနတ်ထမ်း အလံကိုင်ရင်း၊ ခရိုနီအာဏာရှင်စနစ်ကို ပုန်ကန်ရင်း
ခရိုနီသမီးတော်တွေရှေ့ အလဲလဲပြိုပြို ဒူးထောက်လဲကျကြ၊
အဲအီလိတွေဟာလည်း…
တစ်ယောက်အိမ် တစ်ယောက်လိုက် ထမင်းလိုက်စားလိုက်ကြ…
တစ်ယောက်အိပ်ရာပေါ် တစ်ယောက်အိပ်လိုက်ကြ၊
ယုတ်စွအဆုံး
တစ်ယောက်အိမ်မှာ တစ်ယောက် လိုက်သေလိုက်ကြ..။
ကန့်လန့်ကာရှေ့က မြေပြင်မှာတော့
နှစ်ဘက်အီလိတွေအတွက် တိုက်ပေးခဲ့ရတဲ့
နင်းပြားတွေကတော့…
ဖုတ်ဖက်ခါ မွဲပြာကျ
ပြားပြီးရင်း ပြား
ပြားပြီးရင်း ပြားပေါ့။
(ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး၊ ဘယ်သူ့ကိုမှလည်း ယုံလို့မရဘူး။ ကိုယ့်ဘဝကိုပဲ ကိုယ်တည်ဆောက်ရမှာဖြစ်တယ်။ Collectivism စိတ်ဓာတ် သိပ်အားသာလွန်းတဲ့ လှုမှုအဖွဲ့အစည်းတစ်ခုကို လိုသလိုကြိုးဆွဲရတာ လွယ်ကူတတ်တယ်။ ကြိုးတစ်ချောင်းကိုပဲ ဆွဲစရာလိုတယ်။ အကုန်ပါလာတတ်တဲ့သဘော။ ဒါကြောင့် တစ်ခါတစ်လေမှာ individualism ကို ပိုအားသာမိတယ်။ ကိုယ့်ကိုကိုယ်ပဲ ကိုယ်ပြုပြင်ထိန်းကျောင်းနိုင်မှာပဲ ဖြစ်တယ်၊ ဘယ်သူ့ကိုမှ အားကိုးနေလို့ မဖြစ်ဘူး။ တစ်စုံတစ်ရာကို ကိုယ်တစ်ကယ် ယုံကြည်မှလည်း ကိုယ်လုပ်သင့်တယ်၊ အုပ်စုစိတ်ဓာတ်ဟာ လိုတာထက် မပိုသင့်ဘူး - ကိုယ်ပါဝင်ပတ်သက်နေတဲ့ အုပ်စုရဲ့ အရိပ်လွှမ်းမိုးမှုကိုလည်း လူငယ်တွေ အနေနဲ့ လိုတာထက်ပိုပြီး လက်မခံသင့်ဘူး/အခွင့်မပေးသင့်ဘူး)
တစ်ကယ်ယုံကြည်လို့ ဒီယုံကြည်ချက်တစ်ခုအတွက် လုပ်ချင်ကြတယ်ဆိုရင်တော့ မတားပါဘူး။
ဒါပေမယ့် အဲဒီအီလိတွေ (ကန့်လန့်ကာနောက်မှာ အချင်းချင်း ပါးချင်းကပ်နေကြတဲ့ ခရိုနီအီလိတွေရယ်၊ အာဏာရှင်အီလိတွေရယ် အတိုက်ခံအီလိတွေ)တွက် အသက်ပေးလို့ ကိုယ့်အချင်းချင်းပြန်ချနေကြရတဲ့ ကိုယ့်ဘဝ အခြေအနေကို အရင်သုံးသပ်နိုင်ရင်း.. ဝဋ်ကြွေးများ အမြန်ကုန်ပြီး.. အေးချမ်းသာယာတဲ့ မိမိကိုယ်ကို အစိုးရတဲ့ဘဝများ ပိုင်ဆိုင်ကြပါစေ.... လို့
ဘယ်ပုံစံနဲ့မဆို လာတတ်တဲ့ အာဏာရှင်စနစ်မှန်သမျှကို ရွံမုန်းသူများ....
စစ်အာဏာရှင်များ၊ အတိုက်အခံ အာဏာရှင်များ၊ အကြီးအကဲအာဏာရှင်များ၊ မိဘအာဏာရှင်များ၊ ဆရာသမားအာဏာရှင်များ၊ အိမ်ထောင်ဦးစီးအာဏာရှင်စနစ်များ၊ မယားအာဏာရှင်/လင်အာဏာရှင်။ ဘာသာရေးအာဏာရှင်များ၊ ပရဟိတာအာဏာရှင်များ၊ အနုပညာရှင်အာဏာရှင်များ၊ စာပေအာဏာရှင်စနစ်များ စတဲ့ အာဏာရှင်စနစ်မှန်သမျှကို ရွံမုန်းသူများက တတွင်တွင် တောင်းဆိုနေကြသတဲ့ကွယ်....
♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫♫ ♥●••·˙˙·••●♥♫
မလေးကစာရေးကောင်းတယ် သဘောကျတဲ့စာကြောင်းလေးတွေ မကြာခဏဖတ်ခွင့်ရတယ်။
‘နင်းပြားတွေကတော့
ဖုတ်ဖက်ခါ မွဲပြာကျ
ပြားပြီးရင်း ပြား
ပြားပြီးရင်း ပြားပေါ့’
Comment by တီတင့္ — August 8, 2014 @ 7:32 pm
Please kindly let me share.
Your post really makes sense to have it in every individual especially those from our beloved country.
Thank you.
Comment by Phyo Phyo — August 14, 2014 @ 9:54 pm