Friday, September 13, 2013

မိတောနှင့် အမှတ်တရ သောင်္ကြာ၁၃

၁၃ ဂဏန်း ကျတဲ့ သောင်္ကြာရက်ဆိုရင် လူတွေက မကောင်းတဲ့ရက်အနေနဲ့ သတ်မှတ်ကြတယ်။ အထူးသဖြင့် ဒီဘက်နိုင်ငံတွေမှာ လူအချို့ဟာ ၁၃ ဂဏန်းကိုလည်း မနှစ်သက်ဘူး၊စီးပွားရေးသမားတွေက စီးပွားရေးတစ်ခုခုစလုပ်မယ်ဆိုရင်လည်း သောင်္ကြာနေ့ကို မရွေးဘူးလို့ ဆိုကြတယ်။
သောင်္ကြာ ၁၃နဲ့ ပတ်သက်လို့ အမျိုးမျိုးအမြင်တွေရှိတယ်။ အချို့ကလည်း ၁၂ ဂဏန်းဟာ ပြီးပြည့်စုံခြင်းကို ပြတယ်။

တစ်နှစ်မှာ ၁၂ လရှိတယ်၊ နက္ခတ် ၁၂ခု၊ နာရီတွေဟာ ၁၂ မှာဆုံးတယ်၊ ပြီးတော့ ၁ ကနေ ပြန်စတယ်၊ သခင်ခရစ်တော်မှာ တမန်တော် ၁၂ ပါးရှိတယ်၊ အစ္စရေးလူမျိုး ၁၂ မျိုး စသဖြင့် ၁၂ ဂဏန်းဟာ ပြီးပြည့်စုံမှုကို ပြတဲ့အတွက်၊ ၁၃ ဟာ စည်းမျဉ်းတစ်ခုကနေ သွေဖယ်နေလို့ လို့ ဆိုကြတယ်။
အချို့ကလည်း Thomas W. Lawson ရဲ့ နာမယ်ကြီး ဝတ္ထုဖြစ်တဲ့ Friday, the Thirteenth ကြောင့် လူတွေက တစ်စခန်းထတာလို့ ဆိုသလို၊ သောင်္ကြာနေ့မှာ သခင်ခရစ်တော်ကို ကားစင်တင်ခဲ့တဲ့ နေ့မို့လို့လည်း ထိတ်လန့်ကြရာမှ အစပြုပြီး စွဲလာတာလို့ ဆိုကြတယ်။
ဒီကြားထဲမှာ မှ Dan Brown ရဲ့ The Da Vinci Code ဝတ္ထုကလည်း သောင်္ကြာနေ့၁၃ ရက်ကို ပိုမိုထိတ်လန့်စေအောင် ပြုတယ်လို့ ဆိုတယ်။




အဲသလို အမျိုးမျိုးကြားထဲမှာ စောစောအိမ်ပြန်ချင်လို့ မနက်အစောကြီးထပြီး ရုံးကို လာခဲ့တယ်။ အိမ်ကမထွက်ခင် ကောင်းကင်ကိုမော့ကြည့်လိုက်တော့ မောင်ရင်ဆိုင်းထမ်းရယ်၊ ဖျောက်ဆိပ်ကြယ်စုရယ်၊ မာကျူရီဂြိုလ်ရယ်က လင်းလက်တောက်ပနေလိုက်တာ ဆိုတာ… မိတောမှာ တခဏတာ ငေးမောတွေဝေမိသွားတယ်၊ သဘာဝအလှမှာ နစ်မျောသွားမိတယ်။




တစ်ကယ်ဆို မိတော အိပ်ရေးပျက်တာ ၂ည ရှိပြီ။ နွေကုန်ဆောင်းဦးကာလမှာတောင် နေခြစ်ခြစ်တောက်ပူနေတဲ့ ဘုရားစူးကနေဒါမှာ ညစဉ် လူးလိမ့်နေရတယ်။ ၂ရက်လုံးပေါင်းမှ ၆ နာရီပဲ အိပ်ရသေးတာမို့ မိတော စိတ်ကတိုချင်သလိုလိုဖြစ်နေတယ်။ ရုံးရောက်တော့ မနက် ခြောက်နာရီကနေ ရှစ်နာရီထိ အလုပ်လုပ်ရင်း၊ ရေးလက်စ စာလေးကို ခေါင်းထဲစီချရင်း စိတ်လက်ကြည်သာနေပေမယ့်၊ ရှစ်နာရီထိုးတာနဲ့ စိတ်တိုစရာက တန်းစီလာတော့တယ်။ အဲဒီအထဲမှာမှ အောက်မှာ ကော်ဖီဆင်းယူတုန်း သက်သာချောင်ချိရေးဆိုင်က စာဖိုမှူးတစ်ယောက်က မြန်မာပြည်အကြောင်းတွေ လာမေးနေပြန်တယ်။
‘မင်းတို့ တိုင်းပြည်က သွားလည်ရင် လုံခြုံမှု ရှိပါတယ်နော်၊ ငါသွားလည်ချင်လို့၊ ဒါပေမယ့် စဉ်းစားနေရတယ်၊ ခိုးမှု လုမှုတွေ၊ ရိုက်မှုတွေများ ရှိသလားလို့’
‘ဒါကတော့ မင်းဘယ်နေရာသွားလဲ ပေါ် မူတည်ပါတယ်၊ တော်ရုံကတော့ ဘယ်သူမှ မလုပါဘူး’ လို့ မိတော ဖြေလိုက်တယ်။ ကြိုးစားပြီး ကောင်းကောင်းဖြေပေမယ့် စာဖိုမှူးမေးတာကို မကြိုက်တဲ့ လေသံ ထွက်နေတယ်။


ဒီလိုနဲ့ နေ့လည် ၂နာရီထိုးတော့ ဘယ်သူ့ဟောက်ရမှန်းမသိတာနဲ့ ဆရာသမား (အမျိုးသမီး) အခန်းထဲ ဝင်ချသွားတယ်။ အလုပ်ကိစ္စ ပြောဆိုစရာရှိတာတွေ ပြောနေတယ်။ ဆရာမသမားက မျက်နှာအိုပြီး ‘ငါ မသိဘူး’ လုပ်နေတယ်။ ‘ငါ.. မသိဘူး မလုပ်နဲ့’ လို့ မိတော ပြန်ပြောလိုက်မိပြီးမှ ကိုယ့်ကိုကိုယ် ဘရိတ်ပြန်အုပ်ပြီး ‘ပြန်တော့မယ်၊ ကောင်းသော ရုံးပိတ်ရက်တွေပါ’ လို့ နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။
အိမ်ကိုပြန်လာတဲ့ လမ်းကလည်း traffic အချိန် မဟုတ်တာတောင်၊ ကားတွေက ကြပ်နေတယ်။ အိမ်ကိုရောက်ချင်ဇောနဲ့ အမြန်လိုင်းကကျော်တက်ပြီးမှ ပြန်ကွေ့ဖို့ ကြိုးစားတယ်။ ဒါပေမယ့် မိတောရဲ့၊ ဘေးကားတွေက ညစ်ပြီး ပိတ်ထားတယ်။ ငယ်ရွယ်စဉ်တုန်းကတော့ မှန်လေးချပြီး ဘေးကားထဲက တစ်ယောက်ယောက်ကို ခေါင်းလေးငဲ့ပြုံးကြည့်တာနဲ့ ဟိုဘက်ကလည်း ပြန်ပြုံးပြီး (ကို မန်ဒါလီများ၊ ကိုဘဲငန်းများက ) လမ်းဖယ်ပေးတတ်ကြတယ်။ အခုကတော့ မိတောမှာ အသက်ကလည်းကြီးလာ၊ မျက်နှာချိုသွေးချင်စိတ်ကလည်း မရှိ၊ စိတ်ကလည်း တိုနေ၊ မျက်နှာကို သုန်မှုန်ထားပြီး၊ ကားမှန်လည်း မချတော့ဘဲ၊ ကားခေါင်းကြီးအတင်းတိုးဝင်တော့ ဘယ်သူမှ လမ်းဖယ်မပေးတာနဲ့ အဝေးကြီးပါသွားတော့တယ်။


ပါသွားလိုက်တာ….. ဟိုဘက်တံတားပေါ်ရောက်သွားတဲ့ အထိပဲ ဆိုပါတော့။
နောက်ကျပါတယ်ဆိုမှ မနက်က ‘အိမ်အပြန်လမ်းမှာ ဝက်သားကင်လေး ဝင်ဝယ်ပေးပါကွာ’ လို့ ကိုရင်သာအေးမှာထားတာနဲ့၊ အိမ်အပြန်လမ်းမှာ အာရှအစာတွေ ရောင်းတဲ့ဆိုင်ထဲရသေးတယ်။ စနေနေ့မှာ မုန့်ဟင်းခါးချက်ဖို့ လည်း တစ်ခါထဲ ဝင်ဝယ်တယ်၊ အဲဒီမှာ… မျက်လုံးထောင့်မှာ ဖျတ်ကနဲ တစ်စုံတစ်ရာကို မြင်လိုက်တယ်။
မိတောရင်မှာ ဒိန်း ကနဲ ကို ခုန်သွားတယ်။ အဲဒီနေရာလေးကို တဖြည်းဖြည်းတိုးကပ်သွားလာတာ၊ နီးလာလေ ရင်ပိုခုန်လာလေပါပဲ။
‘ငါ.. ဒီလို ရင်မခုန်တာ ကြာပြီပဲ’
အဲသလိုတောင် မိတော တွေးနေလိုက်သေးတယ်။

အနီးရောက်လို့ တွေ့လိုက်ချိန်မှာ…. ရင်တွေက ထိန်းမရတော့ဘူး။ မြန်မာစာတွေပါပဲ။ မြန်မာစားစရာတွေ။ အဲဒီနေရာမှာ ခဏတာ ငေးမောတွေဝေမိပြီး၊ ရန်ကုန်အပြန်မှာ သယ်ချလာတဲ့ ပဲမှုန့်တွေ၊ ငရုတ်သီးမှုန့်တွေ တင်ချင်စိတ်က ထိန်းမရတော့ဘူး။ မြန်မာ အစာ ဆိုတာကို လူတွေသိစေချင်တယ်၊ မြင်စေချင်တယ်။
ဒါနဲ့ အဲဒီနားက ကောင်လေး တစ်ယောက်ကို မန်နေဂျာနဲ့ စကားပြောချင်တယ်လို့ တောင်းဆိုလိုက်တယ်။ မန်နေဂျာက ထွက်လာတော့ မြန်မာအစာတွေ ဘယ်သူတင်တာလဲ သိပါရစေ ဆိုတော့၊ အဲဒါ မြန်မာအစာ မဟုတ်ဘူးတဲ့။ ထိုင်းအစာ တဲ့။ မိတော စိတ်က ပိုတိုသွားတယ်။
‘မြန်မာအစာ လို့၊ မြန်မာစာတွေလေဘယ်တွေလို့၊ မင်းတို့ကိုယ်တိုင်က ဘားမိစ် ဆိုပြီး စင်တင်ထားတာလေ လို့….
မာန်နေဂျာက ဘိစနက်ဝမ်းမန်းသာ ဆိုတယ်၊ မိတောကို လန့်ပြီး လေသံတိုးတိုးတုန်တုန်နူးညံ့လေးနဲ့….
‘ဟုတ်ပါတယ်.. ဒါပေမယ့် ထိုင်းမှာ လုပ်ခိုင်းတာပါ၊ ထိုင်းက လူတွေ လုပ်တာပါ’
‘မြန်မာစာကပ်ထားတဲ့ မြန်မာစာတွေကို ထိုင်းကလုပ်တာ ဟုတ်လား၊ ထိုင်းတွေလား၊ ထိုင်းမှာနေတဲ့ ဗမာတွေလား’
မေးလည်းမေးသေးတယ် မာန်နေဂျာကိုပါ ဆူဟောက်ချင်နေသလို ဖြစ်နေတဲ့ မိတော ကိုယ့်ကိုကိုယ် သတိထားမိလို့ အသံကို ပြန်ချလိုက်တယ်။
‘အဲ.. အဲဒါတော့ ကျမလည်း မသိဘူးရှင်၊ ကျမ အစ်မကြီး စီစဉ်တာပါ’
‘ဟုတ်ကဲ့… ကျမ စိတ်ဝင်စားလို့ပါ၊ ကျမက အစ်မတို့အသိ ဦးဘရဲ့ တူမပါ၊ မြန်မာအစာတွေကို ဒီမြို့ကလူတွေနဲ့ မိတ်ဆက်ပေးချင်လို့ပါ၊ အမြတ်အစွန်းထက်ကို မြန်မာစာနဲ့ မြန်မာအစားတစ်ခုခု စင်ပေါ်မှာ ရှိနေစေချင်တာပါ’
လေသံကို ပြန်လျော့လိုက်ရတယ်။ အတ္တတွေ သိပ်ကြီးနေပြီလားလို့လည်း တွေးလိုက်မိသေးတယ်။
မြန်မာကို စင်တစ်နေရာရာမှာ သိပ်နေရာရှိစေချင်တဲ့ မိတောရဲ့ အတ္တ!!!!
‘ဟုတ်.. ဟုတ်ကဲ့၊ ဦးဘ ရဲ့ တူမ မှန်းသိပါတယ်၊ ဘာကူညီရမလဲ’
‘ ကျမ ဆီမှာ ငရုတ်သီးထုတ်ရှိတယ်၊ ယူလာပြချင်တယ်’
‘ဟုတ်.. ဟုတ်ကဲ့၊ ညီမ လာပြလိုက်နော်၊ ကျမအစ်မကြီးနဲ့ မနက်ဖြန် စကားလာပြောမလား၊ ငရုတ်မှုန့် ဘယ်နှစ်ထုတ် ရှိလဲ လောလောဆယ်’
‘သုံးထုပ်’
မာန်နေဂျာ့မျက်နှာက ပြုံးစိစိဖြစ်သွားတယ်။
မိတော…. မသိချင်ဟန်ဆောင်ပြီး နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုးစားနိုင်မှု လုပ်နိုင်မှုပေါ်မှာ မူတည်ပြီး ငရုတ်သီးမှုန့်လောက်တော့ သွားတင်ထားမလား ကြံကြံဖန်ဖန် စဉ်းစားနေမိတယ်။
ဒီလိုနဲ့ အိမ်ရောက်လာတယ်။
အဲဒီမှာ ပြောချင်တာက ခုမှ ရောက်တာပါ….
အိမ်က စားပွဲပေါ်မှာ အထုပ်ကြီး အကြီးကြီးတွေ့လိုက်တယ်…
“အို….”
အရမ်းကို ပျော်သွားမိတယ်။
မိတော အထုပ်ကြီးကို မီးဖိုချောင်ဓားနဲ့ ဖောက်တော့တယ်။ ဂျူနီယာတောနဲ့ ဂျူနီယာသာအေးကလည်း ဘာထုပ်ကြီးပါလိမ့်ဆိုပြီး အနားမှာ ဝိုင်းနေတယ်။ ဂျူနီယာတောကတော့ ခုံတောင်သွားယူပြီး တက်ကြည့်နေတယ်။
‘ကလေးတွေ ဓားထိမယ်၊ ခပ်ဝေးဝေးသွားနေကြနော်’
‘ကလေးတွေ တီးတာ နဲ့ လာနေ’
ကလေးတွေရဲ့ အထိန်းဖြစ်သူ တီးတာက လှမ်းခေါ်ပေမယ့် သူမ ကိုယ်တိုင်က မျက်လုံးကြီးပြူးပြီး စိတ်ဝင်တစားကြည့်နေတယ်။
ကလေးတွေက တစ်ယောက်မှ နားမထောင်။ ဂျူနီယာတောက အနားကို အရမ်းကပ်ကာ အထုပ်ထဲ အတင်းကုန်းကြည့်သလို
ဂျူနီယာသာအေးကပါ တီးတာကို ကုပ်တွယ်တက်ပြီး အထုပ်ကြီးကို ကြည်ဖို့ ကြိုးစားနေတယ်။
အထုတ်ကြီးက ဓားနဲ့ဖောက်စရာမလိုပါဘူး။ သူ့စက္ကူအစလေးကို အသာလေးဆွဲလိုက်တာနဲ့ အော်တိုမက်တစ် ပွင့်သွားမယ့် အထုတ်ပါ။ ဒါပေမယ့် မိတောမှာ စိတ်တွေလှုပ်ရှားပြီး ဓားနဲ့ကိုကလော်ပြီး ဖွင့်နေမိခဲ့တာ။
မိတော အထုပ်ကြီးကိုဖောက်ပြီး သွန်ချလိုက်တယ်။ စာအုပ်တွေ ဝေါကနဲ၊ ဝေါကနဲ ထွက်လာတယ်။
မိတော မျက်နှာက အရမ်းဝင်းပနေတော့တယ်။ စာအုပ်တွေကို ထွက်ကျလာလိုက်တာဆိုတာ မိတောရင်ထဲမှာတော့ ရွှေတုံးတွေထွက်ကျလာသလို ခံစားနေရတယ်။ မိတောက အဲသလောက် စာအုပ်တွေကို ချစ်တယ်။
စာအုပ်ကို ချစ်တဲ့သူတွေကတော့ မိတော ခံစားချက်ကို သိမှာပါပဲ။
‘စာအုပ်တွေတော့ ထွက်လာပါပြီ၊ ဘယ်မှာလဲ ပိုက်ဆံ…၊ ပိုက်ဆံကော’
မိတော အထုပ်ထဲ ငုံ့ကြည့်တယ်၊ မတွေ့ဘူး။ စာအုပ်တွေ မ ကြည့်တယ် မရှိ။ မျက်နှာလေး ငယ်သွားတယ်။
‘ပိုက်ဆံကို အင်မီဂရေးရှင်းက ဖောက်ယူပြီထင်တယ်’
နေရင်းထိုင်ရင်း အင်မီဂရေးရှင်းကို အပြစ်တင်ချင်လာနေတယ်။ ကိုယ်ကပဲ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းကိုလည်း ဖောက်သေးတယ်၊ ကိုယ်ကပဲ သူတို့ကို အပစ်တင်ချင်နေသေးတဲ့ မိတော။
‘ဒါမှ မဟုတ် ဟိုနယူးယောက်က စာရေးဆရာ  ပိုက်ဆံကို bubble tea ဝယ်သောက်လိုက်ပြီထင်တယ်’
မိတော မီးဖိုထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတယ်။ စိတ်ထဲက နယူးယောက်က စာရေးဆရာကိုပါ စိတ်တိုချင်လာနေတယ်။ သူ့ခမျာ ငွေကုန်ကြေးကျခံလည်း ပို့ရသေးတယ်။ ဒါပေမယ့် စိတ်မထင်ရင် မထင်သလို၊ ပို့ခ ပြန်တောင်းချင်တောင်းနေမှာမို့ ‘တီတင့်ပေးလိုက်တဲ့ စာမူခ ထည့်ပေးလိုက်သေးလား၊ မထည့်ပေးလိုက်ဘူးလား’ အဲသလို ပြောင်ကြီးမေးလိုက်ချင်စိတ်ကို မြိုသိပ်နေရတယ်။
တီးတာကလည်း မိတော တတွတ်တွတ်ပြောနေတာကို နားထောင်ပြီး နားမလည်နိုင်ဘူးဖြစ်နေတယ်။
‘ပိုက်ဆံတွေက ဘယ်လောက်လဲ အစ်မ’
‘များတယ်၊ ဒီမှာတွေ့လား၊ ဒီ ဂိမ်မာစာအုပ်လေ၊ ဒီမှာကြည့် အဲ့ဒါ အစ်မရဲ့စာမူ၊ အစ်မတွက် စာမူခ၊ ခု ပါမလာဘူး’
စာမူလေးကို ပြနေတဲ့ အချိန်မှာပဲ နောက်တစ်ရွက်မှာ သေချာလေး ဖောက်ကပ်ထားတဲ့ စာအိတ်လေးကို တွေ့လိုက်တော့တာပါပဲ။
တီးတာလည်း မျက်နှာဝင်းသွားပြီး…
‘အဲဒါလေးလား အစ်မ’
မိတောလည်း အလွန်အမင်းဝမ်းသာသွားပြီး စာမူခထည့်ထားတဲ့ အိတ်ကလေးကို တယုတယလေးကိုင်ကြည့်နေမိတယ်။
ရင်ထဲမှာ ပီတိတွေက အရမ်းဖြာနေမိတာပေါ့။
ကလေးတွေရဲ့ တီးတာကလည်း စာအိတ်ကလေးကို ပြုံးကြည့်ရင်း မိတောကို အရမ်းကို အထင်ကြီးတဲ့ မျက်လုံးကြီးတွေနဲ့ ကြည့်နေလေရဲ့။
‘အများကြီးလားဟင်.. အစ်မ’
‘အင်း… အစ်မ အတွက်ကတော့ သိန်းသန်းတန်တဲ့ စာမူခပါ၊ တန်ဘိုး မဖြတ်နိုင်တဲ့ စာမူခ’
‘ဒီထဲမှာ ပါတဲ့ သရုပ်ဖော်ပန်းချီကိုလည်း ကြည့်ပါဦး၊ ကောင်းလိုက်တာ၊ စေတနာတွေနဲ့ ဝါသနာထက်သန်မှုတွေ…. ဒါတွေဟာ ဘာနဲ့မှ တိုင်းဖြတ်လို့ မရပါဘူး’
မိတော တစ်ယောက်တည်း တတွတ်တွတ်။
မိတော တစ်ယောက် စာအုပ်ကလေးတွေကို ယုယုယယပွေ့ဖက်ရင်း ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်ရန်၊ ဓာတ်ပုံရိုက်ရန် ခုံပေါ်မှာ အသာချထားလိုက်တယ်။
ပြီးတော့ အိမ်ပေါ်ကို ခဏတက်၊ အောက်ကို ပြန်ဆင်းလာချိန်မှာ ဂျူနီယာသာအေး၊ ဂျူနီယာတော နဲ့ တီးတာတို့ကို စာအုပ်တစ်ယောက် တစ်အုပ်စီနဲ့ ခုံပေါ်မှာ အကျအန ထိုင်နေကြတာ တွေ့လိုက်တယ်။
မိတော သူတို့ကို စောင့်နေသေးတယ်။ သူတို့က တော်ရုံနဲ့ မပြီးကြသေး၊ ဓာတ်ပုံကလည်း ရိုက်ချင်နေပြီ။
‘ဖတ်လို့ မပြီးကြသေးဘူးလား’
‘မပြီးသေးဘူး အစ်မ’
မိတော ကိုယ့်မေးခွန်းရယ်၊ တီးတာ အဖြေရယ်ကို ပြန်ဆန်းစစ်မိတယ်။ တစ်ကယ်ဆို ဂျူနီယာတော၊ ဂျူနီယာသာအေးကော တီးတာ ပါ မြန်မာစာ မဖတ်တတ်ကြ။ အရုပ်ကြည့်နေကြခြင်းသာ။
တီးတာကတော့ မြန်မာ မဟုတ်သဖြင့် ထား၊ မိတော ကလေးတွေကရော…..?
မိတော စိတ်ထဲမှာ ဝမ်းနည်းသလိုလိုဖြစ်သွားတယ်။
မိတော……
ကလေးတွေ မြန်မာစာတတ်အောင် …………….
မိတော……..
…………
………..
အမှတ်တရ သောင်္ကြာ၁၃ ရက်နေ့ဟာ အမှတ်တရများနှင့် ပြည့်နေပါတော့တယ်……။

No comments:

Post a Comment