Wednesday, October 20, 2010

သိမ်မွေ့သော စစ်ပွဲ



ဒီစစ်ပွဲကြီးဟာ….
ကြီးမားခန့်ညားတယ်
ခန့်ထည်မြင့်မြတ်တယ်
အစီအစဉ် ကျနတယ်။

ဒီစစ်ပွဲကြီးဟာ…
ဘာသာတရား ပဋ္ဋိပက္ခတွေရဲ့ ရလဒ်လည်း မဟုတ်ဘူး
အတွေးအခေါ် ပဋ္ဋိပက္ခတွေရဲ့ ရလဒ်လည်း မဟုတ်ဘူး
ယုံကြည်ချက် ပဋ္ဋိပက္ခတွေရဲ့ ရလဒ်လည်း မဟုတ်ဘူး။

ဒီစစ်ပွဲကြီးထဲမှာ…
ဒေါသတွေ မရှိဘူး..
မောဟတွေနည်းတယ်..
သောကတွေ မဲ့တယ်၊
ချွေးသံတွေလည်း တပေါက်ပေါက် ကျ မနေဘူး
သွေးသံတွေ တတောက်တောက် ခ မနေဘူး၊
ချုံခိုတိုက်တာတွေ မရှိဘူး
ကလိန်ကကျစ်ကျတာတွေ မရှိဘူး
သစ္စာမဲ့တာတွေ မရှိဘူး
ဟိုဘက်ဒီဘက် ပါသွားတာတွေ မရှိဘူး
အရှင်ဖမ်းပြီး နှိပ်စက်ညှင်းပန်းတာတွေ မရှိဘူး။

ဒီစစ်ပွဲကြီးထဲမှာ…
အလံတွေ တလူလူလွင့်မနေဘူး၊ စစ်ချီသံတွေ ညံမနေဘူး။
ရောင်စုံသံချပ်ကာတွေ မရှိဘူး။
နောက်ဆုံးပေါ် လက်နက်တွေ မရှိဘူး။
ဝါကြွားမှုတွေ မရှိဘူး။

ဒီစစ်ပွဲကြီးထဲမှာ…
အမိန့်ပေးသူလည်း မရှိဘူး၊ အမိန့်နာခံသူလည်း မရှိဘူး။
သူတို့ရဲ့တာဝန်ဟာ ဘာလည်းဆိုတာ
မပြောရပဲ သိနေတတ်ကြသေးတယ်။
လက်ရုံးရည်ထက် နှလုံးရည်ကို ရှေ့တန်းတင်တဲ့
ဒီစစ်ပွဲကြီးထဲမှာ…
ဘုရင်တွေ၊ ဘုရင်မတွေ၊ မြင်းတွေ နဲ့ တပ်သားတွေ
ရွပ်ရွပ်ချွံချွံ စစ်တိုက်နေကြတာတောင်မှ
သူ့အလှည့် ကိုယ့်အလှည့်ရှိတယ်..
စည်းစနစ်ရှိတယ်၊ ထက်မြက်တဲ့ အတွေးတွေရှိတယ်
စိတ်ရှည်လို့ သည်းညည်းတောင်ခံတတ်ကြသေးတယ်
ကျရှုံးသွားကြ သေးရင်လည်း
ရှိတဲ့ အင်အားကို အသုံးချပြီး အနိုင်အရှုံးကို တရားမျှတစေတယ်။

ဒီစစ်ပွဲကြီးထဲမှာ…
ဒေါင်လိုက်ပဲ သွားနိုင်တဲ့ သူတွေရှိသလို၊ အရှေ့ကိုပဲ တည့်တည့်သွားနိုင်သူတွေရှိတယ်။
ထောင့်ဖြတ်မျဉ်းအတိုင်းပဲ သွားနိုင်သူတွေရှိသလို၊ ရှစ်ခွင်လုံး လှုပ်ရှားနိုင်သူတွေရှိတယ်။
၉၀ဒီဂရီကွေ့ကောက်လို့ ခုန်ပျံကျော်လွှားပြီး..
နင်းသမျှမြေကြီးတွေကို အရောင်ပြောင်းစေတဲ့၊ အာဇာနည် မြင်းကောင်းတွေလည်းရှိတယ်။
ဒါပေမယ့်…
တစ်ဦးနဲ့ တစ်ဦး အပြစ်ထိုင်တင်နေကြမယ့်အစား
တစ်ယောက်ရဲ့ လိုအပ်မှုကို တစ်ယောက်က ဖြည့်ဆည်းရင်း
တိုက်ပွဲကို ရွပ်ရွပ်ချွံချွံတိုက်လေ့ရှိတယ်။

ဒီစစ်ပွဲကြီးဟာ….
သာမန်စစ်ပွဲတွေနဲ့ မတူ
တိတ်ဆိတ်ငြိမ်သက်နေလိုက်တာ
လေတိုးသံ ခပ်တိုးတိုးနဲ့
အသက်ရှုသံ သဲ့သဲ့ကလေးတွေပဲ ကြားနေရတတ်တယ်။

ဒီစစ်ပွဲကြီးထဲမှာ..
ကျမ နှစ်လိုစွာ အိပ်မောကျနေမိပါတော့တယ်။


ပုံကလေးကို အင်တာနက်မှ ရပါတယ်ရှင်။


7 Comments »

  1. Where’s my yellow fish. By the way I like this poem.
    Comment by Htate Htar — October 20, 2010 @ 5:08 pm |Edit This
  2. စစ်တုရင် ကစားနေလို့ ငါးတွေကို ရေကူးခိုင်းထားပါတယ်ဆို.. မမထိပ်ထားးးးးး ဟွန်း၊ သူက ဒါကိုစိတ်ဝင်စားတာ ငါးက အ၀ါရောင် ဖြစ်နေလို့ကိုး..
    Comment by မလေး — October 20, 2010 @ 5:18 pm |Edit This
  3. တစ်ကယ့်ကို သိမ်မွေ့သောစစ်ပွဲပါပဲ…….။
    ဒါပေမယ့် ဘေးက ၀င်ပြောမယ့်သူတွေမရှိရင် အကောင်းဆုံးပဲလေ……..။
    ခင်မင်ခြင်းအားဖြင့်……..
    ဏီလင်းညို
    Comment by ဏီလင်းညို — October 20, 2010 @ 6:27 pm |Edit This
  4. စစ်ပွဲတိုင်းတွင် အနိုင်အရှုံးဆိုတာ ရှိစမြဲမို့ နိုင်သူပြုံးပီး ရှုံးသူမှာမပျော်နိုင်ပါ။ လူချင်းစီးချင်းထိုးရ်ုရှုံးလျှင် ထိုသူအသက်မရှင်နိုင်၊ ကောက်ကျစ်ခံရလျှင်လဲ မည်မျှသိမ်မွှေ့ပါစေ…
    Comment by WC22 — October 20, 2010 @ 11:38 pm |Edit This
  5. “ဒီစစ်ပွဲကြီးဟာ….
    သာမန်စစ်ပွဲတွေနဲ့ မတူ
    တိတ်ဆိတ်ငြိမ်သက်နေလိုက်တာ
    လေတိုးသံ ခပ်တိုးတိုးနဲ့
    အသက်ရှုသံ သဲ့သဲ့ကလေးတွေပဲ ကြားနေရတတ်တယ်” ကြိုက်တယ် ဒီလိုစစ်ပွဲမျိုး…
    မလေးရေ… ဒီကဗျာလေးရေးဖြစ်ဖို့ အိုင်ဒီယာဘယ်လိုရသွားတာလို့ သိချင်မိတယ်။ မလေးကိုယ်တိုင် စစ်ပွဲထဲမှာ ပါဝင်ဆင်နွှဲခဲ့သူမို့လား…။
    Comment by ဇွန်မိုးစက် — October 21, 2010 @ 8:15 am |Edit This
  6. မလေး ချက်စ်ထိုးရင်း ရတဲ့ အိုင်ဒီယာလေးပါ ဇွန်။
    Comment by မလေး — October 22, 2010 @ 12:01 pm |Edit This
  7. ကျနော်တော့ အဲ့စစ်ပွဲကိုမတိုက်တတ်ဘူးဗျး)
    Comment by မောင်မျိုး — November 16, 2010 @ 7:09 pm |Edit This

No comments:

Post a Comment