Monday, October 14, 2013

မိတောနှင့် ကောက်ရိုတ်သိမ်းပွဲညစာ


thanksgiving.jpg












(ကောက်ရိတ်သိမ်းပွဲနေ့ဟု ခေါ်ဆိုမည်ထင်ပါသည်) နေ့မို့ မိတောတို့ မောင်နှမများစုပြီး ဆိုင်တစ်ဆိုင်တွင် ညစာသွားစားကြလေသည်။
ဆိုင်ထဲရောက်သည်နှင့် တစ်ဦးကိုတစ်ဦးဖက်ကာ နှုတ်ဆက်ကြပြီး၊ အိမ်ကချက်လာသော ဟင်းများကို တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် လက်ဆောင်ပေးကြလေသည်။ အခြားနိုင်ငံခြားသားများက သူတို့အချင်းချင်း ပန်းစည်းများ၊ ဝိုင်များ လှဲလှယ်လက်ဆောင်ပေးကြစဉ်၊ မိတောတို့ မောင်နှမများကတော့ မုန့်ဟင်းခါး၊ ငါးဟင်း၊ ပဲကြီးဟင်း၊ ငါးပုပ်ခြောက်ကြော် စသဖြင့် အလဲအလှယ်ပြု လက်ဆောင်များ ပေးကြလေသည်။
ပန်းရနံ့များ၊ ဝိုင်နံ့များ သင်းပျံ့နေသော စားသောက်ဆိုင်သည်လည်း မိတောတို့ ရောက်လာသည်နှင့် ငါးပုပ်ခြောက်နံ့၊ မုန့်ဟင်းခါးနံ့၊ ငံပြာရည်နံ့ စသဖြင့် ရုတ်ချည်း သင်းပျံ့ကုန်လေသည်။


လူများသဖြင့် ဝိုင်းနှစ်ဝိုင်းကပ်ပြီး စကားပြောလိုက်၊ စားလိုက်ဖြင့် အချိန်တို့ ကုန်ဆုံးလာနေသည်။ တစ်ယောက်တစ်ပေါက် စကားတွေ လုပြောရင်း၊ ရယ်မောရင်းဖြင့် ပျော်ရွှင်နေကြလေသည်။
အစားများ အနည်းငယ်ကုန်သွားသည့်အခါတွင်တော့ စကားသံများက အနည်းငယ် ငြိမ်သက်လာသည်။ အချိန်တန်ကြာသည့်အခါတွင်မတော့ တစ်ယောက်နှင့်တစ်ယောက်တောင် စကားပြောချင်စိတ်ကုန်ခမ်းကုန်ကာ၊ မလှုပ်နိုင်ကြတော့။ တစ်ယောက်နှင့်တစ်ယောက်လည်း ကြည့်တောင် မကြည့်ချင်ကြတော့။ ဝယ်ကျွေးသော အစ်မအကြီးဆုံးကိုယ်တိုင်လည်း မလှုပ်တော့ဘဲ ငူငူကြီးထိုင်ကာ “စားကြဦးလေ” ဆိုသည်ကို ဟန်အမူအရာဖြင့်သာ ပြနိုင်လေတော့သည်။ မေးခံရသော သူများကလည်း ခေါင်းခါသူခါ၊ ရင်ဘတ်ထိရောက်နေပြီဟု လက်ဖြင့် ပြသူပြ၊ လည်ပင်းထိ ရောက်နေပြီဟု ပြသူပြဖြင့်။


ဝယ်ကျွေးသော အစ်မအကြီးဆုံးက မလိုအပ်ဘဲ ပွဲတွေ အရမ်းမှာသဖြင့် စားစရာများသည် အရမ်းကြီးကို ပိုလျှံနေလေတော့သည်။ မောင်နှမတွေကလည်း အယောက် ၃၀ ခန့်ရှိသော်လည်း ပိုနေတော့သည်။



ထို့ကြောင့် ပိုနေသော အစားများကို ထုတ်ပိုးပြီး အိမ်ယူသွားရန် စားပွဲထိုးများက ပြင်ဆင်ပေးတော့သည်။ ထို့နောက် စားပွဲတစ်စားပွဲစီတွင် အထုတ်ကြီး နှစ်ထုတ်စီ လာချပေးသည်။ ထို အထုတ်ကြီး နှစ်ထုတ်စီကို ဘယ်သူကတော့ ဘယ်အထုတ်ယူသွားဟု ဝယ်ကျွေးသော အစ်မကြီးသည် ဗီတိုအာဏာဖြင့် ဆုံးဖြတ်လေသည်။ ပိုနေသော ဟင်းများကို ယူသွားရမည့် သူများထဲတွင် မိတောလည်း ပါသဖြင့် အရမ်းကို အူမြူးသွားလေသည်။


ပြန်ခါနီးမို့ စကားသံများက ပြန်လည်ဆူညံလာပြန်သည်။ ထို့နောက် ဟိုစားပွဲ ဒီစားပွဲ ပြောင်းထိုင်၊ စကားတွေ ဆက်ပြောအပြီး ကိုရင်သာအေးသည်လည်း အခြားမောင်များအစ်ကိုများဖြင့် အပြင်သို့ အရင်ထွက်သွားသည်ကို လှမ်းတွေ့လိုက်သည်။ မိတောလည်း ကျန်နေသည့်အစ်မများနှင့် စကားဆက်ပြောပြီးနောက်၊ စားပွဲပေါ်တွင် ကျန်နေသော မိမိအတွက်ဝေစုစားစရာအထုတ်ကိုဆွဲကာ ကားဆီသို့ ထွက်လာခဲ့လေသည်။
မပြန်ခင် အစ်မများ ညီမများကို ဖက်ကာ “ပါးချင်းအပ်လျှက် လေကို တပြွတ်ပြွတ်နမ်းသော ဘိုနမ်း” ဖြင့် နမ်းကာ နှုတ်ဆက်ခဲ့သေးသည်။
စားသောက်ဆိုင်အပြင်တွက် အခြားမောင်များအစ်ကိုများဖြင့် ရပ်စကားပြောနေသော ကိုရင်သာအေးက တံခါးကို လှမ်းဖွင့်ပေးသည်မို့ မိတောလည်း အထုတ်ကိုကိုင်ကာ ဝင်ထိုင်နေလိုက်သည်။


ထိုသို့ဖြင့် အိမ်သို့ရောက်လာသောအခါ…
စားစရာအထုတ်ကြီး နှစ်ထုတ် ပါလာသည်ကို သတိထားမိလိုက်တော့သည်။ ကိုရင်သာအေးကလည်း မိတောသယ်ရမည့်အထုတ်ကို သယ်ပေးသည့်အနေနှင့် နီးရာအထုတ်ကို ကောက်ဆွဲသွားခြင်းဖြစ်သည် ဟု ဆိုသည်။ မိတောတို့မှာ ကျန် မောင်နှမများကို ဖုန်းလိုက်ဆက်ပြီး ဘယ်သူအထုတ်မရသွားဘူးလဲ ဟု လိုက်မေးရတော့သည်။ အားလုံးကလည်း ကိုယ်စီရပြီးသားဖြစ်သည်ဟု ဆိုကြသည်။ “ငါတို့တွက် မပူနဲ့၊ ဒါမျိုးဆို ကျန်ခဲ့တာမျိုး ဘယ်တော့မှ မဖြစ်စေရဘူး” ဟုလည်း အစ်ကိုတစ်ယောက်က ဆိုလိုက်သေးသည်။
“ဒါဆို.. ဒါ ဘယ်က အထုတ်ကြီးလဲ”
မိတောမှာ စဉ်းစားမရသဖြင့် အထုတ်များကို ဖောက်ကြည့်လေသည်။ ပထမ အထုတ်ကတော့ မိတောတို့ မှာပြီးစားသောက်ထားသော အစားများဖြစ်သည့် ခရမ်းသီးနှပ်၊ ငါးပုပ်ခြောက်ထမင်းကြော်၊ ပုဇွန်ချိုချဉ်၊ ခေါက်ဆွဲမှိုကြော်၊ ဘဲကင်၊ ကြက်ပေါင်း၊ ငါးငပိချက် စသည်တို့ကို တွေ့ရသည်။ ဒုတိယအထုတ်ကိုဖွင့်ကြည့်သောအခါ မိတောတို့ မမှာသော စားစရာများဖြစ်သည့် ကြက်နာနတ်၊ ဂဏန်းပေါင်း စသည်ကို တွေ့ရလေတော့သည်။


“အဲဒါ ဟိုဘက်စားပွဲက စားစရာတွေ”
“ဟင်.. ရှင်က ဘယ်လိုသိရတာလဲ”
“သူတို့ ဘာတွေမှာစားလဲ လှမ်းကြည့်လိုက်တာမှာ တွေ့တာလေ”
မိတောမှာ ကိုယ်ဒီလောက်စားနေရတာတောင်မှ ဟိုဘက်စားပွဲကလူတွေဘာတွေစားလဲ လှမ်းကြည့်ချိန်ရသေးသော ကိုရင်သာအေးကို မျက်စောင်းခဲသာကြည့်နိုင်တော့သည်။ စိတ်ထဲမှာလည်း…. ‘ကိုယ့်လက်ထဲမှာ နှင်းဆီတစ်ပွင့်ရှိနေသေးတာတောင်မှ ခပ်ဝေးဝေးက သင်းပျံ့လာတဲ့ နှင်းဆီရနံ့ကို ဘာလို့ မျှော်ငေး ရှုရှိုက်မလဲ’ (အတိအကျတော့ မမှတ်မိ - ဒီလောက်နာမယ်ကြီး ကဗျာဆရာကြီးရဲ့ ကဗျာကိုတောင် တိတိကျကျ ရီဆာ့ခ်ျလုပ်မရေးနိုင်ဘူးလားဟု အပြစ်တင်ကြမည်ဆိုလည်း ခံပါ့မည်) ဆိုသော ဆရာစိန်ဝင်းရဲ့ ကဗျာတစ်ပုဒ်ကိုပါ ရောင်ရမ်းသတိရလိုက်မိသေးသည်။




“ဘယ်လို ပါလာတာလဲ၊ မင်းအဲ့ဘက်စားပွဲကနေ ယူလာတာလား”
“အို.. ကျမက ဘယ်လိုလုပ် သူများစားပွဲက အထုတ်ကို သွား မ လာမှာလဲ”
“ဒါဆို ဘယ်လိုပါလာတာလဲ”
“မသိဘူးလေ၊ ကျန်တဲ့ မောင်နှမတွေက အကုန်ရပြီးသားဆိုတော့ စားပွဲပေါ်ကျန်နေတာ ကျမအထုတ်ထင်ပြီး ယူချလာတာပေါ့”
“ကိုယ် ယူသွားပြီးပြီလေ”
“မြင်မှ မမြင်တာ၊ ပြန်ခါနီး ဟိုစားပွဲ၊ ဒီစားပွဲ ပြောင်းထိုင် စကားတွေပြောကြဆိုတော့၊ နောက်ပြီး ကားပေါ်မှာလည်း မတွေ့ပါဘူး”
“ကားထဲမှာ အနံ့တွေနံတာ မင်းပဲ မကြိုက်ဘူးဆိုလို့ ကားဟိုးနောက်ခန်းထဲ ထည့်ယူလာတာလေကွာ”
“ အဲဒါဆို ဘယ်လိုလုပ်ကြမလဲ၊ စားပွဲထိုးတွေက မှားပြီးလာချသွားတာ၊ ဟိုဘက်စားပွဲကလူတွေတော့ သနားပါတယ်”
“ဘယ်လိုလုပ်ကြမလဲ”
“ကိုယ့်ဟာ မဟုတ်တော့ အိမ်ခြေမဲ့တွေနေတဲ့ နေရာသွားပြီး ဒီအထုတ်ချထားရအောင်၊ ဒီညမစားနိုင်လည်း နောက်နေ့ သူတို့ စားလို့ရတယ်”
“ဒီအချိန်ကြီးတော့ အိမ်ခြေမဲ့တွေနေတဲ့ နေရာထိမောင်းသွားပြီး ဟင်းတော့ သွားမချခိုင်းပါနဲ့ မိတောရာ”
ကိုရင်သာအေးသည် မျက်နှာအတော်ပျက်လာနေသည်။


“အို.. ကုသိုလ်ရပါတယ် ရှင်ကလည်း”
“ကိုယ်.. မသွားပါရစေနဲ့ကွာ၊ ဘယ်နားမှာမှန်းလည်း သေချာမိဘူး၊ ဘယ်နားအိမ်ခြေမဲ့ လိုက်ရှာရမှာလဲ၊ ဆိုင်ကိုပဲ ပြန်ပို့ကြမယ်”
“ဖုန်းအရင်ဆက်ကြည့်ရအောင်”
မိတောလည်း ကိုရင်သာအေးကို ပြောမရသဖြင့်၊ စားသောက်ဆိုင်သို့ ဖုန်းဆက်ကာ အကျိုးအကြောင်းပြောပြလေသည်။ ဆိုင်ရှင်ကလည်း တစ်ဘက်စားပွဲအတွက် စီစဉ်ပေးပြီးပြီ ဖြစ်သဖြင့်၊ ပြန်ပို့ပေးရန် မလိုကြောင်း၊ စိတ်သန့်ရှင်းစွာ စားနိုင်ကြောင်း ပြောလေသည်။
မိတောတို့လည်း ဖုန်းချပြီးနောက် စားပွဲပေါ်က အထုတ်ကြီးနှစ်ထုတ်ကို ကြည့်ကာ ပြုံးစိစိဖြင့် ငုပ်တုပ်ဆက်ထိုင်နေမိကြလေတော့သတည်း။

No comments:

Post a Comment