Friday, October 15, 2021

မျှော်မိတဲ့နှင်း

အဖြူရောင်ကြယ်မှုန်လေးတွေကို

တဖျတ်ဖျတ်တောက်လက်ရင်း ကြွေကျလာမယ့် နှင်းမှုန်လေးတွေကို

ကိုယ်မျှော်နေမိတာ.....

ကိုယ်တို့မြို့မှာ နှင်းမကျတာ ကြာပြီပေါ့...

ဒီလောက်အေးတဲ့ တိုင်းပြည်မှာ နှင်းမကျဘူးဆိုတာ ရှာမှရှားတဲ့အဖြစ်

လွမ်းတယ်နှင်းရယ်..

လည်ချောင်းထဲထိစိမ့်၀င်သွားတဲ့

အေးစက်စက်အထိအတွေ့..

 တိတ်ဆိတ်ငြိမ်သက်လို့ ငှက်သံတောင် မကြားရတဲ့ အိပ်မက်ကမ္ဘာလို ပတ်၀န်းကျင်

နှင်းနဲ့အတူ မွှေးပျံ့လာမယ့်ချော့ကလက်ရည်နံ့

မီးခိုးနံ့ ....သစ်စိမ်းနံ့.....

နှင်းပြင်ထဲက တောခွေး ရေဘဲနဲ့ အမည်မသိအကောင်လေးတွေရဲ့ ခြေရာလေးတွေ 

ခေါင်းလောင်းသံလေးတွေ... ကလေးလေးတွေရဲ့ ရယ်မောသံလေးတွေ....

နှင်းနဲ့ပတ်သက်တာမှန်သမျှ

ကိုယ်မျှော်နေမိတော့တာ............

 

Pin by Anita Jantz on Art 3 | Landscape paintings, Landscape art, Winter  landscape

Saturday, March 6, 2021

အကြောင်းရယ်ဖန်လာတော့လဲ.....

 ရေစက်တွေ ကုန်သွားတော့လဲ

အမုန်းတွေ မရှိပါဘဲနဲ့
အယူအဆမတူညီမှုတွေကြား
ထားခဲ့ဖူးတဲ့သံယောဇဥ်တွေက
မီးခိုးငွေ့တွေလို
တဖြည်းဖြည်းပျက်ပြယ်လို့
တိုးတိုးလေး
တို့တွေ
‌‌ဝေးကြရပြီပေါ့ကွယ်...

Tuesday, February 16, 2021

တစ်ရက်မှ..........

 စိတ်ဆင်းရဲမှုတွေ

ရင်မှာထွေးပွေ့လို့

အိပ်မက်ဆိုးကြီးမက်နေသလိုခံစားနေရရင်း

ဒါသေချာနေပြီလားလို့ 

မယုံနိုင်‌သေးတဲ့ ဒွိဟတွေ

မျက်ရည်တွေနဲ့သာ

အဝေးက ငေးကြည့်နေခဲ့ရ....


ကံကြမ္မာရယ်က

တစ်ပတ်ပြန်လည်လာတတ်လေသလား

တစ်ရက်မှ မပျော်နိုင်အားခဲ့ပါကွယ်...


အားလုံး...
အဆင်ပြေကြပါစေ...



Monday, January 18, 2021

"နွေရင်ခွင်ထက်က အိပ်မက်ဖမ်းသူများ" - လုံးချင်း၀တ္ထု စ-ဆုံး

 

ပတ်ဝန်းကျင်တွင် အလင်းရောင်က မှိန်ဖျော့ဖျော့လေးသာ ကျန်သည်။ ချုံပင်များကလည်း စိမ်းဖန့်ဖန့်အလင်းရောင်များ တောက်လာသည်မှာ သူမမျက်လုံးကိုတောင် မယုံနိုင်အောင် ဖြစ်နေရသည်။ Avatar ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက အတိုင်းပင်။

ကလေးတစ်ယောက်သာဆိုလျှင် အပြာရောင်အလင်းတောက်လက်နေသည့် ဤချုံပင်များကြား ပြေးလွှားဆော့ကစားမိမည် အမှန်။
သူမ အနီးအနား အနည်းငယ်ပတ်ကြည့်ပြီး မဟာဝေရှိရာနေရာနားသို့ လျှောက်လာခဲ့သည်။ သူမခူးလာသော မီးစုန်းရောင်တောက်နေသည့် သစ်ကိုင်းလေးကို နောက်မှာ မသိမသာဝှက်၍လာခြင်းပင်။
"ချုံတွေက ဒီလွင်ပြင် အပြည့်ပဲလားဟင်၊ တခြား ဘယ်နေရာတွေရောပေါက်သေးလဲ"
"ဒီလွင်ပြင်မှာပဲ ကျန်တော့တယ်။ မျိုးပြုန်းတော့မှာမို့ ကျွန်တော်တို့ ဘယ်သူ့ကိုမှတောင် သိပ်ပြီး အသိမပေးတော့ဘူး"
 
🍂
 
"နွေရင်ခွင်ထက်က အိပ်မက်ဖမ်းသူများ"... ဆိုတဲ့ စာအုပ်လေးကို ...
စာပေဗိမာန် အင်းဝ (ပန်းဆိုးတန်း) စာပေလောက ၂ ရာပြည့် (ပန်းဆိုးတန်း) ရာပြည့် (၃၆ လမ်း) ပါရမီ (၂၉ လမ်း) စောဦး၊ ကိုလတ် (၃၁ လမ်း) ငါတို့စာပေ (Book Plaza) အင်းဝ (လှည်းတန်း) ရာပြည့် (ရာပြည့်) အင်းဝ Book & Cafe (မြန်မာ ပလာဇာ) အင်းဝ Book & Cafe (Time City) အပါးတော်မြဲ (ရေကျော်) TAB Book Centre City Mart ဆိုင်ခွဲများ ရွှေမောင်း(ဟင်္သာတ)
စတဲ့ ဆိုင်တွေမှာ ရနိုင်ပါပြီရှင်။
 
အိမ်အရောက်မှာယူချင်တယ်ဆိုရင်တော့ မလေးကို တစ်ခါတည်း မှာနိုင်သလို၊ အောက်က Link လေးကနေ တစ်ဆင့်လည်း မှာယူနိုင်ပါတယ်ရှင်။
စင်္ကာပူက မှာချင်တဲ့ မိတ်ဆွေတွေအနေနဲ့ အောက်က Link ကတစ်ဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်လို့ရယ်။
ကျေးဇူးတင်ပါတယ်ရှင်...