Sunday, July 14, 2013

မိတောနှင့် ဂိမ်းများ

ညနေခင်း နေရောင်ခြည်က ဖွဖွညင်သာ ဖြာကျနေသည်။ အိပ်တန်းပျံဌက်တို့က မြစ်ပြင်တလျှောက် လေဟုန်စီးနေကြသည်။ ရုံးမှအိမ်အပြန်လမ်းတိုင်းမှာ ခံစားရသော မိတော၏ ခံစားချက်တို့သည် တစ်နေ့နှင့် တစ်နေ့ မတူ။ အချို့ရက်များတွင် လန်းဆန်းတက်ကြွနေတတ် သလောက်၊ အချို့ရက်များတွင်မတော့ ရုံးမှာ အဆင်မပြေမှုလေးတွေ ကြုံလာရသဖြင့် မိတော မျက်နှာကြီးက သုန်မှုန်နေတတ်သည်။





မိတောအတွက် အဆင်ပြေသော အိမ်အပြန်ရက်များတွင် မတော့ သီချင်းကလေးပင် ညည်းနေတတ်သေးသည်။ နေပူလွန်းပြီး ကားတွေ အလွန်ကြပ်သော နေ့နှင့် တိုက်ဆိုက်နေတတ်ပါက၊ မိတောမှာ ကားမောင်းရင်း အိပ်မငိုက်အောင် မနည်းထိန်းနေရသည်။
ကားမောင်းရင်း အိပ်ငိုက်သည့် ဒုက္ခကို ငိုက်ဖူးသူများ ကောင်းကောင်း သိကြပါလိမ့်မည်။
လေအေးစက်ဖွင့်ပြီး မျက်နှာကို လေအေးဖြင့် သစ်လည်း မရ၊ ပြူတင်းပေါက်ဖွင့်ပြီး မျက်နှာကြီးကို အပြင်ထုတ်လျှက် လေရှုလည်း မရ၊ သီချင်းအကျယ်ကြီး ဖွင့်လည်း မရ၊ ကိုယ့်ကိုကိုယ် နာနာဆိတ်လည်း မရ၊ ထုလည်း မရ၊ တစ်နေရာမှာ ကားကို ထိုးရပ်ပြီး အိပ်ပစ်လိုက်ချင်သည့် ဒုက္ခက အလွန်ကြီးမားလှသည်။
ဒီကနေ့ကတော့ ရာသီဥတုက မပူလွန်း၊ မအေးလွန်း။ သောင်္ကြာနေ့ ညနေခင်းလည်းဖြစ်၍ လူတွေ ရုံးမှ အိမ်စောစောပြန်ကုန်ပြီဖြစ်သဖြင့် ကားလမ်းတွေကလည်း ချောင်ချောင်ချဲ့ချဲ့။ ကားပြူတင်းပေါက်ကို ဖွင့်ကာ သဘာဝလေအေးကို ရှုရှိုက်ရင်း၊ ဆံပင်တွေလေမှာ လွင့်မျောနေသည်ကို ခံစားရင်း၊ အိမ်ရောက်သည်နှင့် ဂျူနီယာတောနှင့် ဂျူနီယာသာအေးကို ခေါ်ကာ ပန်းခြံတစ်ခုခု သို့မဟုတ် သောင်ပြင်ဘက် လမ်းလျှောက်ထွက်မည်ဟု စိတ်ကူးနေမိသည်။
ယခုနောက်ပိုင်း နည်းပညာတွေက တိုးတက်လာသည့်ကာလမို့၊ ကလေးများသည် ကိုယ်လက်လှုပ်ရှား အားကစား နည်းပါးလာသည်ဟု မိတော ထင်မိသည်။ ဒီဘက်ပိုင်းမှ ကလေးများ မပြောနှင့်၊ မြန်မာပြည်ပြန်စဉ်က သူငယ်ချင်းများ၏ ကလေးများသည်လည်း မိဘများ၏ ဆဲလ်ဖုန်းများကို လက်က မချ။ ထိုသို့သော အိုင်ဖုန်းများ၊ အိုင်ပက်များ၊ အန်းထရွိုက်များနှင့် အတူပါလာသော ဂိမ်းများကို အချိန်ပြည့်ကစားနေသဖြင့်၊ မိတောတို့ ငယ်စဉ်ကလို သစ်ပင်တက်ခြင်း၊ ထုတ်ဆီးတိုးခြင်း၊ သားရေပင်ခုန်ခြင်း၊ ကြိုးခုန်ခြင်း၊ စက်ဘီးစီးခြင်း၊ ကြက်တောင်ရိုက်ခြင်းများကို မလုပ်ကြတော့ပြီ။ ဒါ့အပြင်… ယောင်္ကျားလေးများအတွက် ဂွေလှိမ့်ခြင်း၊ ဂေါ်လီရိုက်ခြင်း၊ အရုပ်ပစ်ခြင်း၊ ပင်ပေါင်ကစားခြင်းမှ အစ.. နဘမ်းလုံးခြင်း၊ ခြင်းလုံးခတ်ခြင်း စသည့် ကိုယ်လက်လှုပ်ရှား အားကစားတို့သည်လည်း နောက်ဆို တိမ်ကောကုန်လေမည်လား မသိ။

ဂျူနီယာတောနှင့် ဂျူနီယာသာအေးတို့သည်လည်း မိတော အိမ်ပြန်လာသည်ကို တီတီတာတာ အသံစာစာကလေးများဖြင့် ဆီးကြိုလိမ့်မည်ဟု မထင်လိုက်ပါနှင့်။ ကွန်ပြူတာတစ်ယောက်တစ်လုံးစီဖြင့် ချောင်မှာ ကုပ်နေကြမည်ဖြစ်သည်။
ဂျူနီယာသာအေးသည် ဝလုံးကလေးတောင် ဝိုင်းအောင် မရေးနိုင်သေးသော်လည်း၊ သူ၏လက်မ သေးသေးကလေးများသည် Angry Bird များဖြင့် ဝက်များကို အတုံးအရှုံးကျဆုံးကုန်အောင် စွမ်းဆောင်နိုင်သော လက်မကလေးများပင် ဖြစ်လေသည်။
ထို့ကြောင့်… ကွန်ပြူတာများကို ပလပ်ဖြုတ်သိမ်းထားခြင်း၊ ကုတင်အောင်၊ ဗီဒိုအပေါ်ဆုံးထပ် မှ အစ ရေချိုးခန်းအံဆွဲအဆုံး မှာ ကွန်ပြူတာများကို ဝှက်ထားခဲ့ရလေသည်။ ဒါတောင်မှ မရ-ရ အောင် ရှာတွေ့နိုင်ကြသေးသည်။ ဒီကနေ့ကတော့ သေသေချာချာဖွက်ခဲ့သဖြင့် သူတို့ရှာတွေ့မည် မထင်။ ကွန်ပြူတာနှင့် ဂိမ်းမကစားရသော နေ့များတွင် မိတော၏ အိမ်အပြန်ညနေခင်းတို့သည် သာယာဆူညံစွာ ရှိတတ်သည်။
ယခုလည်း အိမ်အပြန်အိမ်ရှေ့တံခါး သော့လှည့်လိုက်သံကြားသည်နှင့် ဂျူနီယာတောနှင့် ဂျူနီယာသာအေးတို့ အိမ်ထဲမှာ တရှိန်ထိုး ပြေးထွက်လာတော့သည်။ မသိလျှင်တော့ မိတောအတွက်က သားသမီးများ စုစုရုံးရုံး ပြေးလာကြိုသည်မှာ ကြည်နူးရွှင်မြူးစရာ။
“မေမေ…. မေမေ….”
မိတောလည်း ပိုက်ဆံအိတ်ကို ကြမ်းပေါ်ပစ်ချလိုက်ကာ ရုပ်ရှင်မင်းသမီးဒီဇိုင်းဖြင့် စတိုင်ကျကျ ထိုင်လိုက်ကာ သူတို့ကို ဆီးကြိုဖက်ပြီး နမ်းရှုံ့ရန် ဟန်ပြင်လိုက်သည်။ ထို့နောက် မျက်စိလေးစင်းကာ၊ သူတို့များ ကိုယ့်ပါးကို နမ်းလေမလားဟူသော အတွေးဖြင့် ပါးလေးထိုးပေးမိသေးသည်။
သို့သော်…..သူတို့က မိတောကို ဖက်ရန်၊ နမ်းရန် နေနေသာသာ…
“ကွန်ပြူတာဖွက်ထားတာ ခဏပေးပါ၊ sonic ကစားချင်တယ်”
“ဖုန်းခဏဌားပါ၊ Angry Bird ကစားချင်တယ်၊ Bejuelled ကစားချင်တယ်” ဟု တရစပ်တောင်းဆိုကြလေတော့သည်။
မပေးမချင်း နားတွေကွဲထွက်မတတ် တဂျီဂျီ တပူပူလုပ်ကြလေပြီ။ မိတောလည်း နားမခံနိုင်လွန်းသဖြင့် အရှုံးပေးကာ ထုတ်ပေးလိုက်ရတော့သည်။ ပန်းခြံသွားမည်၊ သောင်ပြင်သွားမည်ဟု ယဉ်ထားသော မိတောစိတ်ကူးလေးများကတော့ ကြက်ပျောက် ငှက်ပျောက်။
“ဒီ ဂိမ်းတွေနဲ့ ဝေးချင်တယ်နော်…. ဝေးချင်တယ် သိလား” ဟု ခပ်ကျယ်ကျယ်အော်ပြီး ဖုန်းကို ဂျူနီယာသာအေးလက်ထဲသို့ထည့်ကာ….
“ကွန်ပြူတာက ကုတင်အောက်မှာ ဖွက်ထားတယ်၊ ယူတော်မူပါတော့ မမ” ဟု နှုတ်ခမ်းတစ်တောင်ခန့်စူနေသော ဂျူနီယာတောကိုလည်း အမြန်လှမ်းပြောလိုက်ရသေးသည်။
✿⊱╮✿⊱╮✿⊱╮✿⊱╮
မိတောမှာ ကိုရင်သာအေး၏ ဖုန်းပါစ်ဝါဒ်ကို မသိသလို၊ ကိုရင်သာအေးကလည်း မိတော ပါစ်ဝါဒ်ကို မသိ။ ထို့အပြင် တစ်ယောက်ကွန်ပြူတာ၏ပါစ်ဝါဒ်များလည်း တစ်ယောက် မသိ။ အီးမေးလ် အကောင့်ပါစ်၊ Facebook ပါစ်၊ ဂျီတော့ခ်ပါစ်၊ တန်ဂိုပါစ်၊ ဗိုက်ဗာပါစ်၊ တွစ်တာပါစ်၊ ဘဏ်အကောင့်ပါစ်၊ ပါစင်နယ်ဝက်ဆိုက်ပါစ်၊ မိသားစုဝက်ဆိုက်ပါစ်၊ စသဖြင့် အကောင့်များနှင့် ပါစ်ဝါဒ်များစွာကို ပိုင်ဆိုင်ကြကုန်လေသော ဤခေတ်၊ ဤအခါ ဤကမ္ဘာ ဤလူသားများကြားတွင် လူလာဖြစ်ရသော မိတောမှာ၊ ကိုရင်သာအေး၏ ပါစ်ဝါဒ်များကို မှတ်မိရန်နေနေသာသာ၊ ကိုယ့်ပါစ်ဝါဒ်ပင် ကိုယ်အနိုင်နိုင် မှတ်ထားရသော ဘဝ။
ဒီကြားထဲမှာ မိတော၏မိခင်ကြီးကို မိတော၏ညီမလုပ်သူက Windows 8 OS ဖြင့် ရမ်းလေသော ကွန်ပြူတာတစ်လုံးကို လောလောလတ်လတ် ဝယ်ပေးထားသေးသည်။ မိတောတို့၏ မိခင်ကြီးမှာ အသက် ၇၀ နား ကပ်နေပြီဖြစ်လေသည်။ ကွန်ပြူတာဂိမ်းဆိုလျှင် Tetris မှလွဲ၍ ဘာကိုမှ မကစားတတ်ခဲ့။ မောက်စ်ကိုလည်း မကိုင်တတ်ခဲ့။ မောက်စ်ဖြင့် ကာဆာမြားလေးကို သူ့ခမျာ ရွှေ့တတ်အောင် ခက်ခက်ခဲခဲ သင်ခဲ့ရသူ။ ကာဆာမြားကို ရွှေ့ရန်ကြိုးစားတိုင်း ကွန်ပြူတာခုံကြီးသာ ရွေ့သွားမည်၊ သူမ၏ ကာဆာမြားကလေးကတော့ မရွေ့။ အဲသလို မိခင်ကြီးကိုမှ Windows 8 OS ကို ဝယ်ပေးထားသော ညီမတော်ကို မိတော နားမလည်။ ထို့ကြောင့်….
“မိတောရေ… မေမေ့ ဂျီမေးလ် ပါစ်ဝါဒ် မှတ်မိလား”
“မိတောရေ… မေမေ့ Netflix ပါစ် မေမေ မေ့နေတယ်ကွယ်…”
စသည့် ပြဿနာတွေကိုလည်း ဖြေရှင်းပေးရသေးသည်။
ထိုသို့သော ပါစ်ဝါဒ်ပေါင်းများစွာကို မမှတ်မိနိုင်တော့သော မိတောမှာ အရေးအကြောင်းဖြစ်လာလျှင် ဂျူနီယာတောနှင့် ဂျူနီယာသာအေးတို့ကိုသာ အားကိုးရတော့သည်။
သူတို့သည် ကိုရင်သာအေးနှင့် မိတောတို့၏ ဖုန်းပါစ်ဝါဒ် ပုံစံဖော်ထားသည်များကိုလည်း မရ-ရအောင် ဖွင့်တတ်သေးသည် မဟုတ်ပါလား။
နည်းပညာခေတ်၏ မြန်ဆန်တိုးတက်မှုကို မလိုက်နိုင်တော့သော မိတောမှာ၊ “ဝလုံး”တောင် မရေးတတ်သေးသော်လည်း ဖုန်းပါစ်ကို ဘရိတ်လုပ်နိုင်သော ဂျူနီယာသာအေးလက်သို့ အပ်လိုက်ရပေပြီ။
“မေ့ ဒီပါစ် မှတ်မိကြသေးလား၊ ဒါလေး ဖွင့်ပေးကြပါဦး၊ ဟိုဟာလေး လှည့်ပေးပါဦး” ဟု ပြန်လည်တောင်းပန်နေနေရသော ဘဝကို မြင်ယောင်ကြည့်နိုင်ကြပါသည်။
တစ်ညနေတော့ ဂျူနီယာသာအေးကို မိတော တော်တော်လေး မကျေမနပ်ဖြစ်နေပေပြီ။ ဂျူနီယာသာအေးသည် မိခင်လုပ်သူကို ရှိသည်ဟုတောင် မထင်တော့ဘဲ၊ မိတော၏ ဖုန်းကို လက်မသေးသေးလေးများဖြင့် နှိပ်ကာနှိပ်ကာ ကစားနေလေသည်။ အရွယ်နှင့်မလိုက်အောင်လည်း မျက်မှောင်ကို ရှုံ့ထားသေးသည်။ ထိုညနေက မိတော၏ ညီမလေးဖြစ်သူနှင့်မောင်ဖြစ်သူကလည်း အလည်ရောက်နေကြသည်။ အိမ်နောက်ဘက် ဘာဘီကျူးမီးဖိုနားတွင် အားလုံး ဝိုင်းထိုင်ရင်း ကြက်သားပေါင်အချို့နှင့် ပြောင်းဖူးရိုးများကို ကင်နေကြသည်။
“ဂက်စ် မီးဖိုတွေနားမှာ ဆဲလ်ဖုန်းတွေ မသုံးနဲ့နော်၊ အန္တရာယ်ရှိတယ်”
“ဟုတ်လို့လားကွာ”
“ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ မလိုအပ်ရင် ဂက်စ်တွေနားမှာ ဆဲလ်ဖုန်းတွေ မသုံးတာကောင်းမယ်ထင်တယ်”
ကိုရင်သာအေးကို မိတော လှမ်းပြောလိုက်သည်။ ထို့နောက် ဂျူနီယာသာအေးဘက်သို့ လှည့်လိုက်သည်။
“သား.. ည ရှစ်နာရီထိုးပြီ၊ အိပ်ချိန်ရောက်ပြီ၊ ဖုန်းချပြီး အပေါ်တက်သွားတိုက်တော့”
ဂက်စ်ဘာဘီကျူးနားမှာ ဂိမ်းကို တတွီတွီ တတွမ်တွမ် ကစားနေသော ဂျူနီယာသာအေးကို ဂရုဏာဒေါသောဖြင့်
မိတော လေသံအနည်းငယ် မာသွားသည်။ ဂျူနီယာသာအေးက ထူးထူးဆန်းဆန်း မိတော စကားကိုနားထောင်ကာ ဖုန်းကို ချခဲ့ပြီး အိမ်ပေါ်သို့ လုံးလုံး လုံးလုံးဖြင့် အိမ်ပေါ်သို့ တက်သွားလေတော့သည်။ မိတောလည်း မိမိဖုန်းပြန်ရပြီဖြစ်သဖြင့် ကောက်ကိုင်ကြည့်လိုက်သည်။ ဖုန်းတစ်ခုလုံးသည်လည်း အချိုတွေစားပြီး ကိုင်ထားသဖြင့် စေးထန်းထန်းဖြစ်ကာ ပေပွနေလေပြီ။ မိတောလည်း အနီးမှတစ်ရှုးလေးကို စပရေးဖျန်းကာ ဖုန်းမျက်နှာပြင်ကို ယုယုယယလေး သုတ်အပြီး ဖဘထဲသို့ ဝင်ကြည့်လိုက်သည်။
“ဟော်တော့… ပြဿနာပဲ…….”
“ဘာဖြစ်တာလဲ…”
မိတော ထအော်လိုက်သဖြင့် ကိုရင်သာအေးက မျက်လုံးလှန်ကြည့်ကာ မေးသည်။
“Facebook ထဲဝင်ပြီး နာမယ်ကြီးတွေကို ဖရန်းအဖြစ် အကုန်လိုက်အက်လိုက်ပြီ”
“ဘယ်သူလိုက်အက်ဒ်ထားတာလဲ”
“ဘယ်သူ ရှိရမလဲ၊ ရှင့် ဂျူနီယာသာအေးပေါ့”
“ဖြုတ်လိုက်လေ မမ”
ညီမလေးက ဝင်ပြောသည်။
“အဲလောက် မလွယ်ဘူး၊ ကိုယ်ကလူကြီး၊ ခုလာအက်ဒ်၊ ခုပြန်ဖြုတ် လို့ ထင်ကုန်မှာပေါ့”
“ဒါဆိုလည်း ဒီတိုင်းထားလိုက်”
“အဲသလိုလည်း မဟုတ်သေးဘူး”
မိတောမှာ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေသည်။ အချို့က မိမိဘာသာနေလိုသည့် သဘောရှိသည်။ သူတို့၏ဆန္ဒကို လေးစားသည့်အနေနှင့် မိတော တော်ရုံလူကို သူငယ်ချင်းစာရင်းထဲ ထည့်လေ့မရှိ။
မိတောလည်း ဂျူနီယာသာအေးလက်ချက်ကြောင့် မိမိ Facebook ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေသည်ကို ဘာလုပ်ရမှန်းမသိသဖြင့် ကလေးတွေကို အခြေအနေကြည့်ရန် အိမ်ပေါ်သို့ တက်သွားလေသည်။ ကလေးတွေကို သွားတိုက်ပေး၊ မျက်နှာသစ်ပေး၊ ညဝတ်အကျီလဲပေး၊ အိပ်ယာထဲထည့် စောင်ခြုံပေးအပြီး အိမ်အောက်သို့ ပြန်ဆင်းလာခဲ့သည်။ အိမ်နောက်ဘက်သို့ မထွက်ခင် ရေသောက်ရန် ငှဲ့နေစဉ် အိမ်နောက်ဘက်ဝရံတာ ဘာဘီကျူးမီးဖိုနားမှ ကိုရင်သာအေး၊ ညီမလေးနှင့် မောင်လေးတို့၏ စကားသံ သဲ့သဲ့ကို ကြားနေရသည်။
ထို့နောက် မောင်လေးလုပ်သူ၏ အသံကျယ်ကြီးကို ရုတ်တရက် ကြားလိုက်ရလေသည်။
“ငယ်… ငယ်လေး …. မီးကို ဘယ်လိုရှောင်ရမလဲ”
“ဟင်… ဘာကို”
“ကိုယ်… မီးကို ဘယ်လိုရှောင်ရမလဲ မြန်မြန်ပြောပါ”
“ညာဘက်ကို ဝိုက်ချပြီး ခေါင်းငုံ့ရှောင်လိုက်လေ”
“ဟင်… ငါထင်တယ်… ငါထင်တယ်”
မိတော ခေါင်းနဘမ်းကြီးသွားသည်။ သောက်လက်စရေတောင် သီးမလိုဖြစ်သွားသည်။ ထင်သည့်အတိုင်း ဂက်စ်မီးဖိုနားမှာ ဆဲလ်ဖုန်းတွေ တကားကားဖြစ်နေသဖြင့်၊ တစ်ခုခုဖြစ်နေပြီဆိုတာ သိလိုက်ရသည်။ မီးတွေထတောက်ကုန်တာဖြစ်မည်။ မိတောလည်း ရေခွက်ကို ပစ်ချကာ အိမ်နောက်ဘက်ကို ပြေးသွားလိုက်သည်။ ဆွဲတံခါးကို အားဖြင့် ဆွဲဖွင့်လျှက်.. ကိုယ်တစ်ပိုင်းထုတ်ကာ…
“ဘာဖြစ်တာလဲ…. ဘယ်က မီးလဲ”
အေးအေးဆေးဆေးထိုင်နေသူ သုံးယောက်က မိတောကို အေးအေးလူလူ လှမ်းကြည့်သည်။
“ဟင်… ဘာလဲ မမ”
“ဘယ်ကမီးကို ဘယ်လိုရှောင်တာကို ပြောတာလဲ၊ လန့်လိုက်တာ”
“လန့်လိုက်တာကွာ”
မိတောလန့်မှ ကိုရင်သာအေးက ထုံးစံအတိုင်းလန့်သေး၏။
“မီးဆို… ခေါင်းငုံ့ရှောင်ဆို”
“ဟာ.. မမ ကလဲ၊ ဂိမ်းကစားနေတာပါ”
“ဟင်”
“ဟုတ်တယ်.. Temple Run ဂိမ်းက မီးကို ခေါင်းငုံ့ရှောင်ခိုင်းတာ”
မိတောလည်း အနည်းငယ်ရှက်သွားမိသည်ကို မသိဟန်ဆောင်ကာ၊ သူတို့အနားမှာ ဝင်ထိုင်လိုက်သည်။ သူတို့သုံးဦးကတော့ စကားတပြောပြောဖြင့်၊ လက်များကလည်း ဖုန်းများကို မချ။
မိတောကတော့ နေဝင်ရီတရော ကောင်းကင်ငှက်တို့ကို ငေးရင်း မိမိအဖြစ်ကိုတွေးရင်း တစ်ယောက်တည်းသာ ကြိတ်ပြုံးမိလေတော့သတည်း။

No comments:

Post a Comment