မိတော ဒီနေ့ shopping
ထွက်သည်။
နေ့စဉ်လိုလို မပြီးနိုင်မစီးနိုင် ထွက်နေရသည်ကို မကျေနပ်။
ကနေ့ပြီးရင်တော့
ပြီးလောက်ပြီဟု မျှော်လင့်ထား။ နှင်းမှုန်လေးများက တဖွဲဖွဲကျနေသော်လည်း
သိပ်မအေးလှသဖြင့် ကားပြတင်းကိုအဖွင့် တိုးဝင်လာသော အက်ရှရှလေကို
တဝကြီးရှုပစ်လိုက်ရင်း ရေဒီယိုသီချင်းကို volume အနည်းငယ်မြှင့်လိုက်မိ။
I'll have a Blue Christmas without you
I'll be so blue just thinking about you
Decorations of red on a green Christmas tree
Won't be the same dear, if you're not here with me…..
အဲဗစ်ပရက်စလီ၏ အပြာရောင်ခရစ်စမတ်သီချင်းက ထွက်ပေါ်လာ။
မင်းမရှိတဲ့ ခရစ်စမတ်ရက်တွေဟာတော့ အပြာရောင်ရက်တွေ (စိတ်ဓာတ်ကျစရာရက်တွေ) ပဲဖြစ်တော့မယ်
အနီနဲ့အစိမ်းရောင်အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်တွေဟာလည်း မင်းမရှိလို့ အရင်နှစ်တွေကနဲ့ ဘယ်လိုမှ မတူနိုင်ဘူး… ဆိုသည့် ဆွေးဆွေးမြေ့မြေ့သီချင်းသံ။
အရင်လိုရက်တွေဆိုရင်ဖြင့် မိတောပါ လိုက်ဆွေးလိုက်မည်ဖြစ်သော်လည်း အလွန်မုန်းသော shopping ကို သွားနေရသဖြင့် စိတ်ကတိုနေမိ။
‘ဒီရေဒီယိုစတေရှင်တွေလုပ်တာ ပရက်စလေခမျာလည်း တစ်နှစ်တစ်ခါပဲ သီချင်းဆိုရရှာတယ်’
‘ဆိုလိုက်ရင်လည်း ဒီအပြာရောင်ခရစ်စမတ်သီချင်းကနေကို မတက်ဘူး….. ဟွန်း..’
စိတ်ထဲကပြောမိသည်မှာ နှုတ်ကပါအသံထွက်သွား…။
သီချင်းနားထောင်ရင်း mall သို့ရောက်လာ။ ကားပါကင်ရှာရအလွန်ခက်။ ကားပါကင်လေးတစ်ခုတည့်တည့်နေရာတွေ့ရာဝယ် T ပုံသဏာန်ဖြစ်၍ ဘယ်နှင့်ညာမှ ကားနှစ်စင်းကပါ ချိုးကွေ့ဝင်ပြီး ပါကင်ကိုလုရန်ကြံသည်ကို အံ့သြစွာတွေရ။ ဘယ်ဘက်ကကားက အတင်းဝင်စဉ် ညာဘက်ကားက ငါအရင်ရောက်တာဆိုသည့်ပုံနှင့် တတီတီဟွန်းတီးပြီး လုကြလေသည်ကို တွေ့ရ၏။ ဤမြို့တွင် ထိုသို့လုကြသည်ကို တွေ့ရခဲသဖြင့် မျက်လုံးပြူးပြီး ကြည့်လိုက်မိ။ သို့သော်ကြာကြာမနေရဲ။ စိတ်တိုတတ်သူတွေဆိုလျှင် ရန်ဆင်းဖြစ်ပါက ကိုယ့်ကိုပါ မျက်မြင်သက်သေခေါ်နေမည်စိုးရသဖြင့် ထိုနေရာမှ ရှောင်ထွက်ခဲ့။ တိုက်ဆိုင်စွာ အဝင်ပေါက်ဝနားမှ ကားတစ်စင်းကထွက်သွားသဖြင့် နေရာရ။ ကားပေါ်ကဆင်းပြီး ကုန်တိုက်ပေါက်ဝထဲဝင်သည်အထိ ယခုနက လုနေသည့်သူနှစ်ဦးမှာ ကားကြီးတွေ ကန့်လန့်ကြီးတွေဖြစ်နေကြဆဲ၊ ဟွန်းများတီးနေကြဆဲ။
ကုတ်အကျီင်္ပေါ်မှ နှင်းစလေးများကိုခါရင်း…… ပြိုင်လာလျှင်အရှုံးပေး နှလုံးအေးတဲ့ဆေး… ဟု နေရာမလုဘဲ ရှောင်ထွက်လာသည့်အတွက် အခြားပိုကောင်းသည့်နေရာ ရတတ်ကြောင်းကို အတွေးရောက်မိသွား။
ကုန်တိုက်ထဲရောက်ပြီး ၁၅မိနစ်ခန့်အကြာ ထုံးစံအတိုင်း ပူအိုက်မူးနောက်လာမိ။ ဆံပင်တု၊ မျက်တောင်တုများတပ်ဆင်ပြီး အလှတွေအရမ်းပြင်ထားသော ခပ်ချောချောကောင်မလေးနောက်မှ လိုက်နေရင်း သူမ၏လမ်းလျှောက်ပုံသည့် တောင့်တောင့်ကြီးဖြစ်နေသဖြင့် တင်အတုပါ တပ်ထားလေရော့သလားဟု မိန်းကလေးချင်း ကြည့်မိ။ ထိုကဲ့သို့ အမျိုးသမီးတော်တော်များများက အရမ်းကာရော လှပနေချိန်တွင် မိန်းကလေး သုံးလေးယောက်သည် ညဝတ်ဘောင်းဘီပွပွများကို သက်တောင့်သက်သာ ဝတ်စားပြီး စျေးဝယ်ထွက်နေကြသည်ကို မြင်လိုက်ရ။
‘ဟယ်….. ငါသူတို့လို အိုင်ဒီယာဘာလို့ မရတာပါလိမ့်၊ ညဝတ် ဘောင်းဘီပွပွဝတ်ပြီး စျေးဝယ်လို့ မရဘူးလို့ ဘယ်သူက စည်းမျဉ်းထုတ်ထားသလဲ.. သူတို့ကိုကြည့်ရတာ လွတ်လပ်ပေါ့ပါးလိုက်တာ၊ ဒီလိုဝတ်စားထားတော့ ကြိုက်သလောက်စျေးဝယ် … လေးငါးနာရီ ပတ်နေလည်း အေးဆေးပဲနေမယ်…’
ဘယ်သူဘာထင်ထင် ကိုယ်အဆင်ပြေသလိုဝတ်တတ်ကြတဲ့ အကွေးရီးယစ်အုပ်စုပဲဖြစ်မည်ဟု စိတ်ကဖျတ်ကနဲဖြစ်သွား။
ဟိုတွေးဒီတွေးနှင့် ပစ္စည်းများဝယ်အပြီး ပိုက်ဆံပေးရန် တန်းစီရသည်ကို လူတန်းကြီးက မနည်း။ ငွေရှင်းပြီး နောက်တစ်ဆိုင်သို့အလာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်နားသို့ရောက်လာ။ ဆံပင်တွေ အလှမပြင်ရတာတောင်ကြာပြီဟုတွေးမိ။ တကယ်ဆို မိတော လှလည်း မလှချင်တော့။ သားသမီးတွေကြီးလာသဖြင့် စရိတ်စကကြီးလာသည်မှာ လှလည်း မလှနိုင်တော့။ ယခင်ကဆိုလျှင် အရောင်ချွတ်၊ အရောင်တင်၊ highlight လေးတွေလုပ်ရုံ သုံးရာနီးပါးခန့်ကို နှစ်လတစ်ခါ ဆံပင်ဖိုးချည်းပဲ သုံးခဲ့သည်များကို နောင်တရမိ။ အမှန်ဆို ဘယ်လောက်မှ ပိုလှမသွား။
သို့ပေမဲ့ ဒီခရစ်စမတ်တော့ လုပ်လိုက်မည်ဟု စိတ်ကူးနှင့် appointment ယူရန် ဆိုင်ထဲသို့ခြေလှမ်းလှမ်းမိ။
ဆိုင်ရှေ့ငွေသိမ်းကောင်တာတွင် ထိုင်နေသော ကောင်တာထိုင်မမကြီး၏ ဆံပင်ကို မြင်လိုက်ရာ မိတော ခြေလှမ်းတို့ တုံ့သွား။
သူမ၏ဆံပင်သည် ရွှေရောင်နှင့်ကြေးနီရောင်စပ်ထားပြီး အခြောက်ခံစက်နှင့် နောက်သို့လှန်ပြီး ပုံသွင်းထားလေသည်မှာ သေကိုသေချာသည်။ အဘယ်ကြောင့်ဆိုသော် ကောင်တာနောက်တွင် လည်ဆံမွှေးဖားဖားခြင်္သေ့ကြီးတစ်ကောင် ထိုင်နေသကဲ့သို့ဖြစ်နေရလေ၏။
မိတော အားမနာနိုင်တော့။ သူမလို ခြင်္သေ့ဆံပင်တော့ လုံးဝ အဖြစ်မခံနိုင်။ ခြေလှမ်းတို့ကို ချာကနဲလှည့်ပြီး မြန်မြန်ထွက်လာခဲ့မိ။ စိတ်ထဲက ကောင်တာထိုင် ကြေးဝါရောင်ခြင်္သေ့ဆံပင်နှင့်မမကြီးကို ကျေးဇူးတွေအရမ်းတင်နေမိ။ သူမကြောင့် အနည်းဆုံး ၁၅၀၊ ၂၀၀ ခန့် သက်သာသွားပြီ မဟုတ်ပါလား။
ဤသို့နှင့် ကားရပ်ထားခဲ့ရာ The Bay ကုန်တိုက်ထဲ မပြန်ခင် ဟိုငေးဒီငေ ငေးမိ။ မိတောအလွန်နှစ်သက်သော
သီချင်းသံ ငြိမ့်ငြိမ့်ငြောင်းလေးကလည်း ပေါ်ထွက်နေလေရာ စိတ်ရှုပ်မှု၊ ပူအိုက်မှုအနည်းငယ်သက်သာသွားသလိုရှိ။ ပန်းခင်းကြီးထဲ ပန်းကလေးများကို မထိတထိကိုင်ပြီး သီချင်းညည်းသော အိန္ဒိယရုပ်ရှင်၊ မြန်မာရုပ်ရှင်များထဲက မင်းသမီးများပုံစံဖမ်းရင်း ချိတ်ထားသော အဝတ်အစားလေးများကို ဟိုကိုင်ဒီကိုင်နှင့် သီချင်းခပ်တိုးတိုးလိုက်ဆိုရင်း အဝတ်တန်းအတိုင်းလျှောက်လာရာ ရှေ့တွင် အရုပ်မကြီးတစ်ခုနှင့် ဘွား……. ကနဲ ဝင်တိုက်မိသလို ဖြစ်သွားရ။
‘လန့်လိုက်တာ…. ခေါင်းမြီးပါခြုံထားတဲ့ ဘယ်ကအရုပ်မ မည်းမည်းကြီး လမ်းအလယ်ရောက်နေရတာလဲ…’ ဟု စိတ်ဖြစ်သွား။ အတွေးနှင့် လိုက်ဆိုနေမိသော……..
‘မနှစ်ခရစ်စမတ်တုန်းက မင်းကို ငါ့အသည်းနှလုံးပေးခဲ့ပေမဲ့.. မင်းကနောက်တစ်ရက်မှာကို အခြားတစ်ယောက်ကို ပေးပစ်ခဲ့တယ်ကွာ……’ ဆိုသည့်နေရာတွင် တန်းလန်းကြီးဆက်မဆိုနိုင်တော့။
ဘယ်ကအရုပ်ကြီးကို လမ်းပေါ်လာချထားသလဲဟု အဟုတ်ကို မော့ကြည့်မိရာ ချမ်းလွန်းသဖြင့်ခေါင်းမြီးပါခြုံထားပုံရပြီး၊ ကိုယ့်လိုပင် ရှောပင်ထွက်ရသည်ကို အလွန်စိတ်တိုနေပုံရသော အန်တီကြီးတစ်ဦးသည် လုံးဝလမ်းဖယ်မပေးဘဲ ကားကားကြီးနှင့်တောင့်တောင့်ကြီးရပ်ကာ….
‘ငါစိတ်ရှုပ်နေတယ်.. နင်ကတော့ mall ထဲလာပြီး ကြည်နူးနေနိုင်သေးလား…’ ဟု အဓိပ္ပာယ်ရသော မျက်လုံးစူးကြီးများနှင့် စိုက်ကြည့်နေလေသဖြင့် အဝတ်အစားလှလှလေးများကို မထိတထိကိုင်ရင်း သီချင်းလိုက်ဆိုနေမိခြင်းကို အမြန်ရပ်ကာ ကားဆီသို့ သုတ်ချေတင်ပြန်လာခဲ့ရလေတော့၏။
No comments:
Post a Comment