လေယာဉ် ဖက်စကလပ်၊ ဘိစနက်ကလပ် တို့ကို အရေးကြုံလွန်း မဖြစ်နိုင်လွန်းမှ ဝယ်စီးသူ
မိမိသည် ဥပမာအားဖြင့် $2500 သက်သာလည်း
မနည်းဘူး ယူဆ၏။
သူဌေးသူကြွယ်လည်း မဟုတ်။
ကိုယ့်ပညာနှင့်ကိုယ် သူများနိုင်ငံတွင်
သို့ဖြစ်၍
သင်ခဲ့သော အခြေခံပညာနှင့်
သင်ပေးလိုက်သော
ကိုယ့်ပြည်ကိုယ့်ရွာမှ
ဆရာ/ဆရာမ များအားလုံးကိုလည်း
အမြဲဂါရဝ ထားသည်။
ဤသည်ကား စကားချပ်။
လွန်ခဲ့သော ၁၀နှစ်ခန့်က
ရန်ကုန်မှ ကနေဒါသို့
အမြန်ပြန်လာရဖို့ အကြောင်းဖန်လာ၍
ရရာ လေယာဉ်လက်မှတ်နှင့်
ကနေဒါသို့ (ထရန်စစ်တိုင်းပြည်မှ တဆင့်) ပြန်လာရ၏။
အီိခေါနမီ လက်မှတ်သည် ပြန်ချင်သည့်နေ့တွင်
ကုန်နေလေ၏။ ရုံးသို့လည်း အမှီပြန်ရမည်။
အလုပ် အပြုတ်ခံ၍ မဖြစ်တော့။
အသက်၂၃ အရွယ်က မိဘများထံ
ပြန်ရာတွင် ၃ ပတ် ခွင့်ယူသော်လည်း
၄လကြာသွားသဖြင့်
အလုပ်က
position ကို မထိန်းသိမ်းထားနိုင်တော့ဟု
ဆိုရာတွင်.... ရပါသည်.. အေးဆေးဟုဆိုပြီး
အလုပ်ထွက်ခဲ့လိုက်သည်။
နောင်တ မရ...
ကောင်းဖို့ဖြစ်ခြင်း
ဖခင် နှင့် နောက်ဆုံးတွေ့ခြင်း။
ထိုစဉ်က
အသက်ကလည်း ၂၃နှစ်ခန့်သာ ရှိသေးသည်။
အလုပ် တစ်ခုပြန်ရရန်ဆိုသည်မှာ မခက်။
ဤနိုင်ငံမှ ယူနီဗာစီတီနှင့် ကောလိပ်များမှ
ဘွဲ့လက်မှတ်များက အိန္ဒြေရစေသည်။
လွန်ခဲ့သော ၁၀နှစ်ခန့်ကတော့
အသက်၂၃ မဟုတ်တော့ပြီ။
အလုပ်ပြုတ်၍ မဖြစ်။
ထို့ကြောင့် ဖုတ်ပူမီးတိုက်နှင့်
ရရာလက်မှတ်ဝယ်ကာ
ထရန်စစ်တိုင်းပြည်သို့
ဖက်စကလပ်နှင့် သွား၏။
လေယာဉ်ပေါ်အရောက်
ခုံနေရာတွင် ဝင်ထိုင်၊
ဘေးတဖက်ခြမ်းကို ကြည့်စဉ်
လူသိများပြီး လူအများစုချစ်ခံရသူအချို့
ဖက်စကလပ်တွင်
ရှိနှင့်၏။
သူတို့နှင့် အတူတူ တစ်စုတစ်အုပ်ထဲ ရှိနေသည်ကလည်း လူအများက ထိပ်တန်းခရိုနီများဟု ယူဆထားသူ နှစ်ယောက်။
ထိုသူတို့
စကားပြောနေကြသည်။
စကားလုံးကြီးများ ဖြစ်သည်။
မည်သည့်ပရိုဂျက်ကို မည်ပုံ
မည်သည့် ရေကန်ကြီးကို မည်ဝါ...
အချို့အရာများကို မည်လို ရှင်းလင်းခုတ်ထွင်...
မည်သူတွေကို ရွှေ့ပစ်ပြီး
မည်သို့ တင်ဒါ ...
စသည့် မိမိစိတ်မဝင်စားသော
ဘာသာတရားများ
စကားလုံးများ
topic များ.....
ဝန်ခံရလျှင် ခရိုနီများဘေးက
သူတစ်ဦးသည်
မိမိနှင့်ပင်
ဆွေနီးမျိုးစပ်တော်သည်ဟု ဆိုကြ၏။
သို့သော်...
တစ်ကိုယ်ထဲ တစ်ကောင်ကြွက်ဒီဇိုင်းဖမ်းချင်သူ တစ်ယောက်အနေနှင့်
ရှင့်အမေနှင့် ကိုယ့်အဖေက
မောင်နှစ်မ တစ်ဝမ်းကွဲတော်သည်
ဟူ၍ လည်းကောင်း
၂ဝမ်းကွဲတော်သည် ဟူ၍လည်းကောင်း
မည်ပုံမည်ဝါ
ဆွေတော်မျိုးတော် စပ်ရအောင်လည်း
အူကြောင်ကြား မဟုတ်။
သူက (မှတ်မိမည် မဟုတ်သော်လည်း)
မှတ်မိမှာကိုပင် စိုးရိမ်၏။
စိုးရိမ်သည့်အကြောင်းမှာ
Small talk များကို ပြောရမည်ကို
ကြောက်သောကြောင့်ပင်။
ထို့အပြင်....
သာမန်ညောင်ည စာပေသမားတစ်ဦးအနေနှင့်
တစ်ကိုယ်ထဲ လွင့်ချင်နေသူ၊ ရိုနေချင်သူသာ
ဖြစ်သဖြင့်...
ထိုသူတို့၏ အင်ပရက်စစ်
ဘရမ်းနိမ်းအသုံးဆောင်များကြားက
မိမိ ဝတ်ထားသည့်
hoodie အနက်နှင့်
ဂျင်းပန်တပတ်နွမ်းကို အားနာစွာဖြင့်
Hoodie
ခေါင်းစွပ်ကို မျက်ခုံး ဖုံးသည်အထိ
ဆွဲချလိုက်ပြီး
လက်နှစ်ဖက်ကို
Hoodie pocket ထဲထည့်
ခုံကိုခေါင်းမှီ နားကြပ်ကိုတပ်ကာ
မျက်စိစုံမှိတ် အိပ်လိုက်လာခဲ့သည်...။
ဤသို့ဖြင့်....
နှစ်အနည်းငယ် ကြာသည်တွင်...
အကြောင်းတစ်ခုဖြစ်လာခိုက်
မည်လိုရေကန်ကို မည်သို့လို့ဖို့ပြီး
တင်ဒါကိုဘယ်လိုလုပ်
လူတွေကိုရွှေ့ပြီး
သန်းချီ အိတ်ထဲထည့်မည့်သူများက
သူတို့၏ လက်များကို
လူမြင်အောင် ထောင်ပြလိုက်လေသည်...
လူအုပ်ကြီးကလည်း
သူရဲကောင်းများအဖြစ်
ချီးမွမ်းထောပနာ ပြုလေကြ၏။
မိမိကတော့ hoodie ၏ ခေါင်းစွပ်ကိုစွပ်ထားဆဲ
လက်များကိုလည်း pocket ထဲ
ထည့်ထားမိနေဆဲ။
ရေကန်ကြီးနားက ဟိုတယ်ကြီးများကို
ပိုင်သူ မဟုတ်၊
သစ်တောဝန်းများကိုလည်း
တိုင်းပြည်အပြင်သို့
ထုတ်နေသူလည်း မဟုတ်သည့်
သာမန်ညောင်ည မိမိသည်
ခေါင်းစွပ်ကို စွပ်ထားဆဲ...
အိတ်ထဲက လက်များကိုလည်း
ကျစ်ကျစ်ပါအောင်ဆုပ်ထားဆဲ...
မော်ရယ်ဟိုင်းဂရောင်း ဟန်ဆောင်နေသော
ဆန်တီမိုးနီးယစ်စ်
ချေးပုံများနှင့် ဝေးရာတွင်လည်း နေလိုဆဲ....
တစ်ခါတရံလည်း တွေး မိ သည်မှာ.....
မိမိသည်
ချစ်သူပြောသည့်အတိုင်း
အလွန်တရာမှ 'တုံး' 'အ' လေ သော
မိန်းမ တစ်ယောက်ပင်
ဖြစ်ပါလိမ့်မည်။
No comments:
Post a Comment