အစောကြီးထပြီး
officeခန်းထဲ တစ်ယောက်တည်း အလုပ်လုပ်နေ၊ ဗြုန်းဆိုမီးပျက်သွား။
အလုပ်တွေတန်းလန်းမို့ ရုံးမှာလုပ်ရန် လိုအပ်တဲ့ဖိုင်အချို့အမြန်ကောက်သိမ်း
အိတ်ထဲပစ်ထဲ့၊
မှန်တင်ခုံပေါ် ဓာတ်မီးဖွင့်ပြီး မျက်နှာလိမ်းရန်ပြင်။ ဓာတ်မီးကမျက်နှာပင့်ထိုးသဖြင့် မှန်ထဲကကိုယ့်မျက်နှာကိုယ်လန့်သွား။ မီးပိတ်ကာအမှောင်ထဲ စမ်းတဝါးဝါး ကရမ်လိမ်း၊ နှုတ်ခမ်းနီဆိုး၊
အကျီ်ဘောင်းဘီကောက်စွပ်၊ အိမ်အောက်ပြေးဆင်းရင်း အိမ်မှာစကားအော်မပြောရစည်းကမ်းသတ်မှတ်ထားသော်လည်း.. သမီးကိုလှမ်းအော်ပြော။
'သမီးရေ မေမေ့ကားထဲဝင်ထိုင်.. ကျောင်းမှာချထားပေးခဲ့မယ်.....'
'မောင်မောင်လေးကော.... '
သမီးကပြန်အော်မေး။
'ဝမ်းလျောနေလို့ သူဒီနေ့ကျောင်းမသွားဘူး..'
ပြန်လှမ်းပြောပြီး ကားဂိုဒေါင်တံခါးကိုဖွင့်၊
မီးမလာ၍ ဂိုဒေါင်တံခါးမပွင့်။
အိမ်ပေါ်ပြန်ပြေးတက်၊ အိပ်မောကျနေသောကိုရင့်ကိုနှိုး...
'ဂိုဒေါင်တံခါးမပွင့်ဘူး ဖွင့်ပေးပါ
မီးမလာလို့ ကွန်ပြူတာတွေရှပ်ဒေါင်းသွားပြီ၊ ရုံးကို မသွားလို့မရဘူး၊ အခုထွက်ရမယ်..'
'ကားဂိုဒေါင်ဘက်ကပ်ဘက်ထရီရှိတယ်လေ'
ကိုရင်အိပ်ချင်မူးတူးပြော။
'မရှိပါဘူး..ဘက်ထရီကုန်နေလားမသိ၊ မယ်နူရယ်နဲ့ဖွင့်ရမယ်'
'ဒါဆိုလည်း အပြင်မှာကိုယ့်ကားယူသွားကွာနော်.. ကိုယ်အိပ်ရေးတွေပျက်လွန်းလို့ပါ၊ အဲ.. ကိုယ့်ကားဓာတ်ဆီတော့မရှိဘူး'
စုပ်တစ်ချက်သပ်ပြီး အိမ်ပြင်ကိုထွက်လာ
'သမီးရေ.. ဖေဖေ့ကားထဲသွားထိုင်'
ကားအမြန်စက်နှိုး..ဝူးကနဲမောင်းထွက်..
'ဘယ်တော့မှ ဓာတ်ဆီမထည့်ဘူး၊ အကပ်နဲ့မောင်းတယ်၊ ကုန်ရင်သူများကားယူသွားမယ်၊ သူများက ကားလေးကိုသန့်သန့်လေးထားတာ၊အဲဒါကို သူများကားထဲ ကော်ဖီမှောက်လိုက်သေးတယ်၊ သူ့ကားကဘယ်တော့မှလည်း ဆီမရှိဘူး'
ဗျစ်တောက်ပြောရင်းဆီဆိုင်ကိုမောင်း။ ဆီဆိုင်ရောက်တော့ တစ်ရပ်ကွက်လုံးမီးမလာတာသတိရ၊ ဆီဆိုင်လည်းမီးပျက်၊ ပန့်များအလုပ်မလုပ်။ အားလို့တစ်ချက်အော်ပြီး စတီရီယာလက်ကိုင်ကို နှစ်ချက်ထု၊ နောက်ကြည့်မှန်မှ သမီးကိုလှမ်းမြင်ပြီး စိတ်ကိုလျော့ချ။
'သမီးအပြစ်မဟုတ်ဘူး၊ သမီးကိုဆူနေတာမဟုတ်ဘူးနော်'
သမီးက ခေါင်းငြိမ့်။
'တစ်မြို့လုံးမီးပျက်လို့က ဆီကမရှိနဲ့ လမ်းမှာကားရပ်သွားရင် မုန်တိုင်းကကျနေတာနဲ့ဘယ်လိုလုပ်ရမလဲ
မိုးရွာတဲ့လမ်းမဘေး ထွက်ထိုင်နေရမှာလား'
တစ်ယောက်တည်းထပ်ရေရွတ်စဉ် သမီးကပြော...
'မေ.. သမီးကျောင်းနောက်ကျနေပြီ'
'ကြိုးစားနေတယ်သမီးရေ့.. ဒီမှာအရမ်းကို ကြိုးစားနေပါတယ်.. နော်၊ မီးကမလာ၊ မင်းအဖေကားက ဆီမရှိ၊ တစ်ရက်တစ်လေကျောင်းနောက်ကျတာ ဘာမှမဖြစ်ဘူးနော်၊ သူများတိုင်းပြည်တွေခဏခဏ မီးမလာဘူး၊ အမြဲနောက်ကျတယ်၊ ဒီလိုပဲသည်းခံကြရတယ်၊ သည်းမခံလို့လည်းမရဘူးလေ၊ သည်းခံရုံအပြင်အခြားနည်းလမ်းမှ မရှိတော့ဘဲ၊ အခုတော့သိပြီမဟုတ်လား၊ မီးပျက်ရင်ဒုက္ခရောက်တာ၊ ဟိုမှာပြန်တုန်းကမီးပျက်ရင်ဘယ်လိုခံစားရလဲ'
'ပျော်တယ်မေမေ'
သမီးက မရဲတရဲဖြေ။
'အေးကောင်းတယ်၊ သိပ်ကောင်းတယ်၊ပျော်....ပျော်.. အခုမင်းအဖေဆီဖုန်းဆက်ပြီးအိမ်အောက်ချက်ချင်းဆင်းလာပြီး ကားဂိုဒေါင်တံခါး မ, ဖွင့်ပေးပါလို့ပြောပေးပါ၊ အိမ်ကိုပြန်မောင်းနေပြီလို့.. သူကလည်း ရုံးသွားဖို့ကပ်နေတာကို မထသေးဘူး'
အိမ်ပြန်မောင်း၊ ဂိုဒေါင်တံခါးအဆင့်သင့်ဖွင့်စောင့်နေသူကိုတောင်နှုတ်မဆက်နိုင်၊ဆီဆိုင်တွေအကုန်မီးပျက်လို့ဆီထည့်မရကြောင်းလှမ်းအော်ပြော၊ ကားပြောင်း၊ သမီးကျောင်းကိုတဟုန်ထိုးမောင်း၊ သမီးကိုချ၊ ရုံးကိုဆက်မောင်း၊ drive- through မှာကော်ဖီတစ်ခွက်နဲ့ ဘယ်ရီဘိန်းမုန့်အသေးတစ်လုံးဝယ်၊ကားမောင်းရင်းစား၊ ရေဒီယိုနားထောင်ရင်း ရုံးကိုအမြန်ဆက်မောင်း။
ရုံးရောက်တော့ ကွန်ပြူတာမှာထိုင်၊ လော့ကင်က ဝင်မရ၊ သက်ပြင်းမောရှုထုတ်မဆုံးခင်၊ သူငယ်ချင်းနှစ်ယောက်ဝင်လာ။
သူတို့မျက်လုံးများကိုကြည့်လိုက်တာနဲ့ ဘာပြောမည်ကိုသိနေ။
ဂွတ်တမောမနင်းနိုင်ဘဲ၊ ကွန်ပြူတာခလုပ်ကိုသဲကြီးမဲကြီးရိုက်နေ။
ဒီနိုင်ငံမှာ နေ့စဉ် ဂွတ်တမောနင်းရတာလည်း တစ်ဒုက္ခ၊ မပြီးနိုင်။
'နင်ဒီနေ့အရမ်းလှနေတယ်'
အရမ်းအလှပြင်ထားတဲ့နေ့တွေဆို လှတယ်ဘယ်သူမှမပြောဘဲ၊ စုတ်ပြတ်သပ်နေတဲ့နေ့တွေဆို လှတယ်ပြောကြပြီ။ အရမ်းနှစ်ချိုက်တဲ့ မှုန်မှိုင်းမှိုင်းအရောင်တွေဝတ်ထားတဲ့နေ့ဆို ဘယ်သူကမှဂရုမစိုက်။ ငယ်စဉ်ကတည်းကအဖြစ်များ... မုန်းတဲ့အရောင်တောက်တောက်တွေဝတ်ထားတဲ့နေ့ဆို ချီးမွမ်းထောပဏာပြုကြလေမည်။ ဆံပင်မလျှော်အား၍ ဖြစ်သလိုထုံးတင်ထားသည့်နေ့ဆိုလျှင် ကောင်လေးတွေ တိုင်နှင့်ဝင်ဆောင့်သည်။
နှစ်နာရီလောက်ကြာအောင် သေချာပြင်ထားသည့်နေ့ဆို လှည့်ကြည့်မည့်သူ နတ္ထိ။
ကိုယ်သာပဲတစ်ခုခု မှားနေတာဖြစ်မည်။ ယခုလည်း... အနားမှာရစ်သီရစ်သီ။
'အေးဟဲ့.. သူဒီနေ့တော်တော်ချောနေတယ်'
'ဆံပင်လေးတွေကလည်း လှနေတာ၊ မျက်နှာလေးကလည်းစိုလို့၊ နေပါဦး.. ဒီနေ့ အိမ်ကနေအလုပ်လုပ်မယ်ဆိုလားလို့'
အနားမှာတတွတ်တွတ်လာရွတ်နေသော မမများကို ကြည့်မရတော့။
'အေး.. ဒီနေ့ တစ်ရပ်ကွက်လုံး
မီးမလာ၊အကြီးမကလည်း ရေနွေးတစ်တိုင်ကီလုံး
ချိုးပစ်လိုက်တာ ရေနွေးလည်းမရှိတော့ဘူး၊အငယ်ကောင်ကလည်း ဝမ်းလျော၊ငါ့ကားကလည်း ဂိုဒေါင်ထဲကထုတ်မရ၊သူ့ ကားကလည်းဓာတ်ဆီမရှိ၊ဘယ်တော့မှ အပြည့်မဖြည့်ဘူးသိတယ်မို့လား'
သိတယ်ဆိုသည့်ပုံများနဲ့ခေါင်းတဆတ်ဆတ် ငြိမ့်ကြရင်း.. ငါ့ယောက်ျားလည်း ဘယ်တော့မှဆီအပြည့်မဖြည့်ဘူး၊ အမြဲအကပ်နဲ့မောင်းတယ် ဟု တစ်ယောက်ကပါဝင်ပြော။
နောက်တစ်ယောက်ကပါ.. အားကျမခံ ယောက်ျားအကြောင်း ကွန်ပလိန်းတက်ရန် ပါးစပ်ဟလိုက်သည်ကိုမြင်...
ခုချိန်.. အခြား ဘယ်ကွန်ပလိန်းသံမှမကြားလိုသဖြင့်
သူ့အပြောမစောင့်ဘဲ လက်အမြန်ကာလိုက်ပြီး....
' အဲဒီတော့ ငါ... ရေလည်းမချိုးလာဘူး၊ ခေါင်းလည်းမလျှော်လာဘူး၊အဲဒါပဲ.. သွားကြတော့'
စိတ်ထဲရှိရာပြောပစ်လိုက်သဖြင့် သူငယ်ချင်းများ ကုပ်ချောင်းချောင်းဖြင့် ထွက်သွား။
သူငယ်ချင်းများအပြင်ရောက်မှ ပိုက်ဆံအိတ်ထဲက မှန်လေးကိုထုတ်..
သူတို့ကလှသည်ဆိုသော
အမှောင်ထဲ ကရမ်လိမ်းလာသော ကိုယ့်မျက်နှာကိုယ်ကြည့်ရင်း.. တယောက်ထဲကြိတ်ပြုံးလိုက်ရင်း...
နောင်ဆိုအမှောင်ထဲပဲ ကရမ်လိမ်းတော့မည်ဟု တိတ်တိတ်လေးတွေးမိ။
ဧပရယ်၊ ၂၀၁၇

No comments:
Post a Comment