Wednesday, May 18, 2016

မိတော နှင့် လမ်းထဲက အဘိုးကြီးအဘွားကြီးလင်မယား

လမ်းထဲက အဘိုးကြီးအဘွားကြီးလင်မယားနှင့် မိတော.. 
ရောက်တတ်ရာရာစကားပြောဖြစ်။ အဘွားကြီးက မိတောကို ချစ်ပုံရ၊ အမြဲစကား လာလာပြောသည်။

မိတောတို့မြို့မှာ အိမ်စျေးတက်တဲ့အကြောင်း၊ အဓိကက ရာသီဥတုကောင်းလို့၊ အမေရိကန်လို သေနတ်မကိုင်ကြတဲ့ နေရာမို့လို့၊ ရှူခင်းတွေကောင်းလို့၊ ငွေမဲကနေငွေဖြူလျော်တဲ့ကိစ္စကြောင့်၊ တရုတ်ပြည်က သူဌေးတွေက အိမ်တွေကို အပေါ်က လေယာဉ်ပျံနဲ့ပဲ ပတ်ကြည့်ပြီး လက်ညှိုးထိုး ဝယ်သွားသည်ဆိုတာလည်း ပါသေးသည်။

ဒေါ်လာတစ်သန်းနှစ်သိန်းစျေးခေါ်ထားလျှင် တစ်သန်းနဲ့လေးသိန်းလောက် ပစ်ပေးဝယ်တာတွေ၊ ခေါ်စျေးထက်စျေးပိုရပြီး၊ အိမ်တွေလုဝယ်နေကြတဲ့ကိစ္စ.. မိတောတို့မြို့မှာ ကြောက်ခမန်းလိလိ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ အိမ်စျေးတွေ နဲ့ အရောင်းဝယ်တွေအကြောင်း၊ ဆိုင်းပုဒ်တင်တာနဲ့ ၂၄နာရီမပြည့်ခင် ရောင်းထွက်တဲ့ အကြောင်းများ။

 

မိတောနဲ့ကိုရင် အသက်၂၈/၂၉

လောက်တုန်းက ယခုနေသောရပ်ကွက်တွင် အိမ်ဝယ်ဖို့ လာကြည့်သေး သည်။ ထိုစဉ်တုန်းက ဒေါ်လာသုံးသိန်းတန်ကို မဝယ်ရဲ၍ ပြန်လှည့်ခဲ့ကြရသည်။ ထို့အပြင် ယခင်က သံပုရာသီး ရှစ်လုံးကို တစ်ဒေါ်လာ၊ ကြက်တစ်ကောင် ငါးဒေါ်လာ၊ ဆီတစ်ပုံး သုံးဒေါ်လာ၊ ဓတ်ဆီတစ်လီတာ သုံးဆယ်ဆင့်ပဲပေးရသည်၊ ဒါတောင် အပျိုတုန်းက ယူအက်စ်ဘက် ဆီဖြည့်မည်အကြောင်းပြ နယ်စပ်ဖြတ်ကာ ဖိနပ်တွေ ဝယ်နိုင်ခဲ့။

ယခုတော့ သံပုရာတစ်လုံး ၈၀ဆင့်၊ ကြက်တစ်ကောင် ဒေါ်လာ ၂၀၊ ဆီတစ်ပုံး ၁၂ဒေါ်လာ၊ ဓာတ်ဆီ တစ်လီတာ ၁.၃ဒေါ်လာခန့်.. နောက်ပိုင်းလည်း ကနေဒီယန်ငွေစျေးကျ၍

နယ်စပ်ဖြတ် စျေးမဝယ်နိုင်တော့သည့် အကြောင်းများလည်း မိတော ရင်ဖွင့်၏။

စားစရိတ်တက်တော့ အရင်လိုသိပ်မစားနိုင်တော့လည်း ကနေဒီယန်တွေ ပိန်တာကောင်းပါတယ် မိတောဆိုရာဝယ်.. သူ့ကိုယ်သူ ဝသည် ထင်ပုံရလေသော အဘွားကြီးက မျက်စိစွေကြည့့်၍ အမြန်ပါးစပ်ပိတ်ရသေး၏။ တစ်ကယ်က မိတော ကိုယ် မိတော အစားစျေးကြီးသည်ကို အကြောင်းပြကာ အစားလျှော့ချင်၍ ကိုယ့်ဘာသာပြောခြင်းဖြစ်ဖြစ်သော်လည်း.. အကြောင်း မသင့်သဖြင့် အဘွားကြီး မျက်စောင်းဒဏ်ကို ခံလိုက်ရခြင်းပင်။

အဘိုးကြီးက စျေးတွေသက်သာတုန်းက သူ့မိန်းမ ပစ္စည်းများ အရမ်းဝယ်၍ သူတို့အိမ်မှာ ပစ္စည်းများ စုပုံနေသည်ဆို။ မိတောကတော့ စာရေးစာဖတ် ဝါသနာပါသည်မို့ အိမ်ရှုပ်ပါက မတွေးနိုင် မရေးနိုင်၍ ရှင်းနိုင်သမျှရှင်းရှင်းထားကြောင်း၊ ပြောရင်း.. အရှိန်ထပ်တက်လာပြီး.. သူမ၏ ကြီးတော်လည်း ပစ္စည်းတွေစုတာများလွန်းလို့.. အကြီး ဆုံးပါးချိန်မတော့ သူမပစ္စည်းတွေကို သားသမီး တူ၊တူမများ

ရောင်းချ၊ ခွဲဝေယူကြတာတောင် မကုန်လို့ နောက်ဆုံး အမှိုက်ပုံမှာသွားပစ်ရကြောင်း၊ ပစ်ခ သယ်ယူခတင် ထောင်ချီပေးရကြောင်း ပြောမိ။ အဘိုးကြီးက အဘွားကြီးကို မင်းလည်း သတိထား.. သူ့ အကြီးလိုဖြစ်ချင်လား ဆိုသည့်ပုံနှင့် စိုက်ကြည့်သဖြင့် အဘွားကြီးက မိတောကို မျက်စောင်းပို့လွှတ်ပြန်လေသဖြင့်..

မိတောလည်း ငါမှားပြန်ပြီ ထင်မိ။

အဘိုးကြီးက..

အခုနေအိမ်ရောင်းပြီး ယူအက်စ်ဘက်ပြောင်းနေရင် ဟိုမှာအိမ်စျေးသက်သာမယ်၊ ခုလိုတွေဖြစ်မယ်မှန်းသိ.. အိမ် သုံးလေးလုံးလောက်ဝယ်ထားမိရင် အကောင်းသားလို့ ပြောသည်။

တစ်ကယ်တော့...

လောဘမကြီးတာ အကောင်းဆုံးပါ....ဟု..

အဘိုးကြီး အဘွားကြီးကို မိတောပြောရာဝယ်..

အဘိုးကြီးက ခေါင်းတငြိမ့်ငြိမ့်နှင့် ..

မင်းပြောတာသိပ်မှန်တယ် ဟု ဆိုသည်။

ထို့နောက်.. အဘိုးကြီးက လေးလေးကြီး ဆက်ပြောပြီး ခေါင်းငိုက်စိုက်ချကာ ထွက်သွားလေတော့သည်...။

ငါ့ကိုသာ ကြည့်ပါ...

ငါဟာ အခြားယောက်ျားတွေလို လောဘမကြီးဘူး။

ငါ့မှာ...

ကားလည်း တစ်စင်း ထဲပဲ..

အိမ်လေးလည်း တစ်လုံး..ပဲ..

အေး.... ငါ့မှာလေ..

မိန်းမလည်း တစ်ယောက်တည်း ပါပဲကွာ... ။

No comments:

Post a Comment