Wednesday, February 25, 2026

တနေရာ

 

တစ်ခါတလေတော့လည်း
အနာဂတ်တွေ...
ကိန်းဂဏန်းတွေ
ဘဝအစစ်အမှန်တွေ ကြားထဲက
အချစ်အတွက် ရူးသွပ်ကြတဲ့
လူငယ်တွေရဲ့ စာကဗျာတွေကြား
ပြန်လည်နစ်မြုပ်ချင်မိသေးတာ...
အခုချိန်မှာ
အချစ်ရဲ့ကဗျာတစ်ပုဒ်ကို
လူမသိ သူမသိ
ခပ်တိုးတိုးလေးသာ
ရင်ခုန်ရင်း.....
အိုမင်းကြမ်းရှလာနေတဲ့
နေ့ရက်တွေကို ငေးကြည့်ရင်း...
ကိုယ့်နှလုံးသားလေးကို
မွမ်းမံရင်း....
အတ္တတွေကို ခဝါချရင်း.....
အတိတ်နဲ့ အနာဂတ်ကြားထဲ
သက်ပြင်းရှိုက်စရာ တနေရာ
ရှာနေရင်းပေါ့ကွယ်....

Thursday, October 9, 2025

ဖက်စကလပ်

 


လေယာဉ် ဖက်စကလပ်၊ ဘိစနက်ကလပ် တို့ကို အရေးကြုံလွန်း မဖြစ်နိုင်လွန်းမှ ဝယ်စီးသူ
မိမိသည် ဥပမာအားဖြင့် $2500 သက်သာလည်း
မနည်းဘူး ယူဆ၏။
သူဌေးသူကြွယ်လည်း မဟုတ်။
ကိုယ့်ပညာနှင့်ကိုယ် သူများနိုင်ငံတွင်
လုပ်ကိုင်စားနေသူဖြစ်သည်။
သို့ဖြစ်၍
သင်ခဲ့သော အခြေခံပညာနှင့်
သင်ပေးလိုက်သော
ကိုယ့်ပြည်ကိုယ့်ရွာမှ
ဆရာ/ဆရာမ များအားလုံးကိုလည်း
အမြဲဂါရဝ ထားသည်။
ဤသည်ကား စကားချပ်။
လွန်ခဲ့သော ၁၀နှစ်ခန့်က
ရန်ကုန်မှ ကနေဒါသို့
အမြန်ပြန်လာရဖို့ အကြောင်းဖန်လာ၍
ရရာ လေယာဉ်လက်မှတ်နှင့်
ကနေဒါသို့ (ထရန်စစ်တိုင်းပြည်မှ တဆင့်) ပြန်လာရ၏။
အီိခေါနမီ လက်မှတ်သည် ပြန်ချင်သည့်နေ့တွင်
ကုန်နေလေ၏။ ရုံးသို့လည်း အမှီပြန်ရမည်။
အလုပ် အပြုတ်ခံ၍ မဖြစ်တော့။

Saturday, October 4, 2025

Pharisaics

 


"ခင်ဗျား ကဗျာမစပ်ပါနဲ့" တဲ့လား

ကျမရဲ့ ကဗျာတွေက
မျက်နှာ စာမျက်နှာတွေပေါ်က
ရန်ပွဲတွေလောက်
ဆွဲဆောင်မှု မကောင်းလို့လား အချစ်ရဲ့
 
ရွက်ကြွေတောတွေအောက်က
ပုပ်သိုးနေတဲ့ ရှဥ့်တစ်ကောင်လောက်တောင်
ဘဝကူး မကောင်းဘူးလို့
နက်ပြာရောင်ဘယ်ရီသီးတွေပေကျံနေတဲ့
ယုန်ပေါက်လေးတစ်ကောင်
ရယ်မောသံကို ကြားမိရဲ့ မဟုတ်လား။
 
တိမ်တွေလည်း ပြိုကုန်ပြီ
ပန်းတွေလည်း ခေါင်းမထူနိုင်တော့ဘူး
မိုးပေါက်တွေကြောင့်
ဇကာပေါက်ဖြစ်ကုန်တဲ့ ကန်ရေပြင်မှာ
လယ်ဗျိုင်းတစ်ကောင်
မစင်စွန့်ဖို့ အပြင်းအထန် ကြိုးစားနေတာကော
မြင်မိကြပါရဲ့လား။
 
 

Thursday, September 25, 2025

"မေတ္တာ"

 

အလိုလိုကြွေကျလာဖို့
တံချူဘေးထားပြီး
မျှော်လင့်နေတတ်သူဟာ
ပန်းကလေးအကျနာသွားမလား
ပူပန်မှုများစွာ...။
  
စကားဝှက်လဲသိတယ်
မြေပုံလဲရှိတယ်
သူ့အလိုလို
တံခါးတွေပွင့်ဖို့
ရပ်စောင့်နေမိသူပါ....။
 
တံခါးလေးပွင့်ဟလာသလို
ပန်းကလေးလှုပ်ခတ်သွားသလို
ထင်ယောင်မြင်ယောင်ရင်း
ယုံကြည်ချက်
လေပေါင်ဖြည့်ရ....။
 
ပန်းကလေးရေ
တံခါးလေးရေ
လမ်းကလေးရေ....။
 
အလိုမတူပဲ
ဆံချည်တမျှင်တောင်
မပိုင်လိုခဲ့ပါဘူး.....။
 
မနက်ခင်းတိုင်းကို
ပန်းကလေးခုန်ဆင်းလာမလား
Jazz တေးသွားနဲ့နိုးထ....။
 
ပြီးတော့
ပန်းအိုးလှလှလေးတခုမရှိကြောင်း
ငိုချင်းနဲ့ အိပ်ယာဝင်တယ်....။
 
မျှော်လင့်ချက်အကူနဲ့
အသက်လုနေရ
မနက်ဖြန်များပါပဲ...။
 



Sunday, September 7, 2025

ငါးမျှားခြင်း

 


ငါးမျှားတယ်ဆိုတာ..
 ကိုယ့်အတွက်ကတော့

ငါးရဖို့ဆိုတာထက်
လှေလေးတစ်စင်းနဲ့
လူသူကင်းမဲ့တဲ့ ရေကန်ထဲမှာ
အတွေးနယ်ချဲ့ခြင်းပါပဲ။
 
ကိုယ်က ငါးလည်း မယ်မယ်ရရ မမျှားဖူးသလို
ဘဝမှာ ငါးတစ်ကောင်မှလည်း မရဖူးပါဘူး။
 
 
 
ငါးရခဲ့ရင်လည်း အဲဒီငါးကို အိမ်ကိုဘယ်လို
သယ်သွားရမလဲဆိုတာ
သိသူလည်း မဟုတ်လို့
ငါးမျှားရင်းနဲ့ ငါး မရပါစေနဲ့....လို့
ဆုတောင်း နေတတ်သူ လူတစ်ယောက်ဆိုရင်လည်း မမှားဘူးပေါ့။
ညနေခင်းနေဝင်ရီတရော
ငှက်တွေ အိပ်တန်းပျံချိန်မျိုးမှာ
ငါးမျှားသူ တစ်ယောက်ယောက်က
ငါးမျှားတံကြိုးကို
ရေထဲ အဝေးကြီး လွှဲလို့ ပစ်လိုက်တဲ့ ပုံစံကတော့
တော်တော်လှတဲ့
က ကွက်လေး တစ်ခုလိုပါပဲ။
အဲလိုရှုခင်းကို မြင် နေရတာကိုက
ဘဲလေး ကချေသည် တစ်ဦးကို
ငေးကြည့်နေ ရသလိုပါပဲ။